မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း

မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (Part 5)

အလုပ်သမားတွေဟာ အာလူးတွေကို အိတ်တွေထဲက ထုတ်ယူပြီး အခွံနွှာကြတယ်။ အာလူးတိုင်းမှာ အခွံသေးသေးလေးတစ်ခုကိုကွက်ပြီး ချန်ထားကြတယ်။ ပြီးတော့ သူတို့ဟာ အာလူးတွေကို အချောင်းလေးတွေဖြစ်သွားအောင် ဓားနဲ့ အလျားလိုက် လှီးလိုက်ကြတယ်။ လှီးပြီးတဲ့ အာလူးချောင်းတွေကို ရေအေးထည့်ထားတဲ့ လက်ဆေးကန်ကြီးထဲမှာ ထည့်လိုက်ကြတယ်။ ပြီးတော့ လက်ဆေးကန်ကြီးထဲ လက်နှစ်ဖက်နှိုက်ပြီး အာလူးချောင်းတွေကို အသာအယာ ရောမွှေပြီး ရေနဲ့ သေချာဆေးပါတယ်။

အာလူးချောင်းတွေကို ဆေးလိုက်တဲ့ရေဟာ အဖြူရောင် ကစီဓာတ်ပါတဲ့ ကော်ရည်အဖြစ် အရောင်ပြောင်းလဲသွားပြီဆိုတာနဲ့ လက်ဆေးကန်ရဲ့အဆို့ကို ဖွင့်လိုက်ပြီး ကော်ရည်တွေကို ထုတ်ပစ်လိုက်တယ်။ အာလူးချောင်းတွေကို အပေါက်တွေပါတဲ့ ဂေါ်ကြီးရဲ့ ဆယ်ယူပြီး သံဇာကာကွက်တောင်းတွေထဲ ထည့်လိုက်တယ်။ တောင်းတွေထဲက အာလူးချောင်းတွေကို ကော်ရည်တွေ ကင်းစင်သွားအောင် ရေပိုက်နဲ့ အသာအယာ ရေဖြန်းပြီး ဆေးချပြန်တယ်။

အာလူးကြော်ရာမှာ စားသောက်ဆိုင်တွေမှာ လုပ်တတ်တာ တစ်ခုရှိပါတယ်။ ဆိုင်တွေက အဲဒါတွေကို မလုပ်ပါဘူးလို့ ငြင်းကြပေမဲ့ တကယ်တမ်းမှာ ဆိုင်အတော်များများ လုပ်တတ်ကြပါတယ်။ အဲဒါက ကြက်သားကြော်ပြီးသား သို့မဟုတ် တခြားအစားအစာကြော်ပြီးသား ဆီတွေကို အာလူးကြော်ရာမှာ ပြန်သုံးကြခြင်းပါ။ မက်ဒေါ်နယ်ညီအစ်ကိုက သုံးပြီးသား ပြန်ကြော်ဆီကို အာလူးကြော်ရာမှာ ပြန်မသုံးဘူး။ ပြန်သုံးရင် အာလူးကြော်ရဲ့အရသာကို ပျက်စီးစေတယ်။ သူတို့အတွက် ပိုက်ဆံပိုကုန်တာထက် အာလူးချောင်းကြော်ဟာ သန့်ရှင်းပြီး အရသာရှိဖို့က ပိုအရေးကြီးတယ်တဲ့။

အာလူးချောင်းကြော်ရာမှာ လျှိုု့ဝှက်ချက်တွေ ရှိတယ်ဆိုတာကို နောင်ကျမှ သိရတယ်။ ဆိုင်မှာ လာဝယ်စားတဲ့သူတွေ ပါးသွားလို့ ကျွန်တော်လည်း မက်ညီအစ်ကို ထိုင်နေကြတဲ့ ကောင်တာဆီသွားပြီး သူတို့နဲ့ ထိုင်စကားပြောဖြစ်တယ်။ သူတို့ရဲ့ လုပ်ငန်းကို တိုးချဲ့ပေးချင်တဲ့ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုဟာ သူတို့ဆီ ကူးစက်သွားအောင် စကားစပြောလိုက်တယ်။

“ငါဟာ multi-mixer စက်တွေကို လိုက်ရောင်းရင်း တစ်နိုင်ငံလုံးက fast food စားသောက်ဆိုင်တွေကို ရောက်ဖူးပေမဲ့ ဒီဆိုင်လို သန့်ရှင်းပြီး ရောင်းကောင်းတဲ့ဆိုင်မျိုး တစ်ဆိုင်မှ မတွေ့ဖူးသေးဘူး။ ဒီဆိုင်ရဲ့ ဆိုင်ခွဲတွေကို တခြားမြို့တွေမှာ ဘာကြောင့်မဖွင့်တာလဲ။ ဆိုင်ခွဲတွေဖွင့်ဖို့ မင်းတို့ စိတ်မဝင်စားကြဘူးလား။”

သူတို့နှစ်ယောက်ဟာ ၅ မိနစ်ကြာတဲ့အထိ စကားတစ်ခွန်းမှမပြောဘဲ ကျွန်တော့်ကိုပဲ စိုက်ကြည့်နေကြတယ်။ ပြီးတော့ ဆိုင်အနောက်ဘက်က ခပ်ဝေးဝေးမှာရှိတဲ့ တောင်ကုန်းတစ်ခုပေါ်က အိမ်တွေကို လက်ညှိုးထိုးပြလိုက်ပြီး ခုလို ပြောပါတယ်။

အပိုင်း(၆) အား ဆက်လက်ဖတ်ရှုရန် >> မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (The End)

ဗန်းမော်သိန်းဖေ ဘာသာပြန်ထားသော မက်ဒေါ်နယ်ကို မွေးဖွားပေးခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

စီးပွားရေ

Related Posts