82

သဘောပေါက်အောင် လုပ်ရန်နည်း (အပိုင်း – ၄)

သဘောပေါက်အောင် လုပ်ရန်နည်း (အပိုင်း – ၄)
နှစ်ပေါင်းအတော်ကြာလောက်က အနောက်မြောက် မစ်ဒူရီ ပြည်နယ်တွင် ကျွန်ုပ်သည် ဆင်းရဲပင်ပန်းစွာ ဖိနပ်မပါဘဲ တောလမ်းကလေးကို ဖြတ်၍ ကျောင်းတက်ရစဉ်အခါ တစ်နေ့တွင် နေနတ်သားနှင့် လေနတ်သား တန်ခိုးပြိုင်ကြသည့် ဒဏ္ဍာရီတစ်ခုကို ဖတ်ခဲ့ဖူး၏။ ဘယ်သူက ပို၍ တန်ခိုးကြီးသနည်းဟု အစွမ်းပြိုင်ကြရာ လေနတ်သားက ‘ကျွန်ုပ်သည် အသင့်ထက်ပို၍ တန်ခိုးကြီးကြောင်းကို ပြမည်၊ ဟောဟိုက အပေါ်အင်္ကျီဝတ်ပြီး လမ်းလျှောက်လာတဲ့ လူတစ်ယောက်ကို မြင်တယ်မဟုတ်လား၊ သူ့အင်္ကျီကို ချွတ်ပစ်အောင် အသင့်ထက်မြန်အောင် လုပ်ပြမယ်’ ဟု ပြောလေသည်။

ထို့ကြောင့် နေနတ်သားသည် တိမ်ကြားတွင် အသာကွယ်၍နေရာ လေနတ်သားသည် လေပြင်းမုန်တိုင်း ကျလုမတတ် တိုက်ခတ်၏။ သို့ရာတွင် လေအတိုက် ပြင်းလာလေလေ ဝတ်ထားသောအင်္ကျီကို ထိုယောက်ျားသည် ဆွဲစေ့လေလေ ဖြစ်၏။ နောက်ဆုံးတွင် လေနတ်သားသည် လက်လျှော့လိုက်ရ၏။ ထိုအခါ နေနတ်သားသည် တိမ်တိုက်ကြားမှ ထွက်လာပြီးလျှင် ထိုလုလင်အပေါ်သို့ တဖြည်းဖြည်း ပူစပျိုးလာ၏။ လုလင်လည်း သူ၏နဖူးမှ ချွေးများကို သုတ်၍ သူ၏အင်္ကျီကို ဆွဲချွတ်ပစ်လိုက်၏။  ထိုအခါမှ ‘အဆွေ လေနတ်သား ဒေါသထက် မေတ္တာသည် တန်ခိုးပို၍ ကြီးပေသည်’ ဟူ၍ နေနတ်သားက လနတ်သားကို ပြောပြဖူး၏။

အထက်ပါဒဏ္ဍာရီလေးကို ဖတ်ရသည့် အချိန်အခါလောက်က ထိုဒဏ္ဍာရီတွင်ပါသော ဆုံးမစကား၏ မှန်ကန်ခြင်းကို ဘော်စတန်မြို့တွင် ဖြစ်ပျက်သောအခြင်းအရာတစ်ခုက သက်သေခံလျက်ရှိလေသည်။ ဒေါက်တာအေအိပ်ဗီဆိုတာ ဆရာဝန်တစ်ဦးသည် ဘော်စတန်မြို့တွင် ဆေးကုစားလျက် ရှိလေသည်။ ထိုဆရာဝန်သည် အထက်ပါဒဏ္ဍာရီလေးကို ကျွန်ုပ် ဖတ်ကြားရသည့်အချိန်မှ နှစ်ပေါင်းသုံးဆယ်မျှကြာသောအခါ ကျွနု်ပ်၏တပည့်အရင်းတစ်ယောက် ဖြစ်လာလေသည်။ ထိုစဉ်အခါက သူ့အဖြစ်အပျက်ကို အောက်ပါအတိုင်း ကျွန်ုပ်၏ အတန်းထဲတွင် သူကိုယ်တိုင် ပြောပြဖူးလေသည်။

ထိုအခါက ဗော်စတန်မြို့ရှိ သတင်းစာများထဲတွင် ပဋ္ဋိသန္ဓေကို ကျနစွာ ဖျက်ဆီးပေးနိုင်သည်ဆိုသော ကြော်ငြာများ အားတိုးဆေး ဟု အမည်တပ်၍ထားသော ဆေးတုဆေးယောင်ကြော်ငြာများနှင့် ဆေးဆရာအတုယောင်များ၏ ကြော်ငြာများနှင့် ပြည့်နှက်လျက် ရှိပါလေသည်။ ယောက်ျားများနှင့် သက်ဆိုင်သော ရောဂါများကို ကုသပေးနိုင်သည်ဟု ကြော်ငြာပြီးလျှင် စင်စစ်မှာကား မည်သည့်ရောဂါကိုမျှ ကုမပေးနိုင်ဘဲ ဝေဒနာရှင်များကို ‘ခင်ဗျားတို့ ယောက်ျားဘဝ တုံးခါနီးနေပြီ၊ နည်းနည်းကလေး လိုတော့တယ်’ အစရှိသော စကားလုံးတို့ဖြင့် ခြောက်လှန့်ပြီးလျှင် ငွေကိုသာ အရအမိ ညှစ်ယူလေ့ရှိကြလေသည်။ ထိုဆေးဆရာတု ဆေးဆရာယောင်များထံသို့ သွား၍ ဆေးကိုကုမိကာမှ ရောဂါမပျောက်သည့်အပြင် ‘ငါတော့ ယောက်ျားဘဝ တုံးတော့မှာပဲ’ ဟူ၍ စိတ္တဇရောဂါပင် ထပ်မံတိုးလာပြန်လေသည်။ ပဋ္ဋိသန္ဓေကိုကျနစွာ ဖျက်ဆီးပေးနိုင်သောကြောင့် သူတို့လက်ထဲတွင် မိန်းမပေါင်း မြောက်မြားစွာ သေကြေပျက်စီးကြလေသည်။ ထိုသို့ ပြုမိသည့်အတွက် အချို့ဆရာတုဆရာယောင်များမှာမူကား ဒဏ်ငွေအနည်းငယ် ဆောင်၍သော်လည်းကောင်း၊ သြဇာရှိသော နိုင်ငံရေးသမားတို့၏ အကူအညီအားဖြင့်သော်လည်းကောင်း အပြစ်မှ ချမ်းသာရာ ရကြလေသည်။

ထိုဆရာတု ဆရာယောင်များနှင့် ဆေးအတုများကို ရောင်းသောသူများ၏ သရမ်းပုံတို့မှာ တစ်နေ့တခြား ဆိုးရွားလာသည် ဖြစ်သောကြောင့် ဘော်စတန်မြို့ရှိ လူကြီးလူကောင်းများသည် ထ၍ အကြီးအကျယ် ဆူပူကန့်ကွက်ကြ၏။ တရားဟောဆရာများကလည်း စင်မြင့်မှနေ၍ သတင်းစာဆရာများကို ပြစ်တင်ရှုတ်ချကြ၏။ မြို့ရေးရွာရေးကို ဆောင်ရွက်ကြသော အသင်းများ၊ ကုန်သည်ကြီးငယ်များ၊ ကုမ္မာရီအသင်းများ၊ ရဟန်းများ၊ တက်လူများ၏ အသင်းများသည် တညီတညွတ်တည်း ဝိုင်း၍ ဆူပူကန့်ကွက်ကြ၏။ သို့ရာတွင် သူတို့၏ ဆူပူမှုသည် အချည်းနှီးမျှသာ ဖြစ်လေသည်။ ဤကြော်ငြာမျိုးကို မတရားကြော်ငြာအဖြစ်ဖြင့် ပိတ်ပင်ပေးရန် ကြိုးစားကြသော်လည်း ငွေမျက်နှာလိုက်သော အမတ်များပယောဂကြောင့် ထိုကြိုးစားချက်သည်လည်း အလဟဿ ဖြစ်ခဲ့ရ၏။

ထိုအချိန်အခါက ဆရာဝန်ဗီသည် မဟာဘော်စတန် ခရစ်ယာန်ကြီးပွားရေးအသင်း၏ မြို့သားကောင်းအဖွဲ့မှ နာယကလူကြီး ဖြစ်လေသည်။ ထိုအဖွဲ့ကလည်း အထက်ပါနည်းတူ ဝိုင်းဝန်းကန့်ကွက်ခဲ့၏။ သို့သော်လည်း ဘာမျှ မထူးခြားချေ။ ထို့ကြောင့် ထိုမသူတော်များကို နှိမ်နင်းရန်ကိစ္စမှာ မျှော်လင့်ချက်နှင့် လုံးဝကင်းရတော့မည့်အခြေသို့ ရောက်ခဲ့လေသည်။

တစ်ညတွင် သန်းခေါင်ကျော်ကျော်တွင် ဒေါက်တာဗီသည် ရှေးအခါက ဘော်စတန်မြို့ရှိ မည်သူတစ်ဦးတစ်ယောက်မျှ မစဉ်းစားခဲ့ဘူးသော နည်းတစ်ခုကို တွေးမိသည့်အတိုင်း ဆောင်ရွက်ရန် ကြိုးစား၏။ သူ၏နည်းမှာ ဒေါသနှင့် ဆူပူကန့်ကွက်သော နည်းမျိုးမဟုတ်။ ဖျောင်းဖျပြောဆိုနည်းပင် ဖြစ်လေသည်။ သူ၏နည်းမှာ သတင်းစာပိုင်ရှင်များကိုယ်တိုင်က အဆိုပါကြော်ငြာမျိုးကို ဖြုတ်ပစ်ချင်လောက်အောင် လုပ်သောနည်းပင် ဖြစ်လေသည်။ ထို့ကြောင့် ဆရာဝန်ဗီသည် ‘ဘော်စတန်ဟာရယ်’ သတင်းစာပိုင်ရှင်ထံသို့ စာတစ်စောင် ရေးလေသည်။ ထိုစာထဲတွင် ‘ဘော်စတန်ဟာရယ်’ သတင်းစာကို ဆရာဝန်သည် မည်မျှအထင်ကြီးကြောင်း၊ ထိုသတင်းစာကို သူကိုယ်တိုင် အမြဲတမ်းဖတ်ကြောင်း၊ ထိုသတင်းစာတွင်ပါသော သတင်းများသည် မည်မျှအပြစ်ကင်းကြောင်း၊ ခေါင်းကြီးပိုင်းသည်လည်း အလွန်ကောင်းကြောင်း၊ မိသားစုတစ်စုဖတ်ရန်အတွက် အဖိုးမဖြတ်နိုင်အောင် ကောင်းကြောင်း၊ သူ့သဘောအရဆိုလျှင် ထိုသတင်းစာသည် နယူးအင်္ဂလန်ပြည်တွင် အကောင်းဆုံးသတင်းစာဖြစ်၍ အမေရိကန်တစ်ပြည်လုံးရှိ သတင်းစာကောင်းများတွင် တစ်စောင်အပါအဝင် ဖြစ်သည်ဟု အထင်ရှိကြောင်း အစရှိသည်တို့ကို ရေးသားပြီးနောက် ဆက်လက်၍ ရေးသားသည်မှာ အောက်ပါအတိုင်းဖြစ်လေသည်။

သို့ရာတွင် ကျွန်တော်၏ သူငယ်ချင်းတစ်ဦးမှာ သမီးငယ်တစ်ယောက်ရှိပါသည်။ လွန်ခဲ့သောညက သူ၏သမီးကလေးသည် ပဋ္ဋိသန္ဓေဖျက်ပေးမည်ဟူသော အဆွေ၏ သတင်းစာထဲမှ ကြော်ငြာတစ်စောင်ကို သူ့အား ကျယ်လောင်စွာ ဖတ်ပြပြီးလျှင် ထိုကြော်ငြာစာထဲတွင် ပါသော အချို့စကားလုံးများ၏ အဓိပ္ပာယ်ကို မေးသည်ဟု ကျွန်တော်အား ပြန်ပြောပါသည်။ ထိုသို့မေးသောအခါ ဖခင်ဖြစ်သူ ကျွန်တော်၏သူငယ်ချင်းမှာ အတော်ပင် မျက်နှာထားခက်ပြီးလျှင် အနေရအထိုင်ရကျပ်သွားပါသည်။ သူ့သမီးကို မည်ကဲ့သို့ ပြန်၍ဖြေရမှန်း မသိရှာပါ။ အဆွေ၏သတင်းစာကို ဘော်စတန်မြို့ရှိ လူကုံထံများ၏ အိမ်တိုင်းတွင် ဖတ်ကြပါသည်။ အကယ်၍ ကျွန်တော့် သူငယ်ချင်း၏ အိမ်တွင် အထက်ပါအခြင်းအရာမျိုး ဖြစ်ပျက်ခဲ့ပါလျှင် အခြားသောလူကုံထံများ၏အိမ်တွင်လည်း ဤကဲ့သို့ပင် ဖြစ်တန်ကောင်းသည် မဟုတ်ပါလော။ အဆွေ့တွင်လည်း အကယ်၍ သမီးကလေးတစ်ယောက် ရှိခဲ့ပါလျှင် ဤလိုကြော်ငြာမျိုးကို ဖတ်ကြားရန် အဆွေသည် ခွင့်ပြုနိုင်ပါမည်လား။ အကယ်၍ အဆွေ၏သမီးကလေးသည် ဖတ်မိသောကြောင့် အဆွေအား ထိုကြော်ငြာများ၏ အကြောင်းကို အထက်ပါနည်းအတိုင်း မေးခဲ့သည်ရှိသော် အဆွေသည် မည်ကဲ့သို့ ပြန်၍ဖြေဆိုပါမည်လော။

‘အခြားအဖက်ဖက်တွင် ပြည့်စုံပြီးဖြစ်သော ဤကဲ့သို့ သတင်းစာကောင်းတစ်စောင်တွင် ဖခင်များကိုယ်တိုင်က သမီးများ ကောက်ယူ၍ ဖတ်မည်ကို တထိတ်ထိတ်နှင့် ဖြစ်နေရသော ထိုကြော်ငြာမျိုး ပါရှိနေသည့်အတွက် ကျွန်တော် ဝမ်းနည်းပါသည်။ အဆွေ၏သတင်းစာကို ဖတ်သည့် အခြားသူများကလည်း ယခုကဲ့သို့ ကျွန်တော် စိတ်မချမ်းမမြေ့ခြင်း ဖြစ်ရသလို ဖြစ်ကြလိမ့်မည်ဟုဆိုလျှင် မှားနိုင်ပါမည်လော’ အစရှိသည်ဖြင့် ရေးသားပြီးလျှင် ထိုစာကို ပို့လိုက်၏။

နောက်နှစ်ရက်ကြာသောအခါ ‘ဘော်စတန်ဟာရယ်’ သတင်းစာပိုင်ရှင်ထံမှ ဆရာဝန်ဗီထံသို့ စာတစ်စောင် လာလေသည်။ ဆရာဝန်သည် ထိုစာကို နှစ်ပေါင်းသုံးဆယ်လောက် ကောင်းစွာသိမ်းထားပြီးနောက် ကျွန်ုပ်၏အတန်းသားတစ်ဦး ဖြစ်လာသောအခါ ကျွန်ုပ်အား ထိုစာကိုပေး၏။ ထိုစာ၏ ရက်စွဲမှာ ၁၉၀၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက် ဖြစ်လေသည်။

အေ-အိပ်-ဗီ၊ အမ်-ဒီ
ဗော်စတန်၊ မက်စ်
အဆွေခင်ဗျား

စာတည်းထံသို့ ၁၁ ရက် နေ့စွဲနှင့် ပေးပို့လိုက်သော စာအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ထိုစာထဲတွင် ပါရှိသောကိစ္စနှင့် စပ်လျဉ်း၍ ကျွန်တော်လည်း စဉ်းစားလျက်ရှိရာ ထိုစာကို ရသောအခါတွင်မှ မည်သို့မည်ပုံ လုပ်ရမည်ကို သန္နိဌာန် ချဖြစ်ပါတော့သည်။

ယခု တနင်္လာနေ့က အစပြု၍ ‘ဘော်စတန်ဟာရယ်’ သတင်းစာထဲမှ ညစ်ညမ်းသောစာပေများကို လုံးလုံးလျားလျား ဖြုတ်ပစ်လိုက်ပါတော့မည်။

ယခုအချိန်အခါတွင် တစ်ခါတည်း မဖြုတ်ပစ်နိုင်သေးသော ဆေးကြော်ငြာများကိုလည်း မောင်နှင့်နှမ၊ သားနှင့်အမိ ဖတ်ရှုနိုင်အောင် ကောင်းစွာပြုပြင်၍ ထည့်သွင်းပေးပါမည်။ ဤကိစ္စတွင် အကူအညီပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း။

ဒဗလျူ အီး ဟက်စကယ်
ထုတ်ဝေသူ

အီဆော့သည် ယေရှုခရစ်မမွေးမီ နှစ်ပေါင်း ၆၀၀ လောက်က ကရိုးဆပ် ဘုရင်၏နန်းတော်တွင် ခစားရသော ဂရိ ငွေဝယ်ကျွန်တစ်ဦးဖြစ်၍ ကမ္ဘာတည်မည့် ဒဏ္ဍာရီများကို ရေးသားခဲ့ဖူးလေသည်။ နှစ်ပေါင်း ၂၅၀၀ လောက်က အေသင်မြို့တော်တွင် လူ့သဘောနှင့် စပ်လျဉ်း၍ သူရေးခဲ့သော ဒဏ္ဍာရီတို့သည် ယခုအချိန်အထိ မည်သည့်နေရာတွင်မဆို မှန်ကန်လျက် ရှိလေသည်။ လေနတ်သားထက် နေနတ်သားသည် သင်၏အင်္ကျီကို ပို၍လျင်မြန်အောင် ချွတ်ပစ်စေနိုင်သည်။

ညှာတာခြင်း၊ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခြင်းနှင့် ချီးမွမ်းထောပနာပြုခြင်းတို့သည် လူတစ်ယောက်၏ စိတ်ဓာတ်ကို ပြောင်းအောင်လုပ်ရာတွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သော နိုင်ငံများ အားလုံးရှိ လူအပေါင်း ဝိုင်း၍ ဆူပူကန့်ကွက်ကြခြင်းထက် အရေးပါလေသည်။

‘ပျားရည်တစ်စက်သည် မုတ်ခါးရည် တစ်ဂါလံထက် ယင်ကောင်များကို ပိုပြီးဖမ်းနိုင်သည်’ ဟူသော လင်ကွန်း၏ စကားကို မမေ့ပါလေနှင့်။

သဘောပေါက်အောင် လုပ်ရန်နည်း (အပိုင်း – ၄)

သင့်ဘက်သို့ပါအောင် တစ်ဖက်သားကို ဆွဲယူချင်ပါလျှင် ‘ချိုချိုသာသာနှင့် စပါ’

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts