ကျူးကျော်ခြင်းပြဿနာ

ကျူးကျော်ခြင်းပြဿနာ (အပိုင်း-၁)

တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မသင့်မမြတ်ဘဲ ပဋိပက္ခဖြစ်ကြရသည်မှာ လူ့လောက၏ ဓမ္မတာတစ်ခုပင်ဖြစ်သည်။ အချို့မှာ လက်နက်စွဲကိုင်၍ ရင်ဆိုင်တိုက်ခိုက်သည်အထိ ဖြစ်ပွားကြသည်။

အသေးအဖွဲ့ကိစ္စကလေးများကို အစပြု၍ ကြီးမားသောပြဿနာကြီးများတွင် တစ်ဘက်နှင့်တစ်ဘက် လိုက်လျောမှု၊ မျှတမှုမရှိတတ်ကြချေ။ လူ့သဘာဝအလျောက် လောဘ၊ ဒေါသ၊ မာန ဖုံးလွှမ်းပြီး အငြင်းပွားမှုတိုင်းတွင် ကိုယ့်ဘက်ကသာ မှန်သည်ဟု ယူဆလေ့ရှိကြသည်။

မိမိတိုင်းပြည်၊ မိမိအဖွဲ့အစည်း၊ မိမိကိုယ်ကျိုးကိုသာကြည့်၍ လုပ်ဆောင်လေ့ရှိသည်။ တစ်ဘက်မှ မှန်သည်ဟူသမျှ ယူဆ၍လုပ်ဆောင်သော ပြုမူချက်မျာမှာ အခြားတစ်ဘက်တွင် မည်သို့နစ်နာခံစားရမည်ကို ထည့်သွင်းစဉ်းစားလေ့မရှိချေ။ ပဋိပက္ခ ဖြစ်ပွားလေ့ရှိတိုင်း ပြဿနာရပ်တိုင်းတွင် တစ်ဘက်နှင့်တစ်ဘက်အပြန်အလှန် စွပ်စွဲကြသည်။

“ရန်စကျူးကျော်ခြင်း” ဆိုသော စကားအဓိပ္ပါယ်မှာ ကျယ်ဝန်းလှ၏။ မည်သည့်ပြောဆိုပြုမူချက်မှာ ကျူးကျော်ရာရောက်သည်ဟု အလွယ်တကူ သတ်မှတ်လက်ခံရန် ခဲယဉ်းပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စတွင် ပြည်ပမှ ဝင်ရောက်စွက်ဖက်ရေးမှာ အထူးပြင်ဆင်ဖွယ်ကောင်းသော အချက်တစ်ချက်ဖြစ်သည်။ သူတစ်ပါးပိုင် နယ်မြေအတွင်းသို့ တစိမ့်စိမ့်ဝင်ရောက်ခြင်း၊ အနိုင်အထက်ပြု၍ ဝင်ရောက်ခြင်း၊ ဗြောင်ကျကျ ချဉ်းနင်းဝင်ရောက်ခြင်း၊ သို့မဟုတ် ရန်ပြုခြင်းတို့မှာ ယေဘူယျအားဖြင့် ရန်ကျူးကျော်ရာ ရောက်ပေသည်။

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်မစွက်ကြရေးဆိုရာ၌ ကိုယ်ပိုင်မူဝါဒတစ်ခုကို အခြားနိုင်ငံမှာ လက်ခံကျင့်သုံးစေရန် ပြင်ပမှ သင်ကြားပေးပို့ခြင်းမျိုးလည်း ပါဝင်သည်။ ဝါဒတစ်ခုခု၊ အယူတစ်ခုခုကို ရသည့်နည်းနှင့် ပြည်ပသို့ တင်ပို့သွတ်သွင်းခြင်းမျိုး၊ သွေးထိုးပေးနည်းမျိုးသည်လည်း တဖြည်းဖြည်းနှင့် ကျူးကျော်ရာအဆင့်သို့ ရောက်ရှိသွားသည်။

နိုင်ငံတကာရေးရာတွင် မည်သည့်ပြုမူလုပ်ဆောင်ချက်များမှာ ရန်စကျူးကျော်ခြင်းမည်သည်ဟု အတိအကျသတ်မှတ်ထားရန် အလွန်ပင်ခက်ခဲလှပါပေသည်။ ယင်းပြဿနာကို လွန်ခဲ့သော (၁၀) နှစ်ကျော်မှ စတင်၍ ကုလသမဂ္ဂအဖွဲ့ကြီးတွင် ဆွေးနွေးခဲ့သော်လည်း မပြီးပြတ်နိုင်ခဲ့ပေ။ ကမ္ဘာံ နိုင်ငံပေါင်းချုပ်အသင်းကြီးတည်ရှိစဉ်က ဆွေနွေးမှုများမှာလည်း မတင်မကျဖြစ်ခဲ့သည်။

၂၂-ကြိမ်မြောက် ညီလာခံကြီးတွင် ဤကိစ္စကို ဆွေးနွေးဆုံးဖြတ်သင့်ကြောင်း ယခင်နှစ်ကတည်းက ချက်ကိုစလိုဘက်ကီးယားနို်ငငံမှ တောင်းဆိုတင်ပြခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်နို်ငငံတို့ကမူ ယင်းပြဿနာကို ဆွေးနွေးနေ၍လည်း လောလောဆယ်ဖြစ်ပွားနေသည့် ပဋိပက္ခမှုတွေ၊ စစ်ပွဲတွေ၊ ပြေလည်ရပ်ဆိုင်းသွားမည်မဟုတ်ကြောင်း ဆန့်ကျင်ပြောကြားခဲ့သည်။ ၁၉၆၇-ခုနှစ် အထွေထွေညီလာခံကြီးတွင် ကျူးကျော်ခြင်း၏ အဓိပ္ပါယ်ကို အတိအကျ ဖော်ပြသတ်မှတ်ထားရန် ဆိုဗီယက်ရုရှားမှ ဦးဆောင်၍ ၁၉၆၇-ခုနှစ်၊ နိုဝင်ဘာ ၂၈-ရက်နေ့တွင် စတင်ဆွေးနွေးခဲ့သည်။

ဆိုဗီယက်ကိုယ်စားလှယ်က ဗီယက်နမ်စစ်ပွဲနှင့် ဒိုမီနီကန်နိုင်ငံ ပြည်တွင်းရေးများတွင် အမေရိကန်နိုင်ငံတို့၏ စစ်ရေးဖြင့် ဝင်ရောက်စွက်ဖက်မှုများ၊ အာရပ်နှင့် အစ္စရေးပဋိပက္ခတွင် ၁၉၆၇-ခု၊ ဇွန်လစစ်ပွဲ၌ အစ္စရေးနိုင်ငံက လက်နက်ဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းများကို ကျူးကျော်ခြင်း၏ သာဓကများအဖြစ် တင်ပြသည်။

အကယ်၍သာ ကုလသမဂ္ဂအဖွဲ့ကြီးက ကျူးကျော်ခြင်း၏ စကားအဓိပ္ပါယ်ကို သတ်မှတ်ထားခဲ့ပါက အရင်းရှင်နယ်ချဲ့တို့လက်ရွံ့ကြပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသွားသည်။ ၃၀.၁၁.၆၇ နေ့၊ ဆွေးနွေးပွဲတွင် ဗြိတိသျှကိုယ်စားလှယ်က ဤကိစ္စကို ဆွေးနွေ၍ အချိန်ကုန်ခံမည့်အစား တခြားသောအရေးတကြီးကိစ္စရပ်များကို ဦးစားပေးသင့်ကြောင်း ဆွေးနွေး၍ အကျိုးထူးမည်မဟုတ်ဘဲ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဝိဝါဒကွဲပြားစေမည်ဖြစ်ပြီး အချိန်လည်း အလဟဿဖြစ်မည့်အကြောင်း ထောက်ပြခဲ့သည်။

-သန်းထွန်း(လှည်းကူး)ရေးသားသော ဦးသန့်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Related Posts