တစ်ညတာလကလည်း သာတဲ့အချိန်မှာ ကိုအေးနဲ့မအေး လင်မယားနှစ်ယောက် အိမ်ဦးကပြင်မှာ သင်ဖျားကလေးခင်းပြီး အေးအေးလူလူ စကားပြောနေကြသတဲ့။
ကိုအေး ။ ။ ငါ ကြားဖူးတဲ့ စကားပုံတစ်ခု ရှိသကွ၊ ကြက်မတွန်လို့ မိုးမလင်းဘူး။ ကြက်ဖတွန်မှ မိုးလင်းသတဲ့။
မအေး ။ ။ တော်ပြောပုံက ဟုတ်သေးပါဘူး။ ဒါက ကိုယ့်ငါးချဉ်ကိုယ်ချဉ်တဲ့ စကားပုံကြီးပါ။ ပြောစတမ်းဆိုရင် ကြက်မတွန်မှ မိုးလင်းတာပါ။
ကိုအေး ။ ။ မင်း ခုတ်ရာတခြား ရှရာတစ်လွဲ မလုပ်နဲ့။ ငါပြောတာက ကြက်ဖတွန်မှ မိုးလင်းတာ။
မအေး ။ ။ ရှင့်စကားက ငါ့စကားနွားရ တစ်ဖတ်သတ်ကိုး။
ကိုအေး ။ ။ မင်း ဖားတုပြီးခရုမခုန်နဲ့ အိုင်ပျက်ရုံပဲရှိမယ်။
မအေး ။ ။ ရှင်တို့ယောက်ျားတွေက ဝမရှိဘဲ ဝိလုပ်နေလို့ပြန်ရှင်းပြနေရတာ။
အပြန်အလှန်ငြင်းခုန်ရင်း လေသံတွေကလည်း မာလာတယ်။ သူတို့က နှစ်ယောက်ပေါင်းမှ တစ်နာမည်ပဲရှိတယ်၊ တစ်စိတ်တည်း တစ်ဝမ်းတည်းဆိုတဲ့ ကိုအေးနဲ့မအေး လင်မယားငြင်းခုံရင်း ရန်ဖြစ်တော့မယ်။
ကိုအေး ။ ။ တို့အချင်းချင်း ငြင်းနေလို့ကတော့ အဖြေမှန်ရမှာ မဟုတ်ဘူး။ ရွာဦးကျောင်းဆရာတော်ရဲ့ အဆုံးအဖြတ် သွားယူမယ်။
လကလည်း ထိန်ထိန်သာနေတော့ လင်မယားနှစ်ယောက် ဘုန်းကြီးကျောင်းကို ထသွားကြတယ်။
ဘုန်းတော်ကြီး ။ ။ ဒကာအေးနဲ့ ဒကာမမအေးတို့ ညမိုးချုပ်မှ ဘာကိစ္စထူးထူးထွေထွေ ရှိလို့လာကြတာလဲ။
ကိုအေး ။ ။ တပည့်တော်တို့ လင်မယား အငြင်းပွားနေတဲ့ ပြဿနာမဖြေရှင်းနိုင်လို့ အရှင်ဘုရားရဲ့အဆုံးအဖြတ် လာယူတာပါဘုရား။
ဘုန်းတော်ကြီး ။ ။ ဘာပြဿနာလဲ လျှောက်ကြပါဦး။
ကိုအေး ။ ။ ကြက်ဖတွန်မှ မိုးလင်းတယ်လို့ အစဉ်အလာပြောလာတဲ့စကား ရှိပါတယ်ဘုရား။ အဲဒါ အရှင်ဘုရားရဲ့ ဒကာမကြီးက လက်မခံဘဲ ကြက်မတွန်မှ မိုးလင်းတယ်လို့ ဇွတ်လုပ်နေလို့ ဘုရား။
ဘုန်းတော်ကြီး ။ ။ ဒီကိစ္စ အငြင်းပွားကြတာကိုး။ တစ်သက်လုံး မှတ်သားထားကြပေတော့။ ကြက်ဖတွန်မှ မိုးလင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ ကြက်မတွန်မှ မိုးလင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ မိုးလင်းလို့ ကြက်တွန်တာ။ ဒီစကားတွေက ကိုယ်လိုရာ ကိုယ်ဆွဲပြောကြတာ။ အမျိုးသားတွေက ပိုမြတ်တယ် အမျိုးသားတွေက ပိုစွမ်းဆောင်နိုင်တယ်ဆိုတာလည်း မမှန်ဘူး။ သူ့ကဏ္ဍနဲ့သူ သူစွမ်းဆောင်တာတွေ ရှိကြတယ်။
အရေးကြီးတာက မိန်းမယောက်ျား မခွဲခြားဘဲ ကိုယ်လုပ်ရမယ့်အလုပ် ကြိုးစားပမ်းစား လုပ်ကြဖို့ပဲ။
ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။