hapeye

ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည် (အပိုင်း – ၁)

သီအိုရီ ရုစဗဲ့သည် အမေရိကန်ပြည်၏ သမ္မတဖြစ်စဉ်က သူ လုပ်သမျှကိစ္စတို့သည် ၇၅ ရာခိုင်နှုန်းမျှ မှန်ကန်ခဲ့ပါလျှင် သူသည် သူမျှော်လင့်ထားသည့်အတိုင်း ထိပ်ဆုံးအတန်းကို ရောက်ရှိလိမ့်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးလေသည်။ ယခုခေတ်၏ ထိပ်တန်းအကျဆုံးသော ပုဂ္ဂိုလ်ကြီးတစ်ယောက်လုံးက သူ လုပ်သမျှသော ကိစ္စ ၁၀၀ လျှင် ၇၅ ခုလောက်ပင် မမှန်ဟုဆိုလျှင် သင်နှင့် ကျွန်ုပ်တို့မှာမူကား အဘယ်ဆိုဖွယ်ရာ ရှိပါမည်နည်း။ အကယ်၍ သင်သည် သင်လုပ်သမျှကိစ္စတွင် ၅၅ ရာခိုင်နှုန်း မှန်သည်ဟု သေချာလျှင် ဝေါလမ်းသို့သွား၍ တစ်နေ့လျှင် ဒေါ်လာတစ်သန်းလောက်ရအောင် လုပ်၊ ရွက်လှေကိုဝယ်၊ အငြိမ့်မင်းသမီးကလေးနှင့် လက်ထပ်၍ နေနိုင်ပေလိမ့်မည်။ သင်ကိုယ်တိုင်ပင်လျှင် တစ်ရာမှာ ၅၅ ကြိမ်လောက်မျှ မမှန်နိုင်လျှင် တစ်ဖက်သားအား အဘယ့်ကြောင့် မှားသည်ဟု သင်သည် စွပ်စွဲပေမည်နည်း။

သင်သည် လူတစ်ဦးတစ်ယောက်အား မှားသည်ဟု စကားဖြင့်သာ ထင်ရှားအောင် စွပ်စွဲနိုင်သည်မဟုတ်၊ သင်၏ မျက်နှာပေး အမူအရာဖြင့်သော်လည်းကောင်း၊ လေယူလေသိမ်းဖြင့်သော်လည်းကောင်း၊ ကိုယ်ဟန်လက်ဟန်ဖြင့်သော်လည်းကောင်း စကားကဲ့သို့ပင် ထင်ရှားအောင် စွပ်စွဲနိုင်လေသည်။ ထို့ကြောင့် အကယ်၍ သင်သည် တစ်ဖက်သားကို မှားသည်ဟု တစ်နည်းနည်းဖြင့် စွပ်စွဲလိုက်လျှင် ထိုအစွပ်စွဲခံရသောသူသည် သင်နှင့် စိတ်သဘောချင်း ညီညွတ်နိုင်ပါဦးမည်လား။ ဘယ်နည်းနဲ့မျှ ညီညွတ်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤသို့စွပ်စွဲလိုက်ခြင်းဖြင့် အစွပ်စွဲခံရသူ၏ အသိဉာဏ်နှင့် ‘ငါ’ တည်းဟူသော မာနကို သင်သည် တိုက်ရိုက်စော်ကားခြင်း ဖြစ်လေသည်။ ဤကဲ့သို့ စော်ကားခြင်းကြောင့် အစော်ကားခံရသူသည် သင့်ကို ပြန်၍ ‘တွယ်’ ချင်ပေလိမ့်မည်။ သို့ရာတွင် သူ့စိတ်ကို ပြင်ချင်လိမ့်မည်ကား မဟုတ်။ ပညာရှိကြီးများ ဖြစ်ကြသော ပလေတိုနှင့် အင်မနျူရယ်ကန့် တို့၏ ကျမ်းစာအုပ်များကို အကိုးအကားလုပ်ပြစေကာမူ မာနကို တိုက်ရိုက်အစော်ကားခံရသော သူသည် သင်ပြောသမျှစကားကို နာယူတော့မည် မဟုတ်ပေ။

တစ်ဖက်သားနှင့် စကားပြောသောအခါ ‘မင်း နားလည်အောင် ငါရှင်းပြမယ်’ ဟူသော စကားမျိုးကို ဘယ်အခါမှ မသုံးလေနှင့်။ ထိုစကားမျိုးသည် အတော်ပင် ကန့်လန့်ကျသော စကားမျိုး ဖြစ်လေသည်။ ထိုစကားမျိုးကို သုံးခြင်းဖြင့် ‘ငါ မင်းထက်တော်တယ်၊ ငါ့စကားကို နားထောင်မိရင် မင်းရဲ့နဂိုစိတ်ထားတွေ ပြောင်းကုန်လိမ့်မယ်’ ဟူ၍ ပြောရာရောက်လေသည်။ ဤစကားသည် တစ်ဖက်သားအပေါ်တွင် ဆရာလုပ်ချင်သော စကားဖြစ်လေသည်။ ထို့ကြောင့် ထိုစကားမျိုးကို ပြောမိလျှင် သင်ပြောချင်သည့် စကားကိုမှ ရေလည်အောင် မပြောရသေးမီ တစ်ဖက်သားတွင် သင့်အား ကလန်ကဆန် ပြန်၍ ပြောချင်သောစိတ်များ ပေါ်ပေါက်လာတော့သည်။

တစ်ဖက်သား၏ အယူအဆကို ပြုပြင်ပြောင်းလဲအောင် လုပ်ရန်ကိစ္စသည် စိတ်အလွန်ကြည်ကြည်လင်လင် ဖြစ်နေသာ အခါများပင်လျှင် ခက်ခဲလျက်ရှိရာ အဘယ့်ကြောင့် သင်သည် ဤကိစ္စကို ပို၍ ခက်ခဲအောင် လုပ်ချင်ရသနည်း။ မကြိုးစားရသေးမီကပင် ရှုံးနေသောကိစ္စကို အဘယ်ကြောင့် လုပ်ချင်ရသနည်း။ တစ်ဖက်သား မသိသည်ကို သိအောင်ပြောလိုသောအခါ ထိုကဲ့သို့ ပြောမှန်းကို တစ်ဖက်သားအား အသိမပေးပါနှင့်။ ပြောရာတွင် အလွန်ပါးနပ်ပါစေ။ သင့်စကားကို နားထောင်နေသော သူကိုယ်တိုင်က သင်သည် သူ့ကို ဆုံးမနေသည်ဟု မထင်အောင် ပြောပါလေ။ ‘လူကလေး တတ်နိုင်လျှင် အခြားသူများထက် ပို၍ ပညာရှိအောင် ကြိုးစားပါ၊ သို့ရာတွင် ဤကဲ့သို့ ပို၍ ပညာရှိကြောင်းကို အခြားသူများအား မပြောပါလေနှင့်’ ဟူ၍ လော့ချက်စတာဖီး ဆိုသူ ပညာရှင်တစ်ဦးက သူ၏သားကို ဆုံးမဖူးလေသည်။

အနှစ် ၂၀ လောက်က မှန်သည်ဟု ကျွန်ုပ် ယုံကြည်ခဲ့သော အရာများအနက် အလီပေါင်းကလွဲ၍ အခြားအရာများကို ကျွန်ုပ်သည် နှစ်နှစ်ကာကာ မယုံတော့ချေ။ အိုင်းစတိုင်း၏ စာအုပ်များကို ဖတ်ပြီးသောအခါ အလီပေါင်းကိုပင် သံသယ ဖြစ်လာပြန်လေသည်။ နောက် အနှစ် နှစ်ဆယ်လောက် ကြာလျှင် ယခုစာအုပ်ထဲတွင် ရေးသော စကားများကို ကျွန်ုပ်ကိုယ်တိုင် ယုံချင်မှ ယုံတော့မည်။ မည်သည့်အရာမျိုးကိုမျှ ကျွန်ုပ်သည် ရှေးကလောက် ယုံယုံကြည်ကြည် မရှိတော့ပေ။ ‘ငါသိသော အရာတစ်ခုတည်းသာ ရှိသည်၊ ထိုအရာသည်ကား အခြားမဟုတ်၊ ငါဘာမှ မသိသေး ဟူ၍ သိခြင်းပင် ဖြစ်သည်’ ဟု ဆိုကရေးတီး ဆိုသူ ပညာရှိကြီးသည် သူ၏ တပည့်များကို အေသင်မြို့တွင် မကြာခဏ ပြောခဲ့ဖူးလေသည်။

ကျွန်ုပ်သည် ဆိုကရေးတီးထက် ပို၍ ပညာမရှိနိုင်ချေ။ ဆိုကရေးတီးတစ်ယောက်လုံးကပင် ဤသို့ပြောလျှင် ကျွန်ုပ်မှာ ပြောဖွယ်ရာ မရှိတော့ပြီ။ ထို့ကြောင့် တစ်ဖက်သားအား မှားသည်ဟု ပြောဆိုသောအကျင့်ကို ကျွန်ုပ်သည် လုံးလုံးစွန့်လိုက်လေပြီ။ ဤကဲ့သို့ စွန့်လိုက်ခြင်းကြောင့် အကျိုးရှိသည်ကို ကျွန်ုပ်ကိုယ်တိုင် တွေ့ရဖူးလေသည်။ အကယ်၍ လူတစ်ယောက်သည် စကားတစ်ခုကို ပြောလိုက်ရာ ထိုစကားသည် မှားသည်ဟု သင်ကိုယ်တိုင် အကယ်စင်စစ် သေချာကျနစွာ သိရှိသည့်တိုင်အောင် ထိုသူ့ကို မှားသည်ဟု တိုက်ရိုက်မပြောဘဲ အောက်ပါစကားမျိုးဖြင့် ပြောရလျှင် မကောင်းပေဘူးလား။

‘ဒီမှာအဆွေ၊ ကျွန်တော် ထင်တာက တစ်မျိုးဖြစ်နေတယ်၊ ကျွန်တော်ထင်တာ မှားချင်လည်း မှားမှာပဲ၊ ကျွန်တော်က အတွေးတော့ တော်တော်ခေါင်တတ်တယ် အကြောင်းချင်းတစ်ခုစီကို ပြန်ပြီးစစ်ကြည့်ရအောင်’ အစရှိသော စကားလုံးများသည် အတော်တာသွားသော စကားများဖြစ်၏။ ‘ကျွန်တော် မှားချင်လည်း မှားမှာပဲ၊ အကြောင်းချင်းတစ်ခုစီကို ပြန်ပြီး စစ်ကြည့်ရအောင်’ အစရှိသော စကားမျိုးကို ဘယ်လူမျိုးမှ ကန့်ကွက်လိမ့်မည်မဟုတ်ပေ။ လောကဓာတ်ဆရာကြီးတစ်ဦး၏ စကားသုံးနှုန်းပုံကို ကြည့်ကြဦးစို့။ တစ်ခါတုန်းက စတက်ဖင်ဆန် ဆိုသူနှင့် ကျွန်ုပ် တွေ့ဖူး၏။ သူသည် နာမည်ကျော် လောကဓာတ်ဆရာကြီးတစ်ဦး ဖြစ်၏။ အလွန်အေးသော အာတိတ်စက်ဝိုင်း၏ မြောက်ဘက်တွင် ဆယ့်တစ်နှစ်ကြာအောင် နေခဲ့သည့်ကာလတွင် ခြောက်နှစ်တိုင်တိုင် အမဲသားနှင့် ရေကိုသာ မှီဝဲခဲ့လေသည်။ သူနှင့်တွေ့သောအခါ သူကိုယ်တိုင် စမ်းသပ်စစ်ဆေးလျက်ရှိသော လောကဓာတ်နည်းတစ်နည်းကို ကျွန်ုပ်အား ပြောပြသဖြင့် ဘယ်လိုနည်းသစ်တွေကို လက်တွေ့ပြမတုံး ဟူ၍ မေးဖူး၏။ ထိုအခါ ‘လောကဓာတ်ဆရာဆိုတာ စင်စစ်မတော့ နည်းသစ်တွေကို လက်တွေ့ပြဖို့ မကြိုးစားပါ၊ ရှိပြီးသားနည်းဟောင်းတွေကို မပေါ်ပေါ်အောင် ရှာတာပါပဲ’ ဟူ၍ ကျွန်ုပ်ကို ပြန်ပြော၏။ ကျွန်ုပ်သည် ထိုစကားများကို မည်သည့်အခါမျှ မေ့နိုင်မည် မဟုတ်ပေ။

စကားပြောရာတွင် သင်ကိုယ်တိုင် မှားကောင်းမှားလိမ့်မည် ဟူ၍ ဝန်ခံခြင်းဖြင့် သင့်တွင် ဘေးမဖြစ်နိုင်။ ဤကဲ့သို့ ဝန်ခံခြင်းကြောင့် ဘာကိုမျှ ငြင်းခုံစရာ မလိုရုံသာမက သင်နှင့် စကားပြောနေသော တစ်ဖက်သားသည်လည်း သင်ကဲ့သို့ပင် စိတ်သဘောထားကြီးလာ၍ သင်ကဲ့သို့ပင် မှားကြောင်းကို ဝန်ခံချင်သော စိတ်ထားများ ပေါ်ပေါက်လာပေမည်။ တစ်ဦးတစ်ယောက်သောသူသည် မှားယွင်းလျက် ရှိသောအခါ မှားသည်ဟု ထိုသူအား တုံးတိတိကြီး ပြောမိသောကြောင့် မည်ကဲ့သို့ ဖြစ်ဖူးကြောင်း သာဓကတစ်ခုကို ဖော်ပြပါအံ့။

လပ်စဂါတင်နှင့် ဖလိကော်ပိုရေးရှင်း တို့ ဖြစ်ကြသော အမှုကြီးတစ်ခုသည် အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ များမကြာမီက ရောက်လာလေသည်။ ထိုအမှုတွင် မစ္စတာအက်စ် ဆိုသူက ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်လာလေသည်။ တရားဖြစ်နေသော ငွေမှာ အလွန်များပြားရုံသာမက ဥပဒေတစ်ရပ်နှင့် စပ်လျဉ်း၍ မရှင်းလင်းသော အချက်များလည်း အကျုံးဝင်လျက်ရှိရကား ထိုအမှုသည် အလွန်အရေးကြီးသော အမှုတစ်ခု ဖြစ်လေသည်။ ထိုအမှုနှင့် စပ်လျဉ်း၍ လျှောက်လဲနေစဉ် ‘ရေဘက်ဆိုင်ရာတွင် စာချုပ်များကို ကန့်သတ်ပိုင်းခြားထားသည့်နှစ်ဟာ ခြောက်နှစ်မဟုတ်ဘူးလား’ ဟု တရားဝန်ကြီးတစ်ဦးက မစ္စတာအက်စ်ကို ဖြတ်၍ မေးလိုက်လေသည်။ မစ္စတာအက်စ်ကလည်း လျှောက်လဲချက်ကို ခေတ္တရပ်၍ မေးသော တရားဝန်ကြီးကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီးနောက် ‘ရေတပ်ဘက်ဆိုင်ရာတွင် စာချုပ်ကန့်သတ်သည့် ဥပဒေမရှိပါ’ ဟု တုံးတိတိ ပြန်ပြောလိုက်သည်။

‘ဒီလိုလည်း ပြန်ပြီး ဖြေလိုက်ပါရော တစ်ရုံးလုံးလည်း မီးကို ရေနှင့်သတ်သလို တိတ်သွားတာပဲ၊ ကျွန်ုပ်ကမှန်ပြီး တရားဝန်ကြီးက မှားလို့ မှားကြောင်းကို ပြောမိတာ အမှန်ပဲ၊ သို့ပေမယ့် ဒီလိုပြောလိုက်လို့ တရားဝန်ကြီးက ကျွန်ုပ်အပေါ်မှာ မေတ္တာရှိလာသတဲ့လား၊ မရှိဘူး၊ ဥပဒေအရဆိုလျှင် ကျွန်ုပ်မှန်သည်ဟု ယနေ့ထက်တိုင် ကျွန်ုပ် ကောင်းစွာ ယုံကြည်၏။ နောက်ပြီးတော့လည်း အဲဒီနေ့က ခါတိုင်း နေ့တွေကထက် ကျွန်ုပ်၏လျှောက်လဲချက်ဟာ ပိုပြီးကောင်းတယ်လို့ ကျွန်ုပ် ကိုယ်တိုင် သိတယ်၊ သို့ရာတွင် ကျွန်ုပ်သည် အလွန်ပညာရှိ၍ နာမည်ကျော်ကြားသော တရားဝန်ကြီးတစ်ဦးကို ဖျောင်းဖျောင်းဖျဖျ မပြောဘဲ မှားသည်ဟု တုံးတိတိ ပြောမိသောကြောင့် အမှားကြီး မှားခဲ့ဖူးလေသည်ဟူ၍ မစ္စတာအက်စ်ကိုယ်တိုင် ကျွန်ုပ်၏တပည့်များကို ပြောပြဖူးလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts