ရဲဘော်သုံးကျိပ်

ရဲဘော်သုံးကျိပ်၏ နိဂုံး သို့မဟုတ် လေးစားဂုဏ်ပြုထိုက်သူ ဗိုလ်ရဲထွဋ်

မမျှော်လင့်ဘဲ ရဲဘော်သုံးကျိပ်ဝင်များထဲမှ နောက်ဆုံးကျန်ရစ်သူ ဗိုလ်ရဲထွဋ် ကွယ်လွန်သွားကြောင်း သတင်းစကား ကြားသိလိုက်ရသည်။ သမိုင်းဝင်ပုဂ္ဂိုလ်ကြီး တစ်ဦး၏ ဘဝနိဂုံးပင်ဖြစ်ပါသည်။

ဗမာ့တပ်မတော်၏ အဦးအစ

ရဲဘော်သုံးကျိပ်သည် ဗမာ့တပ်မတော်၏ အဦးအစ ဖြစ်ပါသည်။ ရဲဘော်သုံးကျိပ်ကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ပြည်သို့ လျှို့ဝှက်သွားရောက်ကာ ဆင်းရဲပင်ပန်းစွာဖြင့် စစ်ပညာသင်ယူခဲ့ကြသည်။ စစ်သင်တန်း ပြီးဆုံးခဲ့ပြီးနောက် ၂၇ ဒီဇင်ဘာ၊ ၁၉၄၁ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးသက်ရှိထင်ရှား ကျန်သူ

ရဲဘော်သုံးကျိပ်ဝင်များထဲတွင် ပထမဆုံး ကွယ်လွန်ခဲ့သူက သခင်သန်းတင် ဖြစ်သည်။ တိုင်ပေတွင် အူအတက်ပေါက်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။ သခင်သန်းတင့် ကွယ်လွန်ချိန်မှာ ၁၉၄၁ ခုနှစ်၊ ဩဂုတ်လထဲတွင် ဖြစ်သည်။ ထို့နောက် ရဲဘော်သုံးကျိပ်ဝင်များ တစ်ဦးပြီးတစ်ဦး ကွယ်လွန်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့သူ ဗိုလ်တေဇ ခေါ် ဗိုလ်ချုပ်အောင်ဆန်းက ၁၉ ဇူလိုင်၊ ၁၉၄၇ တွင် မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။
ရဲဘော်သုံးကျိပ်တို့ တစ်ဦးပြီးတစ်ဦး ကွယ်လွန်ဆုံးပါးသွားချိန်တွင် နောက်ဆုံးသက်ရှိထင်ရှားကျန်နေသူက ဗိုလ်ရဲထွဋ် ဖြစ်သည်။ ယခုတော့ ဗိုလ်ရဲထွဋ် ကွယ်လွန်သွားပြီမို့ ရဲဘော်သုံးကျိပ်လည်း နိဂုံးချုပ်သွားပေပြီ။

သိလိုသည်များ

ဘဘဗိုလ်ရဲထွဋ်၏သား ကိုကျော်ကျော်နှင့် ကြာသပတေးနေ့ လက်ဖက်ရည်ဝိုင်တွင် ဆုံတွေ့ခဲ့ရသည့်အခါတိုင်း ဘဘ၏ကျန်းမာရေး အခြေအနေကို ဝိုင်းဝန်းမေးကြမြန်းကြရသည်။ တစ်လောက ဘဘ ဆေးရုံက ဆင်းပြီဖြစ်ကြောင်း ကိုကျော်ကျော်ပြောပြခဲ့သေးသည်။ သိလိုသည်များကို မေးမြန်းဖို့ရာ အခြေအနေ မပေးတော့။ ယမန်နှစ်က ကိုနေမျိုးနှင့်အတူ မြန်မာ့နိုင်ငံရေးသမိုင်းမှ သိလိုသည်များကို ဘဘထံ မေးမြန်းဖြစ်ခဲ့သည်။ သားဖြစ်သူ ကိုကျော်ကျော်မှ တစ်ဆင့် စာရွက်ဖြင့် မေးခွန်းများ ရေးပေးလိုက်ခြင်းဖြစ်သည်။ ကိုကျော်ကျော်ကပင် ဘဘဗိုလ်ရဲထွဋ်အား မေးမြန်းပေးခဲ့သည်။ ထိုစဉ်ကပင် သတိမေ့လျော့နေတတ်ပြီး ပြန်လည်အစဖော်ပေးခဲ့ရသည်။ ဘဘ၏ ကျန်းမာရေးအခြေအနေကြောင့် ဤမျှပင် ကျေနပ်ခဲ့ရသည်။

ဂုဏ်ပြုထိုက်သူများ

မြန်မာ့နိုင်ငံရေးသမိုင်းတွင် ‘တော်လှန်ရေးအစ ရဲဘော်သုံးကျိပ်က’ ဟူသော စကားအဆို ရှိပါသည်။ သို့ဖြစ်၍ တစ်ချိန်က မိမိအသက်ကို ပဓာနမထားဘဲ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူ ရဲဘော်သုံးကျိပ်ဝင်များအား လေးစားဂုဏ်ပြုထိုက်ပါသည်။ အခြားနိုင်ငံများတွင်ဆိုလျှင် ဂူဗိမာန်ကြီးများဖြင့် တခမ်းတနား တွေ့မြင်နိုင်မည်ဖြစ်သော ရဲဘော်သုံးကျိပ်ဝင်များ၏ ဘဝကမြန်မာပြည်နှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်ခဲ့ရသည်။ ရဲဘော်သုံးကျိပ်ဝင်များအနက် အချို့ဆိုလျှင် စစ်အာဏာရှင်တို့၏ နှိပ်ကွက်မှုကြောင့် ဘဝပင်ပျက်ခဲ့ရသည်။ ယခုနောက်ဆုံးဖြစ်သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၏ ဈာပနအခမ်းအနားသည်ပင်လျှင် ဖြစ်နိုင်လျှင် နိုင်ငံတော်ဈာပနအဖြစ် ခမ်းခမ်းနားနားဖြစ်သင့်ပေသည်။

ရဲဘော်သုံးကျိပ် ထောက်ပံ့ရေး

ရဲဘော်သုံးကျိပ်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါလှသည့်အလျောက် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပါလီမန်ခေတ်ကပင် ရဲဘော်သုံးကျိပ်တို့အား ထောက်ပံ့ရေးအတွက် အသံကျယ်ကျယ်လောင်လောင်ပေါ်ထွက်ခဲ့သည်။ ၃၀-၆-၁၉၅၃ ရက်စွဲပါ ဗမာ့ခေတ်သတင်းစာတွင် ‘ရဲဘော်သုံးကျိပ် ထောက်ပံ့ရေး’ ခေါင်းစဉ်ဖြင့် ” ‘တော်လှန်ရေးအစ ရဲဘော်သုံးကျိပ်က’ စကားအရ မြန်မာနိုင်ငံတော်အား လက်ရှိလွတ်လပ်ရေးပန်းတိုင်သို့ ရောက်အောင် ပို့ဆောင်ရာတွင် ကျေးဇူးအထူးရှိသော ရဲဘော်သုံးကျိပ်တို့အား ကျေးဇူးဆပ်သောအနေဖြင့် ထောက်ပံ့ကြေးပေးရန် စီစဉ်နေကြောင်း၊ ထိုကိစ္စကို ဦးစီးဆောင်ရွက်နေသူများမှာ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ကြီးကျော်ဇောတို့ဖြစ်သည် ဆိုကြောင်း၊ ရဲဘော်သုံးကျိပ်အနက် လက်ရှိ ရာထူးကြီးများ ရရှိနေကြသော ပုဂ္ဂိုလ်များကမူ ၎င်းတို့ရရှိသည့် ထောက်ပံ့ကြေးကို ၎င်းတို့မယူဘဲ ရဲဘော်ဟောင်းများကို တစ်ဆင့် ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း” ဟူ၍ ရေးသားဖော်ပြထားပါသည်။ သို့သော်လက်တွေ့အားဖြင့် အကောင်အထည်မပေါ်ခဲ့ပေ။

ပါလီမန်တွင် ဆွေးနွေးမှု

ပါလီမန်ခေတ် တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပါလီမန်အစည်းအဝေး ကျင်းပစဉ်အတွင်း ၁၀-၃-၁၉၅၇ တွင် ပုဂံ အရှေ့ပိုင်းအမတ်ဦးထင်ပေါ်က ရဲဘော်သုံးကျိပ် ထောက်ပံ့မှုနှင့် ပတ်သက်သော အမေးနှင့် ဖြေဆိုခဲ့ပုံအား ၁၁-၃-၁၉၅၇ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။ ယင်းအမေးအဖြေမှာ ” တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော်တွင် ဦးထင်ပေါ် (ပုဂံအရှေ့ပိုင်း)က ရဲဘော်သုံးကျိပ်အတွက် နိုင်ငံတော်အစိုးရက ဆုတော်ငွေနှင့် ထောက်ပံ့ကြေးပေးရန် ဆုံးဖြတ်ချက် ချထားခဲ့သည် ဆိုသည်မှာ မှန်ပါသလား။ မှန်ပါလျှင် မည်သည့်အချိန်တွင် စတင်အတည်ပြုပါမည်နည်း” ဟု မေးမြန်ကြောင်း။
အစိုးရက ယင်းအမေးကို ဖြေကြားရာတွင် ” မမှန်ပါ။ ပင်စင်၊ သို့မဟုတ် ထောက်ပံ့ကြေးငွေ ပေးရန်စီစဉ်ခြင်း မရှိသော်လည်း စစ်မှုထမ်းခြင်းကြောင့် ကျဆုံးသွားသော ရဲဘော်သုံးကျိပ်ဝင်များ၏ ကျန်ရစ်သူ ဇနီး သားသမီးများနှင့် မိဘများအား အိမ်ထောင်စုဝင် အငြိမ်းစား လစာကလေးများ ထောက်ပံ့ကြေး အစရှိသည်များကို ထုတ်ပေးလျက်ရှိပါသည်ဟု ပါရှိ၏” ဟူ၍ ဖြေကြားခဲ့သည်။

တော်လှန်ရေးကောင်စီလက်ထက်

၂ မတ်၊ ၁၉၆၂ တွင် တော်လှန်ရေးကောင်စီတက်လာသောအခါ ရဲဘော်သုံးကျိပ်ဝင်များ၏ အခန်းကဏ္ဍက တစ်စတစ်စ ပိုမို မှေးမှိန်လာခဲ့သည်။ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်ခဲ့ဖူးသော်လည်း လမ်းစဉ်ပါတီခေတ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ဆန့်ကျင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင် အများအပြားမှာ ဘဝအခြေအနေ ဆိုးဝါးခဲ့ရသည်။
အခြေအနေ အရပ်ရပ်ကြောင့် တောခိုခဲ့ကြရသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်မှာ တောတွင်း၌ ရက်စက်စွာ လုပ်ကြံခံခဲ့ရပြီး ဗိုလ်ဇေယျမှာလည်း ဗကပဌာနချုပ်အား ဝင်ရောက်စီးနင်းစဉ် ကျဆုံးခဲ့ရသည်။ ထို့အတူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာမှာလည်း ရေခြားမြေခြားတွင် ကျဆုံးခဲ့ရပြန်သည်။ မကြာမီက ကွယ်လွန်သွားသော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည်ပင် ဖိနှိပ်ချုပ်ချယ်ဖို့ အမျိုးမျိုးကြောင့် မြန်မာ့မြေပေါ်မှ ထွက်ခွာသွားခဲ့ရသည်။

၈ လေးလုံး အရေးတော်ပုံကာလ

၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလက ရဲဘော်သုံးကျိပ်ဝင်များအနက် ၉ ဦး သက်ရှိထင်ရှားရှိနေဆဲ ဖြစ်ပါသည်။ ယင်းရဲဘော်သုံးကျိပ်ဝင် ၉ ဦးမှာ ဗိုလ်မှူးအောင်၊ ဗိုလ်တောက်ထိန်၊ ဗိုလ်ဗလ၊ ဗိုလ်မင်းရောင်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်တာရာ၊ ဗိုလ်ဇင်ယော်၊ ဗိုလ်ဘုန်းမြင့်၊ ဗိုလ်ရဲထွဋ်တို့ ဖြစ်ကြပါသည်။ သက်ရှိထင်ရှား ရဲဘော်သုံးကျိပ်ဝင် ၉ ဦးတို့သည် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့နှင့် တစ်သားတည်းရှိခဲ့သည်။
ရဲဘော်သုံးကျိပ်ဝင် ၉ ဦးက ၈ စက်တင်ဘာ၊ ၁၉၈၈ တွင် သဝဏ်လွှာတစ်စောင်ကို ထုတ်ပြန်ခဲ့ကြသေးသည်။ ယင်းသဝဏ်လွှာတွင် ‘လက်ရှိ ဗမာ့တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ပေါက်ဖွားလာခဲ့သည့် တပ်မတော် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်က တပ်မတော်၏ ရည်မှန်းချက်ကို လမ်းညွှန်းခဲ့ရာ၌ ပြည်သူပြည်သားတို့အကျိုးကို အမှန်တကယ် ထမ်းဆောင်နိုင်ပါမှ ပြည်သူ့တပ်မတော်ဖြစ်သည်ဟု ဆိုခဲ့ကြောင်း” စသည်ဖြင့် ဖော်ပြခဲ့ကြသည်။

ဝါရင့်တပ်မတော် အရာရှိ

ဗိုလ်ရဲထွဋ်သည် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇောတို့ပြီးလျှင် ဝါရင့်တပ်မတော် အရာရှိကြီးဖြစ်ပြီး ကိုယ်ပိုင်အမှတ်မှာ ၃၅၀၆ ဖြစ်သည်။ လွတ်လပ်ရေး ရရှိအပြီး တပ်ရင်း ၃ ၌ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်ရင်းမှူးတာဝန် ထမ်းဆောင်နေစဉ် တောခိုခဲ့ခြင်းဖြစ်သည်။ တောတွင်း၌ပင် ၅ မတ်၊ ၁၉၅၀ တွင် ဒေါ်ခင်ကြည်နှင့် လက်ဆက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ရဲထွဋ်သည် တောတွင်း၌ ၁၅ နှစ်ခန့် နေခဲ့ပြီးနောက် လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်သဖြင့် ၁၉၆၃ ခုနှစ်တွင် ပြန်လည်အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဗိုလ်ရဲထွဋ်သည် မဆလပါတီဌာနချုပ်တွင် ရေးရာကော်မတီ အတွင်းရေးမှူးဖြစ်ခဲ့သော်လည်း ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလ ပါတီသန့်စင်ရေးတွင် လမ်းစဉ်ပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

ဆောင်ရွက်ချက်များ

ဗိုလ်ရဲထွဋ်သည် ၈ လေးလုံး အရေးတော်ပုံကာလအတွင်း ဖွဲ့စည်းခဲ့သော မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဦးဆောင်အဖွဲ့ဝင်ဖြစ်ပြီး NLD ဖွဲ့စည်းစဉ်က ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ ဈာပနကော်မတီတွင် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ပြည်သူ့အကျိုးကို အမြဲရှေးရှုခဲ့သူ နောက်ဆုံးကျန်ရစ်သည့် ရဲဘော်သုံးကျိပ်ဝင် ဘဘဗိုလ်ရဲထွဋ်အား ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်မှ ရေးသားဖော်ပြထားပါသည်။

Related Posts