မြေလျှောက်လိပ်ပြာ

ဇီဝဗေဒဆရာက ခူကောင် ပေါက်ဖက်ကနေ လိပ်ပြာတစ်ကောင် ဘယ်လိုဖြစ်လာသလဲဆိုတာ သင်ပြတယ်။ နာရီနည်းနည်းကြာရင် ပိုးအိမ်ထဲကနေ လိပ်ပြာတစ်ကောင် ထွက်လာလိမ့်မယ်လို့ ပြောထားတယ်။ ပြီးတော့ စာသင်ခန်းထဲက အပြင်ကို ထွက်သွားတယ်။

ကျောင်းသူကျောင်းသားတွေလည်း ပိုးအိမ်လေးကို စောင့်ကြည့်နေပါတယ်။ ပိုးအိမ်ထဲကနေ အကောင်သေးသေးလေးတစ်ကောင် ထွက်လာဖို့ ပြူတစ်ပြူတစ် လုပ်နေတယ်။ ဒါပေမဲ့ တော်တော်နဲ့တော့ ထွက်မလာသေးဘူး၊ ရုန်းကန်လှုပ်ရှားနေဆဲပဲ။ ဒါကို ကြည့်နေတဲ့ ကျောင်းသားတစ်ယောက်က ပိုးအိမ်ထဲက ထွက်မြောက်ဖို့ ကြိုးပမ်းနေတဲ့ အကောင်ကို သနားတယ်။ ဒါကြောင့် ပိုးအိမ်ထဲက အကောင်လေးထွက်နိုင်အောင် ပိုးအိမ်ကို ဖြဲပေးတယ်။ အကောင်လေး ထွက်လာပြီ။ သူ့ကိုယ်ကို ဆန့်လိုက်တော့ အတောင်ပံတစ်စုံနဲ့ လိပ်ပြာလေး။

လိပ်ပြာလေးက စားပွဲပေါ်မှာ တရွေ့ရွေ့ လျှောက်သွားတယ်။ အတောင်ပံကို ဖြန့်တယ်။ ဒါပေမဲ့ မပျံနိုင်ဘူး။ ဆရာ အခန်းထဲပြန်ဝင်လာတဲ့အထိ ဟိုဟိုဒီဒီပဲ လျှောက်သွားနေတယ်။ ဆရာက မြေပေါ်မှာလျှောက်သွားနေတဲ့ လိပ်ပြာကိုမြင်တော့ ‘ပိုးအိမ်ကို ဘယ်သူဖွင့်ပေးသလဲ’ မေးတယ်။ သနားတတ်တဲ့ကျောင်းသားက သူ ဖွင့်ပေးတယ်ဆိုတာ ပြောတယ်။

ဆရာက လိပ်ပြာတို့သဘာဝက ပိုးအိမ်အပေါက်သေးသေးလေးကို ဖြတ်ပြီး အပြင်ရောက်အောင် လိပ်ပြာလောင်းက အားစိုက်ခွန်စိုက်ရုန်းထွက်ရတယ်။ ဒီလိုအားထုတ်ပြီး ရုန်းကန်ရင်းမှ လိပ်ပြာရဲ့ကိုယ်ခန္ဓာကြွက်သားတွေက သန်မာလာတယ်။ ကြွက်သားတွေသန်မာမှအတောင်ပံကို အားပြင်းပြင်းခတ်ပြီး ပျံသန်းနိုင်တယ်။ ဒီလိပ်ပြာလေးကို သနားလို့ဆိုပြီး ပိုးအိမ်ထဲက အလွယ်တကူထွက်နိုင်အောင် ကူညီပေးလိုက်တဲ့အချိန်မှာ သူ့ခွန်အား ကြွက်သားတွေက ချိနဲ့သွားလို့ မပျံနိုင်တော့ဘဲ မြေလျှောက်လိပ်ပြာ ဖြစ်သွားတာလို့ ဆရာက ရှင်းပြပါတယ်။

သားသမီးတွေကို သနားလို့ဆိုပြီး မိဘက အရာရာ လိုက်လုပ်ပေးရင် မပျံသန်းနိုင်တဲ့ မြေလျှောက်လိပ်ပြာတွေ ဖြစ်လာတတ်တယ်လို့ ဆရာက ပြောပြပါတယ်။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts