ဖြစ်ဖွယ်ရာရှိသည်

ဖြစ်ဖွယ်ရာရှိသည် စဉ်းစား ရှာဖွေပါ

ထူးချွန်သောခေါင်းဆောင်များသည် သမားရှိကျ မသွားဘဲ မိမိတို့၏ ဝန်ထမ်းများအား ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို မြှင့်တင်ပေးသည်။ လူအများသည် မိမိကိုယ်မိမိ ယုံကြည်မှုရှိပါက ယင်းတို့၏ အောင်မြင်ပြီးစီးမှုမှာ အံ့မခန်းဖွယ် ဖြစ်တတ်သည်။

— ဆမ်မ်ဝေါလ်တန် —

    တခြားလူးများအား တွန်းအားပေးရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှား မိမိအား တွန်းအားပေးခဲ့သူများထံ မှ သင်ယူပါ။ ထိုပုဂ္ဂိုလ်များ နှင့်လမ်းကြောင်းဖွင့်ပါ။ အတုယူပါ။ မိမိ၏ နေ့စဉ်ဘဝအတွင်းသို့ ပေါင်းဖြည့်ပေးပါ။
‘ကျွန်တော်ကြုံတွေ့ ခဲ့ရတဲ့ အထိရောက်ဆုံးနှ့ဲ စိတ်ဓာတ်တက်ကြွစေဆုံးတွန်းအားပေးခဲ့သူကတော့ တယောမှာ အလွန်ထူးချွန်တဲ့ ကျွန်တော်ရဲ့ တယောဆရာပဲ ဖြစ်ပါတယ်’ ဟု စကော့ထ်ရစ် ချတ်ဆင်က ဆိုပါသည်။ ထိုပုဂ္ဂိုလ်သည် အရီးဇိုးနားတက္ကသိုလ်မှ တေးဂီတတွဲ ဖက်ပါမောက္ခတစ်ဦးဖြစ်ပြီး အမည်မှာ ရော့ဒ်နီမာကာဒိုဟု ခေါ်သည်။ စာရေးသူူ စကာ့ထ်ရစ်ချက်ဆင်က ထိုအရာအား အသက် ၁၆ နှစ်အရွယ် တယောပညာသင်ခြင်းကို စွန့်လွှတ်ချင်သည့် အချိန်တွင် တွေ့ဆုံ ခဲ့ရသည်။ သို့သော် မိခင်က တယောသမားတစ်ယောက်ဖြစ် စေချင်သည်။ နောက်ထပ်ဆရာတစ်ဦး ရှာပေးမည်ဟု ဆိုပါသည်။ တစ်နေ့ တွင်မိခင်က အိမ်အတွင်း ဝင်လာပြီး ‘ငါ တယောဆရာတစ်ယောက်တွေ့ပြီ။ သူက မင်းရဲ့ဆရာရဲ့ဆရာပဲ’ ဟု ပြောလေသည်။
    ပထမဦးဆုံး ဆရာက စကော့ထ်ကို စစ်ဆေးမှု ပြုသည်။ စကော့ထ်မှာ ယခင်က ဤကဲ့သို့ စစ်ဆေးခြင်း တစ်ခါမှမခံရ။ ခေါင်းဆောင် တစ်ဦးသည် မိမိဦးဆောင်မည့် အသင်းအား ဂရုတစိုက် ရွေးုချယ်သည့် သဘောဖြစ်သည်။ စကော့ထ်ကတော့ စစ်ဆေးမှု ကိုမဖြေနိုင်ဟု တွေးထင်မိခဲ့သည်။ မကြာမီပင် ဆရာက သူ့အားလက်ခံလိုက်ပြီဖြစ်ကြောင်း ဖုန်းဖြင့် အကြောင်းကြားလေသည်။
    အမှန်တကယ်တော့ စစ်ဆေးမှုတွင် တယောထိုးရသည်မှာ အလွန်ညံ့ဖျင်းသည်ဟု စကော့ထ်က ထင်မိသည်။ သို့သော်လည်း ဆရာက တယောသံထက်ကျော်လွန်၍ တွေးဆခဲ့ပုံ ရသည်။ တယောသံ၏ နောက်ကွယ်မှ ဖြစ်ဖွယ်ရာ၊ အလားအလာများကို တွေ့မြင်ခဲ့ပုံပေါ်သည်။ ဆရာသည် အမှန်တကယ် တွန်းအားပေးသူဖြစ်သည်။ ယခု လက်ရှိမြင်တွေ့ရသည်ကို ကျော်လွန်၍ အနာဂတ်အလားအလာ များကို မျော်မှန်းကြည့်နိုင်သည့် အရည်အချင်းရှိသည်။
    ထိုအချိန်မှစ၍ စကော့ထ်သည် လူများနှင့်ဆက်ဆံရာတွင် အလွန်အမင်းစောပြီး ရပ်တန့်ခြင်းများ မပြုလုပ်တော့။ နက်နက်နဲနဲ ကြည့်သည်။ နက်နက်နဲနဲ နားထောင်သည်။ လူများတွင် ရှိနေသော ယခင်က မမြင်ခဲ့ရသည့် ကျွမ်းကျင်မှုများ၊ အားသာချက်များသည် နောင်မှပေါ်လာသည်။
    လူအများသည် ‘မိမိတို့အပေါ်တွင် ယင်းတို့က ထားရှိသော သဘောထား ’ ပေါ်မှုတည်၍ ဆောင်ရွက်ကြသည်။ တစ်နည်းအားဖြင့် ဆိုရသော် ‘မိမိတို့က ယင်းတို့အပေါ်ထားရှိသောသဘောထား’ ကို ထိုသူများက မှန်းဆ၍ လုပ်ဆောင်ကြသည်။ မိမိတို့က ထိုသူများအတွက် အလားအလာများ ဖန်တီးပေးနိုင်သည်။ ထိုအလားအလာများ နှင့် ထိုသူတို့ ဆက်သွယ်ပေးရသည်။
    ပါမောက္ခကာဒိုသည် စကော့ထ်တွင်ရှိသော အလားအလာများကို စကော့ထ်နှင့် ဆက်သွယ်ပေးခဲ့သည်။ အလားတူပင် ယင်း၏ နောက်ထပ်တပည့် တစ်ဦးဖြစ်သော မိုက်ကယ်ကိုလည်း ယင်း၏ အလားအလာများနှင့် တွေ့ထိပေးခဲ့သည်။ မိုက်ကယ်သည် ကျောင်းသားဘဝက ဆံပင်ကို သူ့ညီမထက်ပင် ရှည်အောင်ထားသူ ဖြစ်သည်။ ဆရာက တယောပညာသင်ပေးသောအခါ တစ်လမ်းသွား ကဲ့သို့ ဖြစ်နေသည်။ မိုက်ကယ်သည် တယောကိုပင် ကောက်၍မကိုင်၊ သို့သော် ဆရာက ဆက်၍သင်သည်။ မိုက်ကယ် ရှစ်တန်းအရွယ်တွင် တယောကို ကောက်ကိုင်တော့သည်။ တစ်လပင်မကြာ မိုက်ကယ်မှ ဘေစ်ဆင်တေးဂီတ ပိုင်းတွင် Solo တီးရင် တောင်းဆိုခံရလေသည်။
    လူအများ၏လုပ်ဆောင်မှုသည် ယင်းတို့၏ပတ်ဝန်းကျင် ရှိလူများအပေါ် ယင်းတို့ကထားရှိသော သဘောထားအပေါ် မှုတည်နေသည်။ ထိုလူများတွင်ရှိနေသော အလားအလာများကို ဖန်တီးပြီး ယင်းတို့နှင့် ဆက်သွယ်ပေးလိုက်ပါက ယင်းတို့၏ဆောင်ရွက်ချက်မှာ ချက်ချင်းတိုးတက်ပေါက်မြောက်လာမည် ဖြစ်သည်။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။

Related Posts