လင်နှင့်မယား

လင်နှင့်မယား အလျင်အမြန်ဆုံး မသင့်မတင့် ဖြစ်စေသောနည်း

လွန်ခဲ့သော ၇၅ နှစ်ခန့်က တစ်တိုင်းပြည်လုံး၏ ဆန္ဒကို ဖီဆန်၍ နပိုလီယန်ကြီး၏တူ၊ တတိယ နပိုလီယန်ဘုရင်သည် မာရီအီဇယ်နီ ခေါ်သော မထင်ရှားသည့် မိန်းမလှတစ်ဦးကို တောင်ညာတင်လေသည်။

ဘုရင်မင်းမြတ်သည် မိဖုရားကြီးကို အလွန်မြတ်နိုးတော်မူသော်လည်း မိဖုရားကြီးသည် နားပူနားဆာ လုပ်လွန်းအားကြီးသောကြောင့် အတန်ကြာသော် ဘုရင်မင်းမြတ်သည် မေတ္တာတော် ပြယ်ရရှာ၏။ အလွန်ကျယ်ပြန့်သော နန်းတော်ကြီးတစ်ခုလုံးတွင် ဘုရင်မင်းမြတ်သည် ဆိတ်ငြိမ်ရာကို အနည်းငယ်မျှ ရှာမရပေ။ ဘုရင်မင်းမြတ်သည် တိုင်းရေးပြည်မှုကို စီမံခန့်ခွဲနေစဉ်တွင်ပင် အခြားမိန်းမတစ်ဦးဦးနှင့် အပျော်ကျူးနေသည်ဟု အထင်တော်ပေါက်ပြီးလျှင် မိဖုရားကြီးသည် ဘုရင်မင်းမြတ်၏ အလုပ်ခန်းတွင်းသို့ ဇွတ်အတင်း ဝင်ရောက်နှောင့်ယှက်တတ်၏။ အရေးကြီးသော တိုင်းရေးပြည်မှုများကို ဆွေးနွေးတိုင်ပင်နေစဉ်တွင်ပင် မိဖုရားကြီးသည် အစဉ် ဝင်ရောက်စွက်ဖက်၏။ ဘုရင်မင်းမြတ်သည် ဘယ်သောအခါမျှ နားမအေးရပေ။

ဤသို့ နားပူနားဆာလုပ်သဖြင့် ဘာဖြစ်သည်ကို ကြည့်ကြစို့။ ဘုရင်မင်းမြတ်သည် ညဉ့်နက်သန်းခေါင်အချိန်တွင် နန်းတော်၏ မလွယ်ပေါက်မှ ကိုယ်ရံတော်တစ်ဦးနှင့် ရုပ်ဖျောက်၍ ထွက်ပြီးလျှင် နားအေးရာအရပ်တွင် ကိုယ်လုပ်တော်တစ်ဦးဦးနှင့် ပျော်ပါးလေ့ရှိ၏။ ဤသည်ကား နားပူနားဆာ လုပ်မိသောကြောင့် မိဖုရားကြီး ရရှိသော အပြစ်ဒဏ်ပေတည်း။

အချစ်ကိုပြယ်အောင်လုပ်ရန် အစွမ်းဆုံးသော ဆေးသည် နားပူနားဆာလုပ်ခြင်းပင် ဖြစ်လေသည်။ ဤဆေးကို သုံးလိုက်လျှင် မည်သည့်အချစ်မျိုးမျှ မခံနိုင်ချေ။ မြွေဟောက်၏အဆိပ်သည် သတ္တဝါဟူသရွေ့ကို သတ်ဖြတ်ဖျက်ဆီးနိုင်သလို နားပူနားဆာ လုပ်ခြင်းသည်လည်း အချစ်ဟူသမျှကို သတ်ဖြတ်ဖျက်ဆီးနိုင်၏။ ရုရှား စာရေးဆရာကြီး တော်စတွိုင်း၏ မိန်းမဖြစ်သူသည် နားပူနားဆာ ပြုလုပ်ခြင်း၏ မကောင်းကြောင်းကို အချိန်နှောင်းမှ သိရလေသည်။ သူ မသေခင်ကလေးတွင်မှ သူ့သမီးများကို ‘ညည်းတို့အဖေ သေရတာ ငါ့ကြောင့်ပဲ’ ဟု ပြောသွားခဲ့လေသည်။ သူတို့၏မိခင်သည် သူတို့၏ဖခင်ကို အစဉ်မပြတ် နားပူနားဆာ လုပ်ခဲ့ကြောင်းကို ကောင်းစွာသိရှိပြီးသားဖြစ်သော သမီးများကမူကား ဘာမျှပြန်မပြောဘဲ ငို၍သာ နေကြလေသည်။

သူတို့ညားစက တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခင်စုံမက်ခဲ့ကြ၏။ ပစ္စည်းကလည်း ချမ်းသာ၊ ဂုဏ်ဒြပ်နှင့်လည်း ပြည့်စုံသဖြင့် လိုလေသေးဟူ၍ မရှိရကား ဇနီးမောင်နှံတို့သည် အလွန်ပျော်ရွှင်လျက် ရှိကြ၏။ နှစ် အတော်ကြာညောင်းသောအခါ တော်စတွိုင်း၏ အယူအဆတို့သည် တစ်စတစ်စ ပြောင်းလဲလာလေသည်။ ရှေးအခါက စည်းစိမ်ဥစ္စာတို့ကို တွယ်တာခဲ့သော်လည်း ထိုသို့ စိတ်ပြောင်းလဲလာသောအခါ စည်းစိမ်ဥစ္စာတို့သည် ဒုက္ခအပါင်းတို့၏ တည်ရာဖြစ်သည်ဟု ယူဆပြီးလျှင် ရှိသမျှကို စွန့်၍ ဆင်းဆင်းရဲရဲ နေထိုင်လျက်ရှိ၏။ ဤသို့ နေထိုင်ခြင်းကို သူ၏မိန်းမသည် သည်းမခံနိုင်ချေ။

တစ်ရံရောအခါ တော်စတွိုင်းသည် အဖိုးအခမယူဘဲ မိမိရေးသားထားသော စာအုပ်များကို ပုံနှိပ်ရန် ပေးလိုက်သောအခါ သူ၏ဇနီးသည် များစွာ မကျေမချမ်းဖြစ်သောကြောင့် ဆူပူရင်း တက်သွား၏။ အတက်ကျသောအခါ ကြမ်းပေါ်တွင် လူးလှိမ့်ရင်း ဘိန်းပုလင်းကို နှုတ်ခမ်းတွင်တေ့ပြီးလျှင် သူ့ကိုယ်သူ သတ်သေမည်ဟု ခြိမ်းခြောက်သေး၏။ အတော်သနားစရာကောင်းသော အဖြစ်အပျက်ကလေးတစ်ခုမှာကား အောက်ပါအတိုင်းပင် ဖြစ်၏။

အိမ်ထောင်ပြု၍ အနှစ် ၄၈ နှစ်မျှ ကြာသောအခါ တော်စတွိုင်းသည် မိမိ၏ဇနီးဖြစ်သူကို မျက်နှာချင်းပင် မဆိုင်ချင်လောက်အောင် စိတ်နာလျက်ရှိ၏။ တစ်နေ့တွင် သူ၏ဇနီးသည် သူ၏ ခြေရင်းတွင် လာ၍ထိုင်ပြီးလျှင် သူတို့အိမ်ထောင်မကျမီက သူ့အကြောင်းကို တော်စတွိုင်းကိုယ်တိုင် ဖွဲ့နွဲ့ရေးသားထားသော မေတ္တာစာများကို ပြန်လည်ဖတ်ပြရန် တောင်းပန်ရှာ၏။ ထိုစာများကို တော်စတွိုင်းသည် ဖတ်ပြပြီးသောအခါ ထိုကဲ့သို့ အချစ်များ ပျက်ပြယ်ကုန်သည့်အဖြစ်ကို တွေးမိကြသဖြင့် နှစ်ဦးစလုံး ရှိုက်ကြီးတငင် ငိုကြွေးကြလေသည်။

နောက်ဆုံးတွင် တော်စတွိုင်းသည် အသက် ၈၂ နှစ် ရှိသောအခါ မိန်းမဖြစ်သူ၏ နားပူနားဆာလုပ်ခြင်းကို အလျဉ်း သည်းမခံနိုင်တော့ပြီဖြစ်ရကား ညတစ်ညတွင် ဆီးနှင်းများ ပြင်းထန်စွာကျလျက်ရှိစဉ် နေအိမ်မှ ခြေဦးတည့်ရာသို့ ထွက်ပြေးလေသည်။ ၁၁ ရက်ကြာသောအခါ မီးရထား ဘူတာရုံတစ်ရုံတွင် အအေးမိပြီးလျှင် အဆုတ်ရောင်ရောဂါနှင့် အနစ္စရောက်ရရှာ၏။ အနိစ္စမရောက်မီကလေးတွင် နောက်ဆုံးတောင်းပန်သွားသော စကားများမှာ သူ့ဆီသို့ သူ့မိန်းမကို ဘယ်နည်းနှင့်မျှ ခေါ်မလာရန်ပင် ဖြစ်လေသည်။

ဤသည်ကား နားပူနားဆာလုပ်မိသဖြင့် ဖြစ်ရသော အဖြစ်အပျက်ပေတည်း။

သမ္မတမင်းလင်ကွန်း၏ မိန်းမသည်လည်း အလွန်နားပူနားဆာ လုပ်တတ်၏။ အခြားပြောစရာမရှိလျှင် လင်ဖြစ်သူကို နားရွက်ကြီးက ကြီးလိုက်တာ၊ နှာခေါင်းကလည်း ကောက်သေးရဲ့၊ အောက်နှုတ်ခမ်းကြီးကလည်း တွဲလို့၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း ရှူနာသည်နဲ့ တူကတူရဲ့၊ လက်တွေခြေတွေ သိပ်ကြီးပြီး ခေါင်းက သိပ်သေးတာပဲ အစရှိသဖြင့် တောင်စဉ်ရေမရ စကားများကိုပြောကာ လင်ဖြစ်သူကို နားပူနားဆာလုပ်တတ်၏။

ယခုခေတ်တွင် လင်ကွန်း၏ အတ္ထုပတ္တိကို အသိဆုံးဖြစ်သူ တစ်ဦးဖြစ်သော အမေရိကန်အထက်လွှတ်တော်အမတ် အယ်လဘတ် ဂျေ ဘဲဗာရစ်သည် လင်ကွန်း၏ ဇနီးသည်အကြောင်းကို အောက်ပါအတိုင်း ရေးသားခဲ့ဖူးသည်။ ‘မစ္စလင်ကွန်း၏ စူးရှကျယ်လောင်သောအသံကို လမ်းတစ်ဖက်မှ ကြားနိုင်လေသည်။ မကြာခဏ ဒေါသနှင့် အော်ဟစ်ကြိမ်းမောင်းသော အသံကို အိမ်နီးနားချင်းတို့သည် ကောင်းစွာ ကြားရ၏။ ဒေါသဖြစ်လာသောအခါ အော်ဟစ်ကြိမ်းမောင်းရုံဖြင့် မကျေနပ်သေးဘဲ မကြာခဏ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်လေသည်။

သူတို့လင်မယားသည် ညားပြီး၍ မကြာမီ လူအများရှေ့တွင် မစ္စက်လင်ကွန်းသည် သူ့ယောက်ျား၏မျက်နှာကို ပူလျက်ရှိသော ကော်ဖီထည့်ထားသည့် ပန်းကန်နှင့် တအားကုန် ပေါက်ခဲ့ဖူးလေသည်။

လင်ကွန်းနေထိုင်သော စပရင်းဖီးမြို့တွင် ရှေ့နေ ၁၁ ဦး ရှိ၏။ ထိုတစ်မြို့တည်းနှင့် မစားလောက်သဖြင့် ရှေ့နေ ၁၁ ဦးသည် တရားသူကြီး ဒေးဗစ်ဒေးဗီ လှည့်လည်ရုံးထိုင်ရာ အရပ်များသို့ အတူလိုက်၍ ရှေ့နေလိုက်ကြရ၏။ လင်ကွန်းမှလွဲ၍ အခြားရှေ့နေများသည် စနေနေ့ညနေတွင် ရောက်ရာအရပ်မှ စပရင်းဖီးသို့ ပြန်ကြပြီးလျှင် မိမိတို့၏ သားမယားနှင့် ရုံးပိတ်ရက်အတွင်း အတူတူ နေကြလေသည်။ လင်ကွန်းမှာမူကား အိမ်ပြန်ရမည်ကိုပင် ကြောက်လျက်ရှိ၏။ တစ်နှစ်တွင် ခြောက်လလောက် အိမ်မပြန်ဘဲ အနီးအနားရှိ ဟိုတယ်များတွင် ဖြစ်သလို ကြည့်၍နေသွားခဲ့၏။ ထိုအချိန်အခါက ဟိုတယ်များတွင် နေထိုင်ခြင်းသည်ကား ချမ်းမြေ့သက်သာခြင်း မရှိသေးသော်လည်း လင်ကွန်းသည် နားပူနားဆာ လုပ်ခြင်းခံရသောအိမ်ထက် ဟိုတယ်ကို ပိုမို၍ ကြိုက်နှစ်သက်၏။

မစ္စက်လင်ကွန်း၊ မိဖုရားကြီး မာရီ အီဇယ်နီနှင့် တော်စတွိုင်၏ ဇနီးသည်တို့သည် သူတို့၏ခင်ပွန်းသည်များအပေါ်တွင် နားပူနားဆာ လုပ်မိကြသောကြောင့် စွန့်ပစ်ခြင်းခံရသော အပြစ်ဒဏ်တို့ကို ရရှိခဲ့ကြလေပြီ။ ဤသို့ နားပူနားဆာပြုလုပ်ခြင်းဖြင့် သူတို့လိုရာကိုမရဘဲ စိတ်မချမ်းမြေ့ခြင်းသာလျှင် အဖတ်တင်လေသည်။ နားပူနားဆာလုပ်ခြင်းသည် သူတို့၏အသက်ဘူးဖြစ်သော အချစ်ကိုပင် ပြန်၍ ဖျက်ဆီးပစ်လေသည်။

ဘက်စီ ဟမ်ဘာဂါသည် နယူးယောက်မြို့၏ လင်ခန်း မယားခန်းရုံးတွင် ၁၁ နှစ်တိုင်တိုင် အမှုထမ်းဖူး၍ မယားကို ပစ်ပြေးသော ယောက်ျားတို့၏ အမှုထမ်းထောင်ပေါင်းများစွာကို စစ်ဆေးကြည့်ရှုဖူး၏။ ‘ယောက်ျားများ အိမ်မှထွက်ပြေးခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ အခြားမဟုတ်၊ အိမ်ကမိန်းမ နားပူနားဆာ လုပ်သောကြောင့်ပင် ဖြစ်ပေသည်’ ဟူ၍ ဘက်စီဟမ်ဘာဂါ က ပြောပြခဲ့ဖူး၏။

ဘော်စတန် ပို့ ခေါ် သတင်းစာတစ်စောင်ကမူကား ‘များစွာသော မိန်းမတို့သည် ဘာမှမဟုတ်သည့် အရာကလေးများဖြင့် မိမိတို့၏အိမ်ထောင်ရေးကို ဖျက်ဆီးပစ်တတ်ကြလေသည်’ ဟူ၍ အတိအလင်း ရေးသားခဲ့ဖူးလေသည်။

ထို့ကြောင့် အကြင်လင်နှင့် မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလိုကြပါလျှင် နားပူနားဆာ မလုပ်နှင့်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts