hapeye

ဒါကိုမလုပ်လျှင် ချောက်ကျမည် (အပိုင်း – ၁)

၁၉၈၉ ခုနှစ်တွင် နယူးယောက်မြို့၊ ရော့ကလန်ကောင်တီ အရပ်တွင် ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လေသည်။ ထိုအရပ်တွင် ကလေးတစ်ယောက် အနိစ္စရောက်၍ အိမ်နီးချင်းတို့သည် မသာပို့ရန် စီစဉ်လျက်ရှိသောကြောင့် ဂျင်ဖားလေးလည်း ရထားကရန် မြင်းဇောင်းမှ မြင်းကို ထုတ်လာ၏။ မြေကြီးသည် ဆီးနှင်းများဖြင့် ဖုံးအုပ်လျက်ရှိပြီးလျှင် ဥတုမှာ ချမ်းစိမ့်စိမ့် ရှိလေသည်။ မြင်းဇောင်းမှ မြင်းကို မထုတ်ရသည်မှာ ကြာပြီဖြစ်သောကြောင့် မြင်းသည် ညောင်းလျက်ရှိ၏။ သူ့ကို ရေတိုက်ရန် ရေစည်ရှိရာသို့ ဆွဲလာစဉ် မြူး၍ လှည့်ပတ်ပြေးရင်း နောက်ခြေနှစ်ဖက်စလုံးကို မြှောက်ကန်လိုက်ရာ ဂျင်ဖားလေးမှာ ထိုနေရာတွင် ပွဲချင်းပြီးသေလေသည်။ ထို့ကြောင့် စတုန်းနီပွိုင့် ရွာကလေးတွင် ထိုအပတ်က မသာနှစ်လောင်း ချရ၏။

ဂျင် ဖားလေးတွင် မယားနှင့်သားသုံးယောက် ကျန်ရစ်ခဲ့၏။ ထိုမိသားစုသည် ဂျင် ဖားလေးအတွက် ပြုလုပ်ထားသော အသက်အာမခံမှ ဒေါ်လာငွေ လေးငါးရာလောက် ရလိုက်ကြ၏။

သားသုံးယောက်တွင် အကြီးဆုံးကို ဂျင် ဖားလေးဟူ၍ပင် အမည်ပေး၏။ သူ၏ဖခင် အနိစ္စရောက်စက ထိုသူငယ်သည် ၁၀ နှစ်ခန့်သာ ရှိသေး၍ အုတ်ကျင်းတွင် အလုပ်လုပ်ရ၏။ ထို သူငယ်ကလေး ဂျင်သည် ပညာသင်ကြားခွင့်မရ။ သို့ရာတွင် အိုင်းရစ်လူမျိုးတို့၏ ဖော်ရွေခြင်းဖြင့် သူ့ကို လူချစ်လူခင်ပေါများအောင် လုပ်တတ်၏။ ထို့ကြောင့် နိုင်ငံရေး လိုက်စား၍ နှစ်ပရိစ္ဆေဒ ကြာလာသောအခါ လူတို့၏ အမည်ကို အံ့သြလောက်အောင် မှတ်မိလေသည်။

သူသည် အထက်တန်းကျောင်းသို့ ရောက်အောင်ပင် စာမသင်ဖူးသော်လည်း အသက် ၄၆ နှစ်မတိုင်မီ ကောလိပ်ကျောင်း ၄ ကျောင်းမှ ဘွဲ့ထူးများဖြင့် ချီးမြှင့်ခြင်းကို ခံရလေသည်။ ဒီမိုကရက်တစ် နေရှင်နယ်ကော်မတီတွင် သူသည် ဥက္ကဌဖြစ်၍ အမေရိကန်ပြည်၏ စာတိုက်မင်းကြီး ဖြစ်လာ၏။

တစ်ခါက ဂျင်ဖားလေးထံသို့ သွားရောက်တွေ့ဆုံပြီးလျှင် ထိုမျှ တိုးတက်ကြီးပွားအောင် လုပ်နိုင်သော သူ၏ နည်းကောင်းကို ကျွန်ုပ်အား ပြောကြားရန် မေး၏။ ‘အလုပ်ကို ကြိုးစားလုပ်လို့ပါပဲ’ ဟု သူက ပြန်ပြော၏။ ထိုအခါ ‘နောက်မနေပါနဲ့ဗျာ’ ဟု ကျွန်ုပ်က ပြောလိုက်လေသည်။

‘ဒါဖြင့် ကျွန်တော့်နည်းဟာ ဘာရယ်လို့ ခင်ဗျား ထင်သလဲ’ ဟု သူက ပြန်မေးရာ ‘လူတစ်သောင်းလောက်ရဲ့ နာမည်ကို တစ်လုံးမှ မမှားအောင် မှတ်မိနိုင်တာဟာ ခင်ဗျားရဲ့နည်းကောင်းလို့ ကျွန်တော် ယူဆမိတယ်’ ဟု ကျွန်တော်က ပြော၏။

‘ဒီလိုဆိုရင် ခင်ဗျားမှားပြီ၊ ကျွန်တော် လူပေါင်းငါးသောင်းကျော်ရဲ့ နာမည်ကို တစ်လုံးမျှ မမှားအောင် မှတ်နိုင်တယ်’ ဟု သူက ထပ်၍ ပြောလေသည်။ ထိုစကားကို သံသယ မဖြစ်ပါနှင့်။ ထိုမျှ များပြားသော နာမည်ကို မှတ်နိုင်သော ဂျင်ဖားလေး၏ မှတ်ဉာဏ်သည် ဖရန့်ကလင် ဒီ စရုဗဲ့သည် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်အောင် လုပ်ပေးခဲ့ဖူးလေပြီ။

ဓာတ်မြေသြဇာရောင်းသော အလုပ်တိုက်တစ်တိုက်အတွက် နယ်လှည့်ကိုယ်စားလှယ် လုပ်စဉ်ကလည်းကောင်း၊ စတုန်းနီးပွိုင့် ရွာကလေးတွင် မော်ကွန်းထိန်း လုပ်နေစဉ်ကလည်းကောင်း သူသည် လူနာမည်များကို မှတ်သားမိရန် စနစ်တစ်ခုကို ထွင်ခဲ့လေသည်။

ထိုစနစ်ကို စလုပ်ရန် အလွန်လွယ်ကူလေသည်။ လူသစ်တစ်ယောက်နှင့် မိတ်ဆွေဖြစ်တိုင်း ထိုလူ၏အမည်၊ သူ့မိသားစု၊ သူ့အလုပ်အကိုင်၊ နိုင်ငံရေးအယူဝါဒများကို ရအောင် စုံစမ်း၏။ ထိုအကြောင်းချင်းရာတို့ကို စိတ်ထဲတွင် စွဲနေအောင် တစ်ခါတည်း မှတ်သားထားသဖြင့် တစ်နှစ်လောက် ကြာသောအခါမှ ထိုအသိမိတ်ဆွေနှင့် ပြန်လည်တွေ့ဆုံရသည် ဖြစ်စေကာမူ ထိုသူ၏ မိသားတစ်စု မာရေးသာရေးတို့ကို အကျွမ်းတဝင် စုံစမ်းမေးမြန်းနိုင်လေသည်။ ထို့အတွက် သူ့တွင် နောက်လိုက် နောက်ပါ လူချစ်လူခင် ပေါများခြင်းသည် အံ့သြစရာ မဟုတ်ပေ။

ရုစဗဲ့သည် အမေရိကန်သမ္မတရာထူးအတွက် ဝင်ရောက်အရွေးခံရန် နယ်လှည့်တရားဟော မထွက်မီ လပေါင်းများစွာကပင် အမေရိကန်ပြည်ထောင်စု၏ အနောက်နှင့်မြောက်ဘက်ပြည်နယ်များတွင် နေထိုင်လျက်ရှိသော မိတ်ဆွေများထံသို့ ဂျင် ဖားလေးသည် တစ်နေ့လျှင် ရာပေါင်းများစွာသော စာတို့ကို ရေးသားပေးပို့ခဲ့လေသည်။ ထို့နောက် မီးရထား၊ မော်တော်ကား၊ လှေ၊ သင်္ဘော စသည်တို့အနက် ကြုံရာကိုစီးပြီးလျှင် ၁၉ ရက်အတွင်း ပြည်နယ် ၂၀ ကျော်သို့ ရောက်အောင် ခရီးပြင်းသွားခဲ့သည်။ သူ သွားခဲ့သော ခရီး၏ မိုင်ပေါင်းမှာ တစ်သောင်းနှစ်ထောင် ကျော်လေသည်။ ရောက်လေရာအရပ်တိုင်းတွင် အရေးပါ အရာရောက်သော လူကြီးများနှင့် လက်ဖက်ရည်သောက်ချိန် ထမင်းစားချိန်များတွင် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေး၏။ ဤနည်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ဆက်လက်၍ ခရီးထွက်ပြီးလျှင် အိမ်သို့ပြန်ရောက်သောအခါ သူရောက်ခဲ့သော အရပ်တိုင်းရှိ မိတ်ဆွေအသီးသီးထံမှ သူကောင်းများ၏ စာရင်းများကို တောင်းသည်။ နောက်ဆုံးစာရင်းအရဆိုလျှင် လူကြီးလူကောင်းများ၏ အရေအတွက်သည် ထောင်ပေါင်းများစွာ ရှိ၏။ ထိုမျှပင် များပြားသော်လည်း ထိုလူကြီးလူကောင်း တစ်ဦးစီထံသို့ စာတစ်စောင်စီ ကိုယ်တိုင် ရေးပို့လေသည်။ ထိုစာများတွင် ‘မိတ်ဆွေကြီး ဂျက် ခင်ဗျား’ ‘မိတ်ဆွေကြီး ဂျိုး ခင်ဗျား’ စသည်ဖြင့် နာမည်ရင်းကို ဖော်၍ ရင်းရင်းနှီးနှီး ရေးသားလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts