လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု သို့မဟုတ် ဝန်ထမ်းစီမံခန့်ခွဲမှု

လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သို့မဟုတ် ဝန်ထမ်းစီမံခန့်ခွဲမှု

၁၉၈၅ခုနှစ်နှောင်းပိုင်းလောက်က စတင်ပြီး လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုကို စီးပွားရေးလောကမှာရော ပညာရှင်လောကမှာပါ လက်သင့်ခံလာခဲ့ကြပါတယ်။ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ သီအိုရီတွေကိုလည်း စီမံခန့်ခွဲမှုနယ်ပယ်၊ စိတ်ပညာ၊ လူမှုဗေဒနဲ့ ဘောဂဗေဒ စတဲ့ နယ်ပယ်အမျိုးမျိုးကနေ ဆွဲယူထုတ်ဖော်လာခဲ့ပါတယ်။ လူဆိုတာ တသမတ်တည်း ရှိနေတာ မဟုတ်ပါဘူး။ အဲ့ဒီလိုပဲ လူ့စွမ်းအားအရင်းအမြစ်ခန့်ခွဲမှုက ဘာလဲ၊ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း သောင်းခြောက်ထောင် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထဲမှာ တစ်ခုတည်းကို ကိုင်ဆွဲပြီး ဒါဟာ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဘဲလို့ တရားသေမဆို နိုင်ပါဘူး။ လူဆိုတာ ရှုပ်ထွေးတဲ့လိုအင်တွေရှိတဲ့ ရှုပ်ထွေးတဲ့သတ္တဝါပဲမဟုတ်ပါလား။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုကို အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ မဖြစ်နိုင်ဘူးလားလို့ မေးစရာရှိပါတယ်။


ဒါကြောင့် အစောပိုင်းအချိန်ကာလတွေကနေပြီး ယနေ့အထိ လူ့စွမ်းအားအရင်းအမြစ်နဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့ ဖွင့်ဆိုမှုတချို့ကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ရပါတယ်။


– လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုရဲ့ ရည်ရွယ်ချက်ဆိုတာ ဝန်ထမ်းတွေရဲ့လုပ်ကိုင်နိုင်စွမ်းကို လုပ်ငန်းရှင်အတွက် ဖြစ်နိင်ခြေအရ အကြီးမားဆုံး အကျိုးအမြတ်ရရှိစေဖို့နဲ့ ဝန်ထမ်းတွေကိုယ်တိုင်လည်း ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်
ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရရှိတာ သေချာမယ့်နည်းလမ်းဖြစ်စေဖို့ပါပဲ။
– လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုတာ စွမ်းဆောင်ရည်မြင့်မားတဲ့ ဝန်ထမ်းအင်အားစုကို ယဉ်ကျေးမှု၊ တည်ဆောက်ပုံနဲ့ စိတ်ကြိုက်နည်းလမ်းတွေ အသုံးပြုပြီး မဟာဗျူဟာကျကျ စီမံနေရာချထားကာ ယှဉ်ပြိုင်မှုမှာ
အသာစီးရရှိအောင် လုပ်ဆောင်တဲ့ ထူးခြားတဲ့ လုပ်ငန်းချဉ်းကပ်မှုဖြစ်တယ်။
– အဖွဲ့အစည်းရဲ့ မဟာဗျူဟာကို အထောက်အပံ့ဖြစ်စေတဲ့ ဝန်ထမ်းစီမံရေးမူဝါဒတွေ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို ထင်ရှားစေတဲ့ စီမံခန့်ခွဲမှုဆိုင်ရာအမြင်ဖြစ်ပါတယ်။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး

Related Posts