ယဉ်ကျေးခြင်း (အပိုင်း - ၄)

ယဉ်ကျေးခြင်း (အပိုင်း – ၄)

စွန်လိုက်ခြင်း

တစ်နေ့တွင် ကိုပြူးနှင့် ကြွက်ဖြူလေးတို့သည် ပြတ်လာသောစွန်များကို လိုက်ရန် ဝါးလုံးရှည်ကြီးများ အဖျားတွင် သစ်ကိုင်းများ တပ်၍ နေကြလေ၏။ မပြုံးမှာ တစ်ပြားတန် စွန်ကလေးတစ်ခုအတွက် ဤမျှခက်ခက်ခဲခဲလိုက်လိုသဖြင့် အိမ်သို့ပြန်လေ၏။

စွန်ပြတ်၍လာလေပြီ … လိုက်၍လာကြသော ကလေးများမှာလည်း စွန်နောက်သို့ တကောက်ကောက်ပါအောင် ပြေးလိုက်ပါလာကြ၏။ ခုန်၍ဆွဲသဖြင့် လဲသူလည်း မရှား၊ ကြွက်ဖြူကလေးပင် မှောက်လျက်ကျလေပြီ။

အခြားစွန်တစ်ခု ပြတ်၍ လာပြန်လေ၏။ အပေါ်သို့ မော်၍လိုက်ရသဖြင့် ကိုပြူး သစ်တုံးကိုဝင်၍ တိုက်လေပြီ။ အတော်နာ၍ သွား၏။ ကြွက်ဖြူကလေးမှာ ဂျွမ်းပြန်၍ သွားခဲ့ရှာလေ၏။ ကြွက်ဖြူကလေးမှာ ဂျွန်းပြန်၍ သွားခဲ့ရှာလေ၏။ ကံကောင်း၍ လက်မကျိုး။ စွန်နှစ်ကောင် ရပါသော်လည်း ကိုပြူးမှာ လက်တွင် အသားစုတ်၍ သွား၏။ ကြွက်ဖြူကလေးမှာ ခြေထောက်ရောင်လာသဖြင့် ထောက်၍မရတော့ပေ။

ချိုင်းအောက်မှ တုတ်နှင့်ထောက်၍ လမ်းလျှောက်နေရ၏။ ဘာမဟုတ်သည့် အဖိုးမတန်သော စွန်ကလေးအတွက် ဤကဲ့သို့ အသက်ကိုစွန့်၍ လိုက်ကြရသည်မှာ ရှက်စရာကောင်းလှသည်ဟု မပြုံးက ပြောလေသတည်း။

ဘဂျမ်း
(ကိုပြူးနှင့် မပြုံးမှ)

အထက်ပါပုံပြင်ကလေးကို ကြည့်ခြင်းအားဖြင့် လူသွားလမ်း၊ လမ်းမတို့တွင် လွတ်လပ်စွာကစားခြင်း၊ ပြေးလွှားခြင်းတို့မှာ မိမိရော၊ အခြားသောသူအဖို့ပါ အန္တရာယ်ရှိပေ၏။ ကစားရန်သတ်မှတ်ထားသော ကစားကွင်း၊ လူသွားကင်းသော နေရာဒေသ၊ စသည်တို့တွင် ကစားသင့်သည်။

မိမိပျော်ရွှင်ခြင်းအတွက် တစ်ပါးသူအနှောင့်အယှက်ဖြစ်ရသော် မကောင်းပေ။

ခရီးသွားခြင်းတွင် ယဉ်ကျေးခြင်း။

မိမိခရီးသွားရန် အကြောင်း ပေါ်ပါက စီးနင်းရမည့် ကား၊ ရထား၊ သင်္ဘော၊ လေယာဉ်၊ သမ္မန်၊ စက်လှေ၊ စသည်တို့ကို အလုအယက်တိုးခွေ့တတ်ခြင်း မပြုရပေ။ စနစ်တကျ တန်းစီ၍သော်လည်းကောင်း၊ အလှည့်ကျသော်လည်းကောင်း တက်ရောက်နေရာယူရာ၏။ တိုးတက်သောနိုင်ငံများ၊ စည်းကမ်းရှိသော နိုင်ငံများတွင် တန်းစီ၍သာ တက်ရောက်စီးနင်းကြကြောင်း တွေ့ရသည်။

နေရာလုခြင်း၊ နေရာဦးခြင်း မရှိပေ။ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးပါသောမိခင်များ စသည်တို့ကို ဦးစားပေးရမည်။ ရဟန်းသံဃာတော်တို့အတွက် သတ်မှတ်သီးသန့်နေရာမရှိပါက ဦးစားပေးရမည်။ အာရှတိုက်နိုင်ငံအတော်များများတွင် ယာဉ်ပေါ်တွင် အားနည်းသော သူအို၊ သူနာ၊ မိန်းမ၊ ကလေးသူငယ် စသည်တို့ကို ဦးစားပေးကြောင်း တွေ့မြင်ရသည်။

ခရီးသွားစဉ် အထူးသဖြင့် အားနည်းသောသူများအား ကူညီမှု၊ စာနာငဲ့ညှာမှုတို့ကို ပြုရာသည်။ တံခါးဖွင့်ပေးခြင်း၊ ပစ္စည်းတစ်ခုခုကို ကူညီသယ်ယူပေးခြင်း၊ အတက်အဆင်းလွယ်ကူမှုရှိရန် ကူညီခြင်း၊ လေးသောဝန်ကို ပင့်ပေးခြင်း၊ ချပေးခြင်း၊ စသည်တို့ကို ပရဟိတစိတ်မွေးလျက် လုပ်ဆောင်ပေးရာ၏။ ဖြစ်နိုင်ပါက မိမိနေရာကို ဖယ်ပေးခြင်းဖြင့်လည်း ကူညီရာရောက်ပေသည်။

ခရီးသွားယာဉ်ပေါ်တွင် လူအများနှင့် ခရီးသွားခိုက် ဘေးပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေမည့် ကျယ်လောင်စွာ စကားပြောခြင်း၊ ရယ်မောခြင်း၊ တေးသီချင်းဖွင့်ခြင်း၊ ဖုန်းပြောခြင်း၊ အော်ဟစ်နှုတ်ဆက်ခြင်း၊ စသည်တို့ မပြုလုပ်မိစေရန် သတိထားရပေမည်။ မိမိတို့နိုင်ငံတွင် ခရီးသည်အချင်းချင်း နေရာအငြင်းပွားမှု၊ တွန်းထိုးထိခိုက်မှု၊ တွံတွေး ကွမ်းတံတွေး ထွေးခြင်းကြောင့် မလိုလားအပ်သည့် စကားများမှု စသည်တို့ အသီးသီးဖြစ်ရသည်မှာ စည်းကမ်းမဲ့မှုကြောင့်ပင် ဖြစ်သည်။

ထို့အပြင် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့တွင် လက်ကိုင်ပုဝါဖြင့် နှာခေါင်း၊ ပါးစပ်တို့ကို ပိတ်၍ လုပ်ဆောင်ရပေမည်။ တစ်ပါးသူရှေ့တွင် သမ်းဝေခြင်းကိုပင် ရှောင်ကြဉ်သင့်၏။ အချို့ကား ဘေးလူကို အားမနာတမ်းမှီခြင်း၊ ငိုက်မြည်းခြင်း၊ စသည်ဖြင့် အနှောင့်ယှက် ပေးတတ်ပြန်၏။ ယင်းကား သတိလက်လွတ်နှင့် ခရီးသွားစဉ် ယဉ်ကျေးမှုမဲ့ခြင်းပင် ဖြစ်သည်။

ခရီးရှည်ဖြစ်လျှင် မိမိနှင့် ခရီးဖော်များအား ဖော်ရွေစွာ ပြောဆိုဆက်ဆံခြင်း၊ ကူညီဖေးမခြင်း၊ မိတ်ဆွေဖွဲ့ခြင်း၊ စောင့်ရှောက်ခြင်း စသည်တို့ကို ပြုရာ၏။ စားခြင်း၊ သောက်ခြင်းတို့တွင်လည်း မျှဝေကျွေးမွေးရာ၏။ ပျူငှာသောလောကဝတ်ကို လိုက်နာရန် လိုအပ်ပေသည်။

အထွေထွေယဉ်ကျေးခြင်း။

လူကြီးလူကောင်းများနှင့် ဖြစ်စေ၊ တစ်စိမ်းတစ်ရံတို့နှင့်ဖြစ်စေ စကားပြောသည့်အခါ ခေါင်းငုံ့၍ မပြောအပ်ပေ။ လူကြီးတို့၏ ပြောစကားကို ငံ့လင့်နားစိုက်၍ မျက်နှာကို ဂရုတစိုက်ကြည့်နေသင့်သည်။ ဤသို့အားဖြင့် ဤသူကား … “စကားကို စိတ်ဝင်တစားရှိ၏။ ဂရုပြုနားစိုက်၍ မှတ်သား၏။ အလေးတယူ ရှိ၏” ဟု မှတ်ယူ၏။

စကားပြောဆိုရာတွင် ရှက်ကိုးရှက်ကန်းဟန်၊ ဆွံ့အတုန့်ဆိုင်းဟန်မဖြစ်မိစေရန် ဂရုပြုအပ်သည်။ ထို့အတူ ရဲတင်းသောအမူအရာဖြင့် ရိုင်းပျသောအပြုအမူ အကျင့်စရိုက်များ မပေါ်လွင်စေရန်လည်း ဂရုပြုဆက်ဆံပြောဆိုအပ်ရာသည်။ ပညာရှိတို့မည်သည်ကား လူတစ်ဦး၏ နှုတ်ထွက်စကား သိမ်မွေ့ခြင်း၊ ပျော့ပြောင်းခြင်းလက္ခဏာကိုကြည့်၍ အတွင်းစိတ်အဇ္ဈတ္တကို အကဲခပ်တတ်သူတည်း။

သူတစ်ပါးစကားပြောလျှင်လည်း ကြားဖြတ်၍ မပြောအပ်ပေ။ ထိုသူ၏စကားကို ဆုံးအောင် နားစိုက်ထောင်ပြီးမှ ပြောရပေမည်။ လုပြောခြင်းမျိုးကို ရှောင်ကြဉ်သင့်သည်။ တစ်ဖက်လူပြောသည့်စကားကို စိတ်မပါသည့်တိုင်အောင် စိတ်ပါဟန်ပြ၍ နားထောင်ပေးရန် လိုအပ်၏။ ဖြည့်စွက်၍ ပြောရန်ရှိလျှင် ထိုသူစကားဆုံးမှသာလျှင် ယဉ်ကျေးသော အမူအရာဖြင့် တစေးတစားဖြည့်စွက်သင့်သည်။

မိမိသာလျှင် တတ်သိကြောင်း၊ နားလည်ကြောင်း ဆရာလုပ်လိုသည့်သဘောဖြင့် ပြောဆိုဆက်ဆံခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ သူတစ်ပါးအပြစ်ကို ရှောင်ကြဉ်အပ်၏။ သို့မဟုတ် ကောင်းကွက်ကိုသာ ရှာကြံ၍ ချီးမွမ်းလျှင်ချီးမွမ်း၊ သို့တည်းမဟုတ် ချီးမွမ်းစရာမရှိပါက နှုတ်ဆိတ်နေလိုက်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။

ဒေါသထွက်လွယ်သူတစ်ဦးဦးနှင့် ဆက်ဆံရမည်ဆိုပါက အတုံ့အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်၍ စကားကို မြန်မြန်ဖြတ်သင့်၏။ စကားသည် ပြောပါများက အမှားပါလာမည်၊ သို့မဟုတ် အမှားကို တွေ့နိုင်ရာ၏။ မိတ်ဆွေအချင်းချင်းပင် မနှစ်သက်ဖွယ်သောစကား၊ အကျိုးမရှိသော စကားတို့ကို မပြောအပ်ပေ။

လူကြီးလူကောင်း၊ မိကောင်းဖခင်သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ စိတ်ဆိုး၊ ဒေါသထွက်သည့်အခါတွင်ပင် မသုံးမိစေရန် သတိထားရမည်။ မကောင်းသောစကားနှင့် မကောင်းသောအလုပ်ကို မလုပ်မိစေရန် သတိထားရမည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts