အကဲမဖြတ်စေချင်

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး အကဲမဖြတ်စေချင်

လူတွေဟာ အခြားလူတစ်ယော်ရဲ့ အပြုအမူကိုကြည့်ပြီး သူ့ရဲ့အကျင့်စရိုက်ကို ခဏလေးနဲ့ ဆုံးဖြတ်တတ်ကြတယ်။ ဥပမာ အော်ကျယ် အော်ကျယ် ပြောတဲ့လူတစ်ယောက်ကိုတွေ့ရင် ဒီကောင် တော်တော်ရိုင်းတာပဲ။ ဘယ်မိဘကမွေးထားတာလဲ စသဖြင့် အပေါ်ယံလေးတွေးပြီး လူကဲခတ် ဆုံးဖြတ်တတ်ကြတယ်။ ဈေးဝယ်သွားရင်လည်း အလိုမကျစရာလေးတစ်ချက်တွေ့တာနဲ့ ဒီဈေးသည်ဟာ တော်တော်ရိုင်းတာပဲလို့ ထင်လိုက်တယ်။

အဲဒီလို အပေါ်ယံကြည့်ပြီး အဲဒီလူရဲ့အကျင့်စရိုက်ကို အလျင်စလိုဆုံးဖြတ်တာဟာ အမြဲတမ်း မှန်ရဲ့လားလို့တောင် ဆင်ခြင်လို့ရအောင် ကျွန်တော်ဖတ်ဖူးသော Steven R Covey ရေးတဲ့ “7 Habits of Highty Effective People” စာအုပ်ထဲက အကြောင်းအရာလေးတစ်ခုကို ရေးပြချင်ပါတယ်။

တစ်နေ့မှာ အဲဒီစာအုပ်ရေးသူ Steven (စတီဗင်)ဟာ မြေအောက်ရထားစီးပြီး မြို့တစ်နေရာကို သွားပါတယ်။ ရထားတွဲထဲမှာ လူက သိပ်မရှိပါဘူး။ တချို့က အိပ်နေကြတယ်။ တချို့က သတင်းစာဖတ်နေကြတယ်။ တချို့ကလည်း အချင်းချင်း စကားတိုးတိုးလေးပြောနေကြတယ်။ တိတ်တိတ်ဆိတ်ဆိတ်လေးမို့ စတီဗင်လည်း ထိုင်ခုံတစ်ခုမှာ သက်တောင့်သက်သာထိုင်ရင်း လိုက်ပါသွားပါတယ်။

ဘူတာတစ်ခုဆိုက်တော့ လူတစ်ယောက်ရဲ့ အသက် ၅ နှစ်ကနေ ၉ နှစ်ကြားရှိနိုင်တဲ့ ကလေးသုံးယောက် တွဲထဲဝင်လာကြတယ်။ အဲဒီလူဟာ စတီဗင်ရဲ့ဘေးက လွတ်နေတဲ့ထိုင်ခုံတစ်ခုမှာ ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်ပြီး မျက်စိမှိတ်ရင်း နားနေလိုက်တယ်။ ကလေးတွေကတော့ မထိုင်ကြပါဘူး။

ရထားလည်း ဘူတာကပြန်ထွက်ရော ကလေးသုံးယောက်က တွဲထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပုတ်လိုက်ပြေးလိုက်နဲ့ ဆော့ပါတော့တယ်။ ရထားထိုင်ခုံပေါ် ပြေးတက်လိုက် ခုန်ချလိုက်နဲ့ တစ်တွဲလုံးဆူညံအောင် ဆော့ကြပါတယ်။ ကလေးတစ်ယောက်က လူတစ်ယောက်ဖတ်နေတဲ့ သတင်းစာကို ဆွဲယူပြီး ကြမ်းပေါ်လွှင့်ပစ်ချလိုက်ပါတယ်။ စောစောက တိတ်ဆိတ်ငြိမ်သက်နေတဲ့အခြေအနေဟာ ရုတ်ခြည်းပြောင်းလဲသွားတယ်။

ကလေးတွေ ဒီလောက်သောင်းကျန်နေတာကို သူတို့အဖေက ငြိမ်ငြိမ်နေဖို့ တစ်ခွန်းမှမပြောတဲ့အပြင် မျက်စိမှိတ်ထားတာတောင် ဖွင့်မကြည့်ပါဘူး။ စတီဗင်လည်း ဒီလူ ဘယ်လိုလူလဲပေါ့။ ကိုယ့်ကလေးတောင် ကိုယ်မထိန်းဘူး။ လူ့ယဉ်ကျေးမှု အတော်ခေါင်းပါးတဲ့လူပဲလို့ သူ့စိတ်ထဲက သတ်မှတ်လိုက်ပါတယ်။

နောက်ဆုံးတော့ စတီဗင်ဟာ ကလေးတွေ ပွတ်လောရိုက် ဆူညံဆော့နေကြတာကို သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် မျက်စိမှိတ်ပြီး ငြိမ်နေတဲ့အဲဒီလူရဲ့ ပခုံးကိုပုတ်လိုက်ပြီး သူ့ကလေးတွေကို ကြည့်ထိန်းပါဦးလို့ လေသံမာမာနဲ့ ပြောချလိုက်တယ်။

အဲဒီလူလည်း ကမန်းကတန်း မျက်လုံးဖွင့်ကြည့်ရင်း အခုလို ပြောလိုက်ပါတယ်။ “အေးဗျာ။ ကလေးတွေအမေ ဒီမနက်ကပဲ ဆေးရုံမှာ ဆုံးသွားတယ်။ ကလေးတွေလည်း သူတို့အမေ ဒီလောကကြီးမှာ မရှိတော့ဘူးဆိုတာ နားမလည်ကြဘူး။ ကျွန်တော်လည်း ဘာတွေလုပ်ရမလဲဆိုတာ စဉ်းစားနေလို့ ကလေးတွေဆော့တာ သတိမထားမိလိုက်ဘူးဗျာ။ တောင်းပန်ပါတယ်”တဲ့။

ကဲ – အခု စတီဗင်တစ်ယောက်ဟာ အဲဒီလူကို ကလေးတွေကို သောင်းကျန်းချင်တိုင်း သောင်းကျန်းပစေဆိုပြီး လွှတ်ထားတဲ့ လူ့ယဉ်ကျေးမှု နားမလည်တဲ့လူလို့ မြင်သေးလား။ ချက်ချင်းပဲ စိတ်မကောင်းဖြစ်သွားပြီး အဲဒီလူအပေါ် သနားစိတ်တွေ တဖွားဖွား ပေါ်လာတယ်။ သူ့အနေနဲ့ ဘာအကူအညီများပေးရမလဲလို့ အဲဒီလူကို မေးလိုက်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ကြုံဖူးတယ်။ မြန်မာပြည်မှာ အစိုးအလုပ်လုပ်တုန်းက အမြဲတမ်း လက်ပိုက်ထားတဲ့ မျက်နှာထားတင်းတင်းနဲ့ အင်ဂျင်နီယာတစ်ယောက်ကို လုံးဝကြည့်လို့မရဘူး။ တစ်နေ့တော့ အစည်းဝေးတစ်ခုကို အတူသွားတက်ကြတယ်။ လမ်းမှာ သူက သူ့အင်္ကျီလက်ရှည်ကိုပင့်ပြီး ဘယ်ဘက်လက်ကိုပြတယ်။ ပြီးတော့ ဘာပြောသလဲဆိုတော့ “ကိုသိန်းဖေရာ ကျွန်တော် ၁၀တန်းနှစ်မှာ ကားတိုက်ခံရတယ်။ ကျွန်တော့်လက်ကို ကားဘီးဖြတ်ကြိတ်သွားတာ Operation သုံးခါလောက် လုပ်ရတယ်။ ဒါပေမဲ့ ကျွန်တော်လက်တံတောင်ဆစ်ဟာ ကောက်သွားတယ်။ ပြန်ဖြောင့်လို့မရတော့ဘူး။ လူသိမှာစိုးလို့ ကျွန်တော် အမြဲလက်ပိုက်ထားတာပါ။ လက်ကောက်တာကို လူမြင်မှာစိုးလို့ ဘယ်လောက်ပူပူ အင်္ကျီလက်ရှည် အမြဲဝတ်ထားရတယ်။ တစ်ခါတလေ အေးပြီဆိုရင် ဒီတံတောင်ဆစ်က ကိုက်လွန်းလို့ အံကြိတ်နေတယ်ဗျာ။ လူတွေက ထင်ကြမှာပေါ့။ ကျွန်တော် မျက်နှာကြောတင်းလွန်းတယ်လို့။ အဲဒီအချိန်ကစပြီး ကျွန်တော်ရဲ့ သူ့အပေါ် အမြင်ကတ်တဲ့စိတ်ဟာ သနားတဲ့စိတ်ကို ချက်ချင်းပြောင်းလဲသွားပါတော့တယ်။ အရမ်းခင်တဲ့ သူငယ်ချင်းတွေလည်း ဖြစ်သွားကြတယ်။

နောက်တစ်ခုရှိသေးတယ်။ စင်ကာပူချန်ဂီလေဆိပ်မှာ လုပ်နေတုန်းပါ။ တစ်နေ့ အလုပ်ဌာနအသစ်တစ်ခုကို ပြောင်းရတယ်။ ကျွန်တော့်လက်အောက်က shift အဆိုင်းနဲ့ ဆင်းကြတဲ့လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စကားကို အကျယ်ကြီးအော်ပြီးပြောကြတယ်။ ကျွန်တော် သူတို့ကို အတော်အမြင်ကတ်မိတယ်။ တစ်နေ့တော့ ကျွန်တော့်လက်ထောက် အေးလွင်ဦးက “အစ်ကို သူတို့ဘာလို့အော်ပြီး ပြောနေကြတာလဲ။ သိလား”လို့ မေးပါတယ်။ ကျွန်တော်က မသိဘူးလို့ပြောတော့ သူက “အဲဒီလူတွေဟာ လေဆိပ်မှာ လုပ်နေတာကြာပြီ။ လေယာဉ်ပျံတွေကြားမှာလုပ်ရတော့ လေယာဉ်ပျံအသံကြောင့် နားလေးနေကြတယ်လေ။ နားလေးသူတွေရဲ့ ထုံးစံပေါ့။တစ်ယောက်နဲ့တစ်ယောက် မကြားဘူးထင်ပြီး အော်ပြောနေကြတာပေါ့”။ အဲဒီနေ့ကစပြီး အဲဒီအလုပ်သမားတွေကို အရမ်းသနားသွားမိတော့တယ်။

ဒီအဖြစ်အပျက်လေးတွေကို အမြဲသတိရပြီး ကျွန်တော်တို့ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး အလျင်စလို အကဲမဖြတ်မိစေနဲ့လို့။ အကဲဖြတ်မယ်ဆိုရင်လည်း သူ့အကြောင်း ကောင်းကောင်းသိအောင် အရင်စုံစမ်းပါဦး။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts