အများသူငါနဲ့ဆက်ဆံရေး ပြေလည်စေမယ့်နည်းလမ်းတွေ

ကျွန်တော်တို့ဟာ တခြားဘယ်သူ့ကိုမှ မှီခိုအားထားခြင်းမပြုဘဲ မိမိတစ်ဦးတည်း တစ်ယောက်တည်း ရပ်တည်လို့မရဘူး။ မိမိမတတ်ကျွမ်းတဲ့ကိစ္စတွေ၊ မိမိ မလုပ်ဆောင်နိုင်တဲ့အရာတွေအတွက် တခြားသူတွေအပေါ် မဖြစ်မနေ မှီခိုရတယ်။ အားထားရတယ်။ အဲ့ဒီအခါမှာ တခြားသူတွေနဲ့ မလွှဲမသွေ ဆက်ဆံရတယ်။ အဲ့ဒီလို တခြားသူတွေနဲ့ ဆက်ဆံရာမှာ အဆင်ပြေကောင်းမွန်စေမယ့် အကြံပြုချက်တချို့ကို ဝေမျှပေးချင်ပါတယ်။ အဲ့ဒါတွေဟာ ကျွန်တော်တို့အားလုံးအတွက် ကောင်းမွန်တဲ့ အကြံပြုချက်တွေလို့ ဆိုနိုင်တာကြောင့် ထပ်ခါ ထပ်ခါ ဆောင်ရွက်ဖြစ်လေ အကျိုးရှိလေဖြစ်ပါလိမ့်မယ်။ သင့်ရဲ့အများသူငါနဲ့ ဆက်ဆံရေးတွေ ပိုမိုချောမွေ့ကောင်းလာစေဖို့ အဲဒီထဲက တစ်ခုစီကို သင်ကိုယ်တိုင် စမ်းသပ်ဆောင်ရွက်ကြည့်ပါ။

၁။ နာမည်တွေကို မှတ်မိအောင်လုပ်ပါ။ သူတို့ရဲ့ နာမည်တွေဟာ သူတို့အတွက်တော့ အရေးကြီးတာအမှန်ပါပဲ။ သူတို့ရဲ့နာမည်တွေကို မေ့သွားတာဟာ သူတို့အပေါ် သင့်ဘက်က စိတ်ဝင်စားမှုမရှိဘူးလို့ ယူဆစရာဖြစ်တယ်။

၂။ သင်နဲ့အတူရှိနေတဲ့ သူတွေကို စိတ်ချမ်းသာမှုရှိပြီး သက်သောင့်သက်သာ ဖြစ်နေအောင်ထားပါ။ သင့်ဝန်းကျင်ကသူတွေကို စိတ်ကျဉ်းကျပ်မှု ရှိမနေရအောင် ဂရုစိုက်ပါ။ စိတ်ညစ်နေသူတွေရဲ့ အသိုက်အဝန်းထဲမှာ ဘယ်သူမှ မပျော်နိုင်ဘူး။

၃။ စိတ်အေးလက်အေးနေနိုင်အောင် ကြိုးစားပါ။ အားလုံးအဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် စိတ်မညစ်။

၄။ အားလုံးကို ငါသိ၊ ငါတတ် မလုပ်ပါနဲ့။ ပတ်ဝန်းကျင်ကနေ ပညာယူပါ။ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်ကို အလေးဂရုပြုတတ်ပါစေ။

၅။ စိတ်ဝင်စားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်ပါစေ။ တခြားသူတွေကို လှုံ့ဆော်ပေးနိုင်ပါစေ။ မိတ်ဆွေအပေါင်းအသင်း အခြွေအရံတွေ သင့်အနားမှာ ဝန်းရံနေချင်အောင်လုပ်ပါ။

၆။ ရိုင်းစိုင်းတဲ့ အမူအရာတွေကိုယဉ်ကျေးအောင်ပြင်ပါ။

၇။ ငြိမ်းချမ်းမှုကို ဖန်တီးသူဖြစ်ပါစေ။ စိုးရိမ်ပူပန်မှုကို ဖယ်ရှားပစ်ပါ။ အထင်အမြင် လွဲမှားနေတာတွေကို ရိုးသားစွာနဲ့ အမှန်အတိုင်းဖြစ်အောင် ကြိုးစားပါ။

၈။ သူများရဲ့အမှားကို လျစ်လျူရှုတတ်ပါစေ။ သူတစ်ပါးရဲ့ကောင်းကွက်ကိုသာ မြင်အောင်ကြည့်တတ်တာဟာ သင့်ရဲ့ ပင်ကိုယ်သဘာဝလို ဖြစ်နေအောင်လုပ်ပါ။

၉။ အခြားသူတွေကို နေရာပေးပါ။ အားပေးပါ။ အထောက်အကူပေးပါ။ ချီးကျူးပါ။ သူတို့ကို ဘာကြောင့် အသိအမှတ်ပြုရတယ်ဆိုတာ ပြောပြပါ။

၁၀။ စိတ်အားထက်သန်မှု ကြီးမားနေပါစေ။ စိတ်အားထက်သန်မှုဟာ တခြားသူတွေဆီကို ကူးစက်သွားနိုင်တယ်။ သင်နဲ့ တွေ့ဆုံသမျှလူတွေအပေါ် စိတ်အားထက်သန်မှုတွေ မျှဝေပေးတတ်အောင် ကြိုးစားပါ။

ဒီအချက်တွေ အားလုံးကို သင် ဆောင်ရွက်နိုင်ပြီလား။ ကျွန်တော်ကတော့ ဆောင်ရွက်နိုင်စွမ်း မရှိသေးဘူးလို့ ဝန်ခံရပါလိမ့်မယ်။ ဆောင်ရွက်နိုင်စွမ်းရှိဖို့ အများကြီးလိုသေးတာ အမှန်ပါပဲ။ အသက် ၉၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဘဝအောင်မြင်မှုဆိုင်ရာအကြံပေး ဒေါက်တာပေးလ်ကတောင်မှ ဒီအချက်တွေအားလုံး ဆောင်ရွက်နိုင်ဖို့ ကြိုးစားရဦးမယ်လို့ ဝန်ခံထားပါတယ်။ အရေးကြီးတဲ့အချက်က သူဟာ ဒီအချက်တွေအားလုံး ဆောင်ရွက်နိုင်အောင် ကြိုးစားနေဆဲဖြစ်တယ်ဆိုတာပါပဲ။ သင်ကော….။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ ဆရာမိုး(Follow Me, Ph.D)၏ အောင်မြင်တဲ့ဘဝရစေဖို့ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts