86

တစ်ဖက်သား အကူအညီရစေသောနည်း (အပိုင်း – ၁)

တစ်ဖက်သား အကူအညီရစေသောနည်း (အပိုင်း – ၁)
သင့်ကို အကြံအစည်ပေးသောသူသည် မည်မျှပင် ကြီးကျယ်သောသူ ဖြစ်စေကာမူ သင်သည် သူတစ်ထူးထံမှ ရရှိသော အကြံအစည်ထက် ကိုယ့်ကိုယ်ပိုင်အကြံအစည်ကို ပို၍ ယုံကြည်သည် မဟုတ်ပါလော။ ဤစကားမှန်လျှင် သင့်အကြံအစည် အယူအဆများကို ယုံကြည်ရန် တစ်ဖက်သားအား အတင်းအကျပ်တိုက်တွန်းခြင်းသည် သင်၏မှားယွင်းခြင်းတစ်ရပ် မဟုတ်တုံလော။ ထို့ကြောင့် အတင်းအကျပ် တိုက်တွန်းမည့်အစား အကြံပေးရုံသာ ပေး၍ မိမိတို့ဘက်သို့ရောက်အောင် တစ်ဖက်သားကိုယ်တိုင် တွေးယူစေလျှင် သာ၍ မကောင်းပေဘူးလား။

အထက်ပါစကားကို သာဓကတစ်ခုဖြင့် ရှင်းပြပါအံ့။ ဖီလဒယ်ဖီးယားနယ်မှ မစ္စတာအဒေါ့ဆဲ့ဇ် ဆိုသူ ကျွန်ုပ်၏တပည့်တစ်ယောက်သည် စိတ်အပျက်ကြီးပျက်၍ ဖရိုဖရဲ ဖြစ်နေသော မော်တော်ကားရောင်းသမားတို့အား စိတ်ဓာတ်တက်ကြွလာအောင် ပြောဟောရန် အလုပ်တစ်ခုနှင့် ပက်ပင်းတွေ့လျက် ရှိ၏။ ထို့ကြောင့် မစ္စတာဆဲ့လဇ်သည် အခြားဘာစကားကိုမျှ မပြောသေးဘဲ ‘ကဲ ခင်ဗျားတို့ကို ကျုပ် ဘာလုပ်ပေးစေချင်သလဲ’ ဟု မော်တော်ကား အရောင်းသမားတို့အား ရှေးဦးစွာ မေး၏။ သူတို့လည်း မစ္စတာဆဲ့လဇ်ထံမှ သူတို့အလိုရှိသော အရာများကို တစ်ယောက်စီ ပြောကြ၏။ သူတို့ ပြောသောအချက်များကို မစ္စတာဆဲ့လဇ်သည် ကျောက်သင်ပုန်းကြီးပေါ်တွင် ရေးထား၏။ ထို့နောက်တစ်ဖန် ‘ကဲ ကျုပ်ဆီက ခင်ဗျားတို့လိုချင်တာကို ပြောပြီးပြီ၊ ဒါတွေကို ကျွန်တော်က ပေးရရင် ခင်ဗျားတို့ဆီက ကျွန်တော် ဘာပြန်ရသင့်သည်ကို ခင်ဗျားတို့ကိုယ်တိုင်ပဲ ပြောပေတော့’ ဟု ပြောလိုက်ရာ

‘သစ္စာရှိရမည်၊ ရိုးသားရမည်၊ ရှေ့ဆောင်နိုင်ရမည်၊ အကောင်းဘက်ကို ကြည့်နိုင်ရမည်၊ အလုပ်သမားချင်း ညီညွတ်ရမည်၊ တစ်နေ့ကို ၈ နာရီကျ စိတ်ပါလက်ပါ အလုပ်လုပ်ရမည် အစရှိသည်ဖြင့် တစ်ယောက်တစ်မျိုးစီ လျင်မြန်စွာဖြေကြသည်။ တစ်ယောက်သောသူက တစ်နေ့လျှင် ၁၄ နာရီ အထိ အလုပ်လုပ်ရပါမည်ဟူ၍ ကတိပေး၏။ ထိုအစည်းအဝေးပြီးဆုံးသောအခါ သူတို့သည် စိတ်အားအတော်တက်ကြွလာသောကြောင့် မော်တော်ကားများမှာ ရှေးကထက်တိုး၍ ရောင်းရသည်ဟု မစ္စတာဆဲ့လဇ်ကိုယ်တိုင်က ကျွန်ုပ်တို့အား ပြောပြဖူးလေသည်။ ဘာလုပ်ရမည်ဟု အခြားသူတစ်ဦးတစ်ယောက်က သြဇာပေးခြင်းကိုလည်းကောင်း၊ အခြားသူတစ်ဦးဦးက ဝယ်ပါဟု တိုက်တွန်းသောကြောင့် ဝယ်ရခြင်းကိုလည်းကောင်း မည်သူမျှ မနှစ်သက်ကြချေ။ ကျွန်ုပ်တို့ကိုယ်တိုင် ကြိုက်သောကြောင့် ဝယ်ယူရခြင်းကိုလည်းကောင်း၊ ကျွန်ုပ်တို့ကိုယ်တိုင် သဘောကျ၍ အလုပ်လုပ်ရခြင်းကိုလည်းကောင်း ကျွန်ုပ်တို့သည် ပိုမိုနှစ်ခြိုက်ကြ၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဆန္ဒများ၊ ကျွန်ုပ်တို့၏ အလိုရှိသောအရာများ၊ ကျွန်ုပ်တို့၏ စိတ်ကူးဉာဏ်များနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ထံမှ တစ်ဖက်သားတို့ လာရောက်တောင်းယူခြင်းကို ကျွန်ုပ်တို့သည် နှစ်ခြိုက်ကြ၏။

ယူဂျင် ဝက်ဆန် ဆိုသူ၏ အတ္ထုပ္ပတ္တိကို ကြည့်ကြစို့။ အထက်ပါစကားမှန်ကြောင်းကို မသိရသေးမီက သူ ရရန်ရှိသည့် ထောင်ပေါင်းများစွာသော ပွဲခတို့ကို လက်လွတ်ခဲ့လေသည်။ ဂိုက်ထုတ်ချင်သောသူများနှင့် အထည်အလိပ်လုပ်သော သူများ အသုံးပြုရန်အတွက် အဆင်ဆန်းများကို လုပ်ပေးရသော အလုပ်ရုံသို့ သူသည် ပုံစံများကို သွင်းရ၏။ နယူးယောက်မြို့ရှိ အဝတ်အစားတွင် ဂိုက်အပေးဆုံးထဲတွင် တစ်ယောက်အပါအဝင် အဖြစ်သော ပုဂ္ဂိုလ်တစ်ဦးထံသို့ တနင်္ဂနွေတစ်ပတ်လျှင် တစ်ကြိမ်ကျ သုံးနှစ်တိုင်တိုင် ရောက်ခဲ့၏။ သူရောက်တိုင်း သူ့ကို မတွေ့လိုဟု ထိုသူသည် ဘယ်အခါမျှ မငြင်းဆန်ခဲ့ပေ။ သို့ရာတွင် မည်သည့်အခါမျှလည်း သူ့ထံက မဝယ်လိုက်။ သူ့ပုံစံများကို သေချာစွာကြည့်ရှုပြီးလျှင်

‘ဝက်ဆန်၊ ကနေ့ တို့ စိတ်သဘောချင်း မတိုက်ဆိုင်သေးဘူး’ ဟူ၍သာ ပြော၍လွှတ်လိုက်၏။ အကြိမ်ပေါင်း ၁၅၀ လောက် အရေးနိမ့်ခဲ့ပြီးနောက် မိမိတို့၏စိတ်ဓာတ်မှာ မလန်းဆန်းတော့ပြီဖြစ်ကြောင်း သိရ၏။ ထို့ကြောင့် လူတို့၏သဘောထားကို နားလည်အောင် သင်ကြားပေးသောအတန်းကို တနင်္ဂနွေတစ်ပတ်လျှင် တစ်ကြိမ်ကျ တက်ရောက်ရန်နှင့် အကြံသစ်များကို ရရှိအောင် ကြိုးစားရန် သန္နိဋ္ဌာန်ချလိုက်၏။

မကြာမြင့်မီ ထိုသူ့အပေါ်တွင် နည်းတစ်နည်းကို စမ်းရန် အကြံသစ်ပေါ်လာ၏။ တစ်ပိုင်းတစ်စသာ ပြီးသေးသော ပုံစံခြောက်ခုကို ကောက်ယူပြီးလျှင် အဆိုပါလူ၏ အလုပ်တိုက်သို့ သွားလေသည်။ ဝက်ဆန်။ ‘တတ်နိုင်လျှင် အနည်းငယ်လောက် ကျေးဇူးပြုစေချင်ပါတယ်၊ ဒီပုံစံတွေဟာ တစ်ပိုင်းတစ်စသာ ပြီးပါသေးတယ်၊ ဘယ်လိုအပြီးသတ်လိုက်ရင်ဖြင့် ဆရာ့အကြိုက်ကျမယ်ဆိုတာကို တစ်ဆိတ်လောက် ကျေးဇူးပြုပြီး ပြောစေချင်ပါတယ်’

ဝယ်မည်သူ။ (စကားမပြောသေးဘဲ ပုံစံများကို အတော်ကြာစွာ ကြည့်ပြီးနောက်) ‘ဝက်ဆန်၊ မင့်ပုံစံတွေကို လေးငါးရက်လောက် ငါနဲ့ထားခဲ့၊ နောက်တစ်ခါ ငါနဲ့ ပြန်ပြီးတွေ့ဦး’ ဝက်ဆန်သည် နောက်သုံးရက်ကြာသောအခါ ထိုလူ့ထံသို့သွားရာ ထိုလူသည် သူအလိုရှိသောအရာများကို ပြောပြ၏။ ထို့နောက် ထိုပုံစံများကို ပြန်ယူသွားပြီးလျှင် ထိုသူ အလိုရှိအတိုင်း ပုံစံများကို ဆွဲပေးလိုက်၏။ အဲဒီအခါ ဘာဖြစ်သွားသလဲ ပုံစံအားလုံးကို ထိုလူသည် ဝယ်လိုက်၏။

ထိုအဖြစ်အပျက်မှာ ၉ လမျှ ကြာလေပြီ။ ထိုအခါမှစ၍ ထိုလူသည် မစ္စတာဝက်ဆန်ထံမှ မိမိစိတ်ကြိုက်အတိုင်း ရေးဆွဲသော ပုံစံပေါင်းမြောက်မြားစွာကို မှာယူသည်ဖြစ်ရာ ယခုအချိန်အထိ ထိုပုံစံများမှ မစ္စတာဝက်ဆန်သည် ဒေါ်လာငွေတစ်ထောင်ခြောက်ရာထက်မနည်း ရပြီဖြစ်လေသည်။

မစ္စတာ ဝက်ဆန်ကိုယ်တိုင် အောက်ပါအတိုင်း ကျွန်ုပ်တို့ကို ပြန်ပြောဖူးလေသည်။ ဒီလူထံမှာ ပုံစံများကို ဘာဖြစ်လို့ အစက ရောင်းမထွက်သလဲဆိုတာ ယခုမှ ကျွန်ုပ်ကောင်းစွာ သိရပါသည်။ အကြောင်းမှာ အခြားမဟုတ်ပါ။ ကျွန်ုပ် သဘောကျသည့်အရာကို သူ့အား အတင်းအဝယ်ခိုင်းခြင်းကြောင့် ဖြစ်ပါသည်။ ယခုမူကား ဤနည်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော နည်းကိုသာ အသုံးပြုပါသည်။ ရှေးဦးစွာ သူ့ထံသို့သွား၍ သူ၏ဆန္ဒကို ကျွနု်ပ်အား ပြောပြရန် တိုက်တွန်းပါသည်။ ထိုသို့ပြုလုပ်သဖြင့် ထိုပုံစံများသည် သူကိုယ်တိုင် ဖန်တီးရသောပုံစံများ ဖြစ်သည်ဟု သူသည် အယူရှိနေပါသည်။ ထို့ကြောင့် ယခုအခါ ကျွန်ုပ်က သူ့ကို အထူးရောင်းနေရန် မလိုတော့ပါ။ သူကိုယ်တိုင်က ဝယ်လျက်ရှိပါပြီ။

တစ်ဖက်သား အကူအညီရစေသောနည်း

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts