ယဉ်ကျေးခြင်း (အပိုင်း - ၃) | လမ်းတွင် ယဉ်ကျေးခြင်း။

ယဉ်ကျေးခြင်း (အပိုင်း – ၃) | လမ်းတွင် ယဉ်ကျေးခြင်း။

လမ်းသည် လမ်းမ၊ လမ်းသွယ်၊ ယာဉ်သွားလမ်း၊ လူသွားလမ်းဟူ၍ အသီးသီးရှိပြီး အများသူငါ အသုံးပြုသော အရာဖြစ်သည်။ ထို့ကြောင့် သူ့စည်းကမ်းနှင့်သူ ရှိပါမှ ယဉ်ကျေးခြင်းဖြစ်ပေမည်။

လမ်းသွားနေစဉ် ကျယ်လောင်စွာ စကားပြောခြင်း၊ ညအချိန် လမ်းလျှောက်၍ ကျယ်လောင်စွာ သီချင်းဆိုခြင်း၊ စသည်တို့ မပြုအပ်ပေ။ လမ်းတွင် ရပ်စကားပြောလျှင် လွတ်ရာသို့ရှောင်၍သာ စကားပြောရာ၏။ လမ်းသည် အများသွားလာရန်ဖြစ်သဖြင့် တန်းစီ၍မသွားဘဲ ရင်ဘောင်တန်း၍ သွားခြင်းအားဖြင့် လမ်းပိတ်ဆို့မှုကို ဖြစ်စေပြီး၊ တစ်ဖက်မှ သွားလာသူအား အနှောင့်အယှက်ဖြစ်စေသည်။

အချို့သောဒေသများတွင် အသွားဘက်လမ်း၊ အပြန်လမ်းဟူ၍ ခွဲခြားသတ်မှတ်ထားပြီး၊ သတ်မှတ်ထားသည့်ဘက်မှ စည်းကမ်းတကျ သွားကြသည်။ လမ်းသွားစဉ် ရင်ဆိုင်လာနေသော ရဟန်းသံဃာတော်များ၊ အိုမင်းမစွမ်းရှိသူများ၊ မိန်းမနှင့် ကလေးသူငယ်များ၊ ဝန်ထုပ်ဝန်ပိုးပါသူများကို မိမိက ဦးစားပေးကာ လမ်းဖယ်ပေးရပါမည်။ ထို့ပြင် အသက်ကြီးသူ၊ ဂုဏ်ကြီးသူတို့ကိုလည်း လမ်းဖယ်ပေးရပါမည်။

ထီး၊ တုတ်တို့ကို ယူဆောင်သွားပါက အချွန်အောက်ဖက်သို့ စိုက်ကာ ကိုင်ဆောင်ရာ၏။ သို့မဟုတ်က သူတစ်ပါးအား ထိခိုက်စေမိခြင်း၊ အနှောင့်အယှက်ပေးရာရောက်၏။ သတ်မှတ်ထားသော လမ်းဘေးစင်္ကြန်မှ သွားလာခြင်း၊ ကန့်သတ်နေရာမှ သွားလာခြင်းတို့သည် အန္တရာယ်ကင်းသည်။ လမ်းပေါ်တွင် သစ်သီးခွံများကို စည်းကမ်းမဲ့စွာပစ်ခြင်းကို ရှောင်ကြဉ်ရာ၏။ မီးရှိသောဆေးလိပ်တို့ကို လမ်းမပေါ်သို့ မပစ်ရပေ။

မလေးရှားနိုင်ငံတွင် လမ်းသွားလျက်ဆေးလိပ်သောက်ခြင်းကို တားမြစ်ပြီး၊ တွေ့ရှိပါက ချက်ချင်းဖမ်းဆီး အရေးယူဒဏ်ရိုက်သည့် ဥပဒေပြဋ္ဌာန်းထားသည်။ ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်း၊ တွေ့ရှိပါက ချက်ချင်းပြေစာဖြတ်၍ ဒဏ်ဆောင်စေမည့် မြို့ပြဥပဒေကို ပြဋ္ဌာန်းထားသည်။ မိမိတို့နိုင်ငံတွင်လည်း ဤကဲ့သို့ စည်းကမ်းများချမှတ်ထားသင့်ပြီဖြစ်၏။

မီးပါသောဆေးလိပ်တို့ကို လမ်းပေါ်ပစ်ခြင်းအားဖြင့် နင်းမိသူကို အပူလောင်စေခြင်း။ မီးဘေးအန္တရာယ်စိုးရိမ်ရခြင်းတို့ ဖြစ်စေနိုင်သည်။ အမှိုက်နှင့်တကွ စက္ကူစုတ်၊ မလိုအပ်သည့် စွန့်ပစ်ပစ္စည်းများကို လမ်းပေါ်တွင် မပစ်ရပေ။ သတ်မှတ်ထားသော အမှိုက်ပုံး၊ အမှိုက်ပုံတို့တွင်သာ စနစ်တကျ စွန့်ပစ်သင့်သည်။

လူအများကို ဒုက္ခဖြစ်စေနိုင်သော ခဲ၊ ဆူးညှောင့်ခလုတ်၊ ပုလင်းကွဲ၊ အစရှိသည်တို့ကို လမ်းမပေါ်တွင် တွေ့ရှိပါက တာဝန်သိစွာ ဖယ်ရှားပေးရမည် ဖြစ်သည်။ အလေးအပင်ဖြင့် သယ်ဆောင်လာသူတို့အား ဦးစားပေး၍ မိမိက ရှောင်ဖယ်ပေးခြင်း ပြုပါ။ လမ်းဖြတ်ကူးရာတွင်ကား ရထား၊ စက်ဘီး၊ ဆိုင်ကယ် စသည်တို့အန္တရာယ်ကို သတိထား၍ သတ်မှတ်ထားသောနေရာမှ ကူးပါ။

ကားလမ်းမကြီးပေါ်တွင် လူကူးမျဉ်းကျား၊ အချက်ပြမီးရှိရာ သတ်မှတ်နေရာမှ စနစ်တကျ ကူးပါ။ လမ်းတွင် အသိမိတ်ဆွေတို့ကို တွေ့၍ နှုတ်ဆက်ရာတွင် ကြီးသူကို အရိုအသေပြု၍ ၎င်း၊ ရွယ်တူကို ပြုံးရွှင်၍ ၎င်း၊ နှုတ်ဆက်တတ်ရပေမည်။

လမ်းသွားရင်း တစ်ဦးတစ်ယောက်အား မတော်တဆ ထိခိုက်မိလျှင်ဖြစ်စေ၊ အခြားကိစ္စကြောင့် တောင်းပန်ရန်ဖြစ်ခဲ့သော ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ဖြင့် “သည်းခံပါခင်ဗျာ” “တောင်းပန်ပါတယ်ခင်ဗျာ” “ခွင့်လွှတ်ပါခင်ဗျာ” “ခွင့်ပြုပါဗျာ” “ကန်တော့ပါခင်ဗျာ” စသည်ဖြင့် သင့်လျော်ရာရာစကားကို သုံး၍ ယဉ်ကျေးစွာ တောင်းပန်မှုပြုရမည် ဖြစ်သည်။ ဤသို့တောင်းပန်လျှင် မိမိဖြစ်လျှင် – “ဟုတ်ကဲ့-ကိစ္စမရှိဘူးခင်ဗျာ” “သည်းခံပါတယ်ခင်ဗျာ” “ကျေးဇူးပါ” စသည်ဖြင့် တုန့်ပြန်ပြောဆိုပါ။

လမ်းတွင် ဝန်ထုပ်ဝန်ပိုးများနှင့် မနိုင်မနင်းဖြစ်နေသူတို့ကို ခရီးသွားဟန်လွဲ ကူညီသယ်ပိုးပေးခြင်း၊ ချီမပင့်ပေးခြင်း၊ ကူညီမြှောက်တင်ပေးခြင်းတို့ ပြုရာ၏။

လမ်းတွင် ပိတ်ဆို့စကားရပ်ပြောခြင်း၊ ဝိုင်းဖွဲ့ထိုင်ခြင်း၊ ပစ္စည်းမျိုးစုံတည်ခင်းရောင်းချခြင်း၊ အဝတ်လှမ်းခြင်း စသည်တို့ကို မလုပ်ရာ။

လမ်းသွားရင်း ဆေးလိပ်သောက်ခြင်း၊ ကွမ်းတံတွေးနှင့် အခြားမိမိပါးစပ်၊ နှာခေါင်းတို့မှ အညစ်ကြေးတို့ကို ထွေးခြင်းမပြုရာ။ လမ်းသွားစဉ် လက်ကိုင်ပုဝါ၊ တစ်ခါသုံးစက္ကူ စသည်တို့ဖြင့် မိမိအခက်အခဲကို ဖြေရှင်းပြီး အမှိုက်ပုံးတွင်း စွန့်ပစ်ပါ။

လမ်းသွားစဉ် ဗူး၊ ခွက် စသည့်အသင့်စား အရာများကို စားသောက်သွားခြင်းကို ရှောင်ကြဉ်သင့်၏။ လူစည်ကားရာအရပ်တွင် တွန်း၊ တိုက်ခြင်း ဖြစ်နိုင်သောကြောင့် တစ်ပါးသူအား ဖိတ်စင်၊ ပေကျံစေနိုင်၍ စိတ်အနှောင့်အယှက် ဖြစ်နိုင်သည်။ စားသုံးဖြစ်လျှင်လည်း မိမိစားသုံးရာ ဗူး၊ ခွက်၊ အိတ်ခွံတို့ကို သတ်မှတ်ရာ အမှိုက်ပုံးအတွင်း စွန့်ပစ်ပါ။

လမ်းကူးရန်အတွက် အန္တရာယ်လွတ်ကင်းရန် တံတားများထားရှိပေရာ၊ တံတားပေါ်မှ စည်းကမ်းရှိရှိ ဖြတ်ကူးရမည်ဖြစ်သည်။ လမ်း ခြံစည်းရိုးအတွက် ကာရံထားသော အုတ်နံရံများတွင် ပုံများရေးဆွဲခြင်း၊ စာများရေးသားခြင်း စသည်တို့ မပြုလုပ်ရာ။

လမ်းနံဘေးရှိ အလှစိုက်ပန်းခြံများ၊ ပန်းပင်များကို ဆိတ်ခြင်း၊ ချိုးဖဲ့ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး “မြက်ခင်းပေါ် မနင်းရ” စာတန်း “ဤနေရာတွင် ဖြတ်မသွားရ” စာတန်း၊ “မဆူညံရ” စာတန်း၊ အစရှိသည့် ကန့်သတ်စာတန်းတို့ကို စာတွင်ပါ အချက်အလက်အတိုင်း လိုက်နာရာ၏။

လမ်းသွားစဉ် အခက်အခဲတစ်စုံတစ်ရာတွေ့၍ အချင်းချင်း အကူအညီတောင်းသော် ပေးအပ်ကူညီရန် မနှေးပါနှင့်။ ဥပမာ … လမ်းမေးခြင်း၊ အိမ်မေးခြင်း၊ ကား – ရထား လမ်းခရီးအကြောင်းမေးခြင်း၊ စသည်တို့တွင် သင့်တော်ရာရာ အကူအညီပေးပါ။

အချို့ကလေး၊ လူငယ်များသည် လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်စေရန်၊ ကစားခြင်းအမျိုးမျိုး ကစားကြလေ၏။ ခြင်းခတ်ခြင်း၊ ဘောလုံးကန်ခြင်း၊ ထုတ်ဆီးတိုးခြင်း၊ အပြေးပြိုင်ခြင်း စသည့် ကစားနည်းများကြောင့် အများသူငါတို့တွင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ဖ. ဆ. ပ. လ ခေတ် လွတ်လပ်ရေးအကြိုခေတ်တို့တွင် ဤသို့ လမ်းပေါ်ကစားခြင်းတို့အား ပညာပေးပုံပြင်ကလေးများ ရေးသားအသိပေးခဲ့ကြသည်။

ကာတွန်းဆရာကြီး ဦးဘဂျမ်း၏ ပညာပေးပုံပြင် ၂ ပုဒ်ကို ဖော်ပြပေးလျက်၊ လမ်းပေါ်တွင် ယဉ်ကျေးခြင်းရှိစေရန် လိုအပ်ကြောင်း သိနိုင်ပေသည်။

လမ်းပေါ်မှ ဘောသမားများ။

မိုးရွာသော ညနေခင်းတစ်ခုတွင်၊ ကိုပြူး၊ ကြွက်ဖြူလေးနှင့် အီစမန်တို့သည် ဘောလုံးတစ်လုံးနှင့် လမ်းမကြီးပေါ်တွင် ကစားကြရန် ဝမ်းမြောက်ဝမ်းသာ သဘောတူကြ၏။ လူခွဲ၍ ကစားရန် လူမစေ့သဖြင့် ဂိုးစောင့်တမ်း ကစားကြရလေ၏။ အီစမန်ဂိုးစောင့် အလှည့်တွင် ကိုပြူးသည် အနီးသို့ ဖြတ်လျှောက်လာသော ခေါ် ဂျမ်းဘုံကို မမြင်ဘဲ၊ ဂိုးရှိရာသို့ တအားကျုံးကန်လိုက်ရာ ဘောလုံးသည် ဒေါ်ဂျမ်းဘုံ၏ ရင်ဘတ်တည့်တည့်ကြီး ပြေးမှန်လေ၏။

ဒေါသအမျက် ခြောင်းခြောင်းထွက်လာသော ဒေါ်ဂျမ်းဘုံလည်း ကိုပြူး၏နဖူးကို လက်မှ ပါလာသော ထီးဖြင့် လက်စားချေကာ လိုက်ရိုက်သဖြင့် ကိုပြူး တော်တော်နာလေ၏။ သို့နှင့်ပင် မမှတ်ကြသေး။ ကိုပြူး ဂိုးစောင့်အလှည့်တွင် အီစမ်ကန်မည်အပြုတွင် ကားတစ်စီးသည် အီစမန်အား နောက်ပိုင်းမှ တိုက်ကာ မောင်းသွားသဖြင့် အီစမန်မှာ ဘောလုံးမကန်မိဘဲ ဖင်ထိုင်ရက်လဲရရှာလေသည်။

ထိုနေ့မှစ၍ ရန်များသော ဤလမ်းမကြီးပေါ်တွင် ဘောလုံးမကန်ကြစတမ်းဟု သုံးယောက်သား ဆုံးဖြတ်ကြလေ၏။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts