ဘုရင်ဖြစ်မယ့်သူနဲ့ မိုးကြိုးပစ်ခြင်း

ဘုရင်ဖြစ်မယ့်သူနဲ့ မိုးကြိုးပစ်ခြင်း

ဘုရင်ဖြစ်မယ့်လက်ညှိုး” စာအုပ်ရဲ့ မူရင်းဇာတ်က “ဉာဏ်သွားသောမွန်လူမျိုး မဂဒူး(ဝါရီရူးမင်း)” ဖြစ်ပါတယ်။ ဒီဇာတ်ကို ဖြတ်ထိုးဉာဏ် ကောင်းတဲ့အကြောင်းနဲ့ တွဲပြီး လူသိများပါတယ်။ ဒီဇာတ်ရဲ့ ကနဦးအစပိုင်းမှာ “အဖော်တစ်ယောက် မကျန်းမမာသဖြင့် ထိုသူ၏ ဝန်ကို မဂဒူးကိုယ်တိုင် ထမ်းဆောင်ခဲ့ရာ ထမ်းပိုးကို မိုးကြိုးပစ်လေ၏။ ထိုမိုးကြိုးပစ်သော လျှပ်စစ်တွင် ရွှေပြဿဒ်သဏ္ဌာန်တစ်ခုကို မဂဒူး ထင်ထင်ရှားရှား မြင်လိုက်ရလေ၏”

မိုးကြိုးပစ်တယ်ဆိုတာ လောင်မီးကျတာဖြစ်တယ် ဆိုတာကို အားလုံးသိထားကြပါတယ်။ ကောင်းပြီ၊ မိုးကြိုးပစ်တဲ့အခါမှာ

(၁) ကြောက်စိတ်ဝင်မယ်၊

(၂) ခေါင်းငုံမယ်၊

(၃) ပုန်းခိုမယ်။

သာမန်လူတွေဟာ ဒီအခြေအနေမှာ ဒီအချက်(၃)ချက် ဖြစ်တတ်ပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ ထိတ်လန့်ကြောက်မက်ဖွယ် အသံကြားရင် ကြောက်တတ်ကြပါတယ်။ လူအချင်းချင်း ကြောက်တဲ့အသံတွေ ရှိပါတယ်။ ကြောက်အောင်ခြောက်ရင် လူကြောက်တတ်တာ များပါတယ်။ မကြောက်တဲ့လူက ရှားပါးပါတယ်။

မဂဒူးဟာ မိုးကြိုးပစ်တဲ့အခါ ရွှေပြဿဒ်သဏ္ဌာန်တစ်ခုကို ထင်ထင်ရှားရှား မြင်လိုက်ရတယ်ဆိုတော့ ကြောက်စိတ်မဝင်တာ၊ ခေါင်းငုံ့မနေတာ၊ ပုန်းလျှိုမနေတာ သေချာတယ်။ တကယ်လို့ မိုးကြိုးပစ်တာကို ကြောက်နေရင် မျက်စိမှိတ်ထားမှာ သေချာပါတယ်။ မျက်စိမှိတ်ထားရင် ခေါင်းငုံ့ထားရင်၊ ပုန်းလျှိုနေရင် ရွှေပြဿဒ်သဏ္ဌာန်ကို မဂဒူး ဘယ်လိုမှ မြင်လိုက်ရမှာ မဟုတ်ပါ။

ကြောက်ရွံ့နေတဲ့သူ၊ ခေါင်းငုံ့နေတဲ့သူ၊ ပုန်းလျှိုးနေတဲ့သူတွေဆီမှာ အခွင့်အရေးရောက်လာမယ် ဆိုရင်တောင်မှ အဲဒီအခွင့်အရေးကို မမြင်ရတဲ့အတွက် လက်လွတ်ဆုံးရှုံးမှာ သေချာပါတယ်။ လူအများစု မအောင်မြင်၊ မကြီးပွား၊ မချမ်းသာတာဟာ ကြောက်ရွံ့တတ်သူတွေ၊ ခေါင်းငုံ့နေတတ်သူတွေ၊ ပုန်းလျှိုးနေတတ်သူတွေသာ ဖြစ်တယ်။

ဘုရင်ဖြစ်မယ့်လူမို့ ရွှေပြဿဒ်က နိမိတ်ပြတယ် ထားပါဦး။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ဆိုရင် ကြောက်နေလို့မရဘူး။ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်မှာ အံ့ဩတုန်လှုပ်ခြင်းမရှိဘဲ ပကတိ တည်ငြိမ်ရင့်ကျက်အောင် လေ့ကျင့်သင်ကြားထားရပါမယ်။ အံ့ဩတုန်လှုပ်မှုဟာ ကိုယ့်ကိုယ်ကို အထင်သေးခြင်းနှင့် ရန်သူကို အထင်ကြီးခြင်းဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်စေပါတယ်။ ရှုံးနိမ့်တာက အရှုံးထဲကနေ ပြန်လည် သင်ယူလို့ရတယ်။ တစ်ချိန်ချိန်မှာတော့ ပြန်ပြီး အောင်နိုင်ပါတယ်။ အံ့ဩတုန်လှုပ်ခြင်းကတော့ အမြဲတမ်း အရှုံးပေးလက်မြှောက်နေသလိုပါပဲ။

ကောင်းပြည့်သော် ရေးသားထားသော ဘုရင်ဖြစ်မယ့်လက်ညှိုး စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts