အပြန်အလှန် ထိန်းကျောင်းမှုအနုပညာ

အပြန်အလှန် ထိန်းကျောင်းမှုအနုပညာ

စိတ်ပညာရဲ့အလိုအရ လူတွေဘာကြောင့် ဘယ်အပြုအမူကို လုပ်ဆောင်တယ်ဆိုတာ စေ့ဆော်မှု(motivation) ဆိုတဲ့အသုံးအနှုန်းနဲ့ ရှင်းပြထားပါတယ်။ လူတွေဟာ တစ်စုံတစ်ရာကို လုပ်ဆောင်တယ်ဆိုရင် နောက်ကွယ်မှာ အဲဒီအပြုအမူဖြစ်လာစေတဲ့ စိတ်ပိုင်းဆိုင်ရာစေ့‌ဆော်မှုရှိနေပါတယ်။ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်မှာ ဘယ်လိုစေ့ဆော်မှုတွေကို ဖန်တီးပေးထားနိုင်မယ်ဆိုရင် ဒီလုပ်ငန်းခွင်ဟာ ဘယ်လိုပျော်ရွှင်တဲ့လုပ်ငန်းခွင် ဖြစ်လာမလဲ။ လိုရင်းအချက်ကတော့ ငွေကြေးလိုအပ်ချက်နဲ့ ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်ပြီးလုံလောက်မှုရှိတဲ့ အနိမ့်ဆုံး လစာနှုန်းထားဖြစ်ရပါမယ်။ အနိမ့်ဆုံး လစာနှုန်းထားနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ ဆက်လက်ဖော်ပြ ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်မှာ ကိုယ့်ဝန်ထမ်းတွေ အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်ချင်စိတ်ပေါက်လာစေမယ့် စေ့ဆော်မှုတွေ စီမံပေးရပါမယ်။ အဲ့ဒီလိုစေ့ဆော်မှုတွေ ပြုလုပ်ပေးဖို့ အရေးကြီးသလိုမျိုး ကိုယ့်လုပ်ငန်းကနေ ဝန်ထမ်းတွေ အလွယ်တကူနဲ့ ထွက်ခွာမသွားဖို့နဲ့ ကိုယ်ဝန်ထမ်းကို ထိန်းထားနိုင်ဖို့အတွက်ဆိုရင် သူတို့အတွက် သက်တောင့်သက်သာဖြစ်မယ့် ဇုန်တစ်ခုအဖြစ် ဖန်တီးပေးတာမျိုးကလည်း အလုပ်ဖြစ်စေနိုင်ပါလိမ့်မယ်။ လူ့သဘာဝကလည်း ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်နေတဲ့ ဝန်းကျင်ကနေ ထွက်ခွာဖို့ အင်မတန်ခက်တဲ့အမျိုးပါပဲ။ ဒါဟာ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို နေချင်သလိုနေဆိုပြီး အလွန်အကျွံ အလိုလိုက် အကြိုက်ဆောင်ပေးထားဖို့ ပြောတာမျိုးလည်း မဟုတ်ပါဘူး။

သေချာတာက လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု ဟာ အလွန်အရေးကြီးပါတယ်။ လုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးအတွက်ကိုလည်း အများကြီး အထောက်အပံ့ ဖြစ်စေတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ ဝန်ထမ်းစီမံမှုကို ခပ်ပေါ့ပေါ့ သဘောမထားဘဲ ကိုယ့်ကုမ္ပဏီမှာ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးဌာနကို မဟာဗျူဟာအဆင့်မှာ ထည့်သွင်းစဉ်းစားအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်တဲ့နေရာမှာ အပြန်အလှန်ထိန်းကျောင်းမှုတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲ ဆိုတာကိုပါ သုံးသပ်ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ အပြန်အလှန်ထိန်းကျောင်းမှုဆိုတဲ့ နေရာမှာ ဝန်ထမ်းစီမံခန့်ခွဲရေးမူဝါဒဆိုတာ အဖြေတစ်ခုရအောင် ပုံသေဖော်မြူလာတွေ အသုံးပြုပြီး တွက်ချက်ယူရတဲ့ သင်္ချာသဘောမဆန်ဘဲ အခြေအနေ အချိန်အခါနဲ့ လုပ်ငန်းခွင်အနေအထားကိုလိုက်ပြီး အကောင်းဆုံးမဟာဗျူဟာမြောက်ခန့်ခွဲမှုမျိုးဖြစ်ဖို့ ဖန်တီးယူရတာမျိုးပါ။ ဒါမှသာ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးစလုံး အကျိုးရှိမယ့် အခြေအနေမျိုးကို အပြန်အလှန် ထိန်းကျောင်းမှုတွေနဲ့ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး

Related Posts