ရည်ရွယ်ချက်ကို

မိမိ၏ ရည်ရွယ်ချက်ကို သိပါ

မိမိ၏ ရည်ရွယ်ချက်ကို သိပါ
မိမိတွန်းအားပေးရမည့် သူများနှင့် စကားပြောရန် အချိန်ပင်မရှိပါက ယင်းတို့အား တွန်းအားပေးရန် ခက်ခဲပေလိမ့်မည်။ ခေါင်းမပါသည့် ကြက်ကဲ့သို့ မိမိခေါင်းကို မိမိရှာနေသူများလောက် စိတ်ဓာတ်ကျစရာ ကောင်းသည့်လူများ မရှိ။

မျှော်မှန်းထားသလောက် ဖြစ်မလာသည့် လူများအား အုပ်ချုပ်နေသည့် မန်နေဂျာများသည် တစ်နေ့လုံး မထိရောက်သည့် အလုပ်ကို လုပ်နေခြင်းဖြစ်သည်။ မိမိလုပ်နေသည်ကို ရပ်၍ မည်သည့်အရာကို လုပ်သင့်သနည်းဟု ဆုံးဖြတ်ရမည့်အစား တလွဲအလုပ်ကို လျင်မြန်သည်ထက် လျင်မြန်အောင် လုပ်တတ်ကြသည်။ ထို့နောက်တွင် အလုပ်ဝန်၏ ‘ ဖိစီးခြင်း ’ ကို ခံရတော့သည်။ လုပ်သင့်သည်ကို လုပ်ပါက ‘ အလုပ်ဝန် ’ ဆိုသည်မှာလည်း မရှိတော့။

‘ မိမိလုပ်နိူင်သည်ထက် ပို၍ လုပ်စရာများ ရှိနေသည်။ မိမိရွေးချယ်သည်နှင့် ပတ်သတ်၍ စိတ်ကျေနပ်ဖို့လည်း လိုသည် ’ ဟု အချိန် အသုံးချမှုဆိုင်ရာပညာရှင် ဒေးဗစ်အယ်လန်က ဆိုသည်။ ယနေ့ခေတ် လုပ်ငန်းကမ္ဘာတွင် အလုပ်မျိုးစုံ လုပ်ခြင်းသည် အံ့အားသင့်ဖွယ် အကောင်းဆုံးဖြစ်သည်။ ဦးနှောက်သည်ပင်လျှင် အတွေးမျိုးစုံကို တစ်ချိန်တည်းတွင် မတွေးနိူင်၊ ထို့ကြောင့် လူအများသည် အမှန်စင်စစ်အားဖြင့် အလုပ်မျိုးစုံ လုပ်နေခြင်းမဟုတ်။ ဦးနှောက်သည် တချိန်ထဲတွင် အတွေးနှစ်ခုမတွေးနိူင်။ 

မန်နေဂျာများသည် မိမိတို့ အလုပ်မျိုးစုံ လုပ်နေသည်ဟု တွေးတတ်ကြသည်။ အမှန်တကယ်တွင် အလုပ်တစ်ခုကို ညံ့ဖျင်းစွာ လုပ်နေခြင်းဖြစ်ပြီး နောက်တစ်ခုကို ပြောင်း၍ ညံ့ဖျင်းစွာ၊ လျင်မြန်စွာ လုပ်ပြန်သည်။ ပြီးစီးပြီဟု ထင်ရသော်လည်း အမှန်တကယ်တွင် မည်သည့်အလုပ်မျှ မပြီးပြတ်။ မထိရောက်သော အလုပ်များကို လုပ်၍ အလုပ်ရှုပ်နေခြင်းသည် အချိန်နှင့်ခွန်အားကို အကြီးမားဆုံး ဖြုန်းတီးမှု ဖြစ်သည်ဟု လုပ်ငန်းစွမ်းရည်ထက်မြက်မှုဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ကယ်ရီဂလီဆင်က ဆိုသည်။ မိမိတို့လုပ်နေသော အလုပ်သာမဟုတ်၊ စဉ်းစား၍ ရသော အလုပ်များကိုလည်း လုပ်ရန်ရှိသည်ဟု ဆိုလေသည်။

ခေါင်းဆောင်မှုတွင် ပျော်ရွှင်သော လူများသည် ရည်ရွယ်ချက် ပါရှိသော နေ့အဖြစ်သာ ကုန်ဆုံးစေလေ့ရှိသည်။ ရည်မှန်းချက်ပါ၍ အမြင့်ဆုံး ဦးစားပေးရမည့် အလုပ်ကိုသာ လုပ်သည်။ ရရှိသည့်အချိန်ကို သက်တောင့်သက်သာ လုပ်သွားသည်။ သို့သော်လည်း မိမိအာရုံစိုက်ရမည့်ဘက်သို့ ပြန်သွားသည်။ ရည်ရွယ်ချက်ရှိနေ၍ ဖြစ်သည်။ ရွေးချယ်ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော လူများကိုသာ အားကျကြပြီး ယင်းတို့၏ ဦးဆောင်မှုနောက်သို့ လိုက်ကြသည်။ 

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts