တစ်နေ့တော့ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီး( Socrates) စီကို အိမ်နီးချင်းဖြစ်သူ အလွန်အတင်းအဖျင်းပြောတတ်တဲ့ လူတစ်ယောက် ရောက်လာပါတယ်။ ပညာရှင်ကြီးကလဲ ဒီလူဟာ အတင်းအဖျင်း အရမ်းပြောတတ်မှန်းသိထားပါတယ်။
ရောက်ရောက်ချင်းပဲ အဲဒီလူက စကားစပါတော့တယ်။ ‘ဆရာကြီး ခင်ဗျာ ဒီနေ့မနက်က ဆရာကြီးနဲ့ပတ်သက်တဲ့ သတင်းတစ်ခု ကြားခဲ့ပါတယ်။ အဒါပြောပြချင်လို့ ထမင်းတောင်မစားဘဲ ပြေးလာတာပါတဲ့’။
ဆိုကရေးတီးက သူ့ကိုစကားမဆက်ဖို့လက်ကာပြတားလိုက်ပြီး အခုလိုပြောလိုက်ပါတယ်။’မင်းရဲ့သတင်းကို ငါနားမထောင်ခင် မေးခွန်းသုံးခု မေးမယ်ကွာ။ အဲဒီမေးခွန်းတွေကိုဖြေပြီးမှ ငါမင်းရဲ့ သတင်းကိုနားထောင်မယ်’ တဲ့။
ထိုလူကလည်း ‘ဟုတ်ကဲ့ပါ ဆရာကြီး။မေးချင်တာမေးပါ ခင်ဗျာ’တဲ့။
‘ပထမဆုံး ငါမေးမယ့်မေးခွန်းက မင်းပြောတဲ့သတင်းမှာ ငါ့အတွက် ကောင်းတာပါသလား’
မပါပါဘူး ဆရာကြီး။ တကယ်တော့…’
‘ကောင်းပြီ။ငါ ဒုတိယမေးခွန်းကို ဆက်မေးမယ်။ မင်းရဲ့သတင်းမှာ ငါ့အတွက်အကျိုးရှိတာပါသလား’
‘မပါပါဘူး ဆရာကြီး။ဒါပေမယ့်….’
‘အေးပါ။ငါနောက်ဆုံး တတိယမေးခွန်းကို မေးဦးမယ်ကွာ။အဲဒီ သတင်းက အမှန်အကန်သတင်းလားကွ’
‘အသေအချာမသိပါဘူး ဆရာကြီး။ ကျွန်တော်ကြားရသလောက်တော့ဆိုရင်…’
‘ဟာကွာ မင်းရဲ့ သတင်းကကောင်းတာလည်း မပါ၊ ငါ့အတွက် အကျိုးရှိတာလည်းမပါ၊သတင်းမှန်လည်းမဟုတ်ဘဲနဲ့ ဘာဖြစ်လို့ အချိန်ကုန်ခံပြီး ငါ့လာပြောတာလဲကွ။ ငါ့မှာနားထောင်ဖို့အချိန်မရှိဘူး။ ထွက်သွားကွာ’ ဆိုပြီး ဆိုကရေးတီးက အဲဒီလူကို မောင်းထုတ်လိုက်ပါတယ်။
ပညာရှိတို့မည်သည်မှာ အတင်းအဖျင်းစကားများကို နားထောင်ဖို့အချိန်မပေးတတ်ကြပါ။ မိမိအတွက်ရော တစ်ပါးသူအတွက်ပါ အကျိုးမရှိသည့်ကိစ္စကိုအချိန်ပေး၍ပင် မပြောသင့်ကြောင်းအမှတ်ရမိစေပါသည်။
ဗန်းမော် သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူရေးသားဖော်ပြထားပါသည်။