နိပွန်-ဗမာ ယဉ်ကျေးမှု (အပိုင်း-၂)

နိပွန်-ဗမာ ယဉ်ကျေးမှု (အပိုင်း-၂)

နိပွန်-ဗမာ ယဉ်ကျေးမှု (အပိုင်း-၂)
တစ်နေ့သော် နှစ်လုံးပြူးသေနတ်ထမ်း၍ လုပ်ယမ်းတောင့်များကို ရှမ်းလွယ်အိတ်ဖြင့် လွယ်ကာ မြို့မှ ရေလမ်းပတ္တရောင်လှည့်လာသော ရဲသားနှစ်ဦးသည် ဖြိုးတုပ်နှင့် သူ၏နောက်လိုက်နှစ်ဦးများပါ ခြံရံလျက် ကွင်းထဲသို့ ရောက်လာကြသည်။

သူတို့လူစု၏လှေကလေးက နောက်ဖေးရေစင်ကို ကပ်သည်နှင့်တစ်ပြိုင်နက် ငဘက ငါ့အမှုသည် တစ်ခါစုံစမ်းခြင်း ခံရတော့မည်ဟု ဝမ်းမြောက်ဝမ်းသာ ကျိတ်၍တွေးပြီး အားကိုးလိုသော မျက်နှာထားဖြင့် “အစ်ကိုတို့က ခုမှလာကြတာကိုး စောစောက ဆင့်လိုက်ရင် ကြက်သားဟင်း ချက်ထားပါရဲ့” ဟု နှုတ်ဆက်သည်။

“ဒီမအေယိုးက ပလီစိ ချောက်ချက်တယ်နိုင်ပါကလားဟေ့” ဟု တစ်ယောက်သောရဲသားက အမှုထမ်းအရာထမ်းတို့၏ ယဉ်ကျေးသော ပဋိသန္ဓာရဖြင့် နှုတ်ခွန်းတုံ့ပြန်လိုက်၏။

“ခွေးမသားမပြေးနဲ့” ဟု အော်ကာ အခြားရဲသားတစ်ယောက်က ငဘရင်ဝကို နှစ်လုံးပြူးနှင့် ချိန်၏။

သာအိနှင့် မြတ်မွှေးတို့က ခပ်လှမ်းလှမ်းတဲမှ စောင်းပါးရိပ်ခြည်ကြည့်နေကြသည်။ နှစ်လုံးပြူးနှင့် ငဘရင်ဝကို ချိန်သည်နှင့် တစ်ပြိုင်နက် အသံမကြားအောင် တောစပ်သို့ သွား၍ ပုန်းလေသည်။

ငဘတို့အိမ်သား တစ်စုသာလျှင် ကျန်ရစ်သည်၊ ရဲသားနှင့် ဖြိုးတုပ်တို့လူစုလည်း အိမ်ပေါ်တက်၍ ငဘအား ဝိုင်းလေသည်။

ငဘတို့ အိမ်သားစုလည်း ငိုကြွေးကြကုန်၏။

“ရှာမယ်-ရှာမယ်” ဟု ရဲသားတစ်ယောက်က ပြော၏။

“ဟေ့ ဖြိုးတုပ် မင်းက သက်သေပဲကွ လာလကွာ” ဟု အခြားတစ်ယောက်သော ရဲသားက ဖြိုးတုပ်ကို ခေါ်၍ ရှေ့သို့သွင်း၏” ။

“ရှာလျှင် တွေ့တာပေါ့လကွာ” ဟု ဖြိုးတုပ်က ပြောပြီး မီးဖိုချောင်ထဲရှိ ဦးသာဂေါင်ထံမှ ယူလာသော ပန်းကန်ခွက်ယောက်တို့ကို လက်ညှိုးထိုးပြ၏။ ရဲသားများက သက်သေခံပစ္စည်းဟူ၍ မှတ်တမ်းတင်၏။ ငဘတို့အိပ်ခန်းမှ ရှိသမျှပစ္စည်းတို့ကိုလည်း ယူငင်ကြပြန်၏။

မိနီတွင် သနပ်ခါးဘီးကလေးတစ်ချောင်း ရှိသည်။ မနှစ်ကမှ သူ့အဖေ ရေကျော်ဝက တရုတ်ဆိုင်မှ အကြွေးယူပေးသော ဘီးဖြစ်သည်။ ထိုဘီးမှာ ဆီရည်ဝနေပြီဖြစ်၍ နီကျင့်ကျင့်နှင့် ချောပြောင်နေသည်။ မြို့ကြီးသားတို့က သူ့ဘီးမှာ ဆီချေးစော်နံလှသည်ဟု ဆိုကြပေမည်။ မိနီအဖို့မူ နှာခေါင်းရင်နေသောကြောင့် မွှေးသည်ဟု ဆိုသည်။ ပန်းပေါင်းစိမ်သော အုန်းဆီစစ်စစ်နှင့် ခဏခဏ တွေ့ရသောကြောင့် ပန်းပေါင်းနံ့ကလေး တပျံ့ပျံ့နှင့်မို့ ဆင်စွယ်ဘီး၊ လိပ်ခွန်ဘီး ဆယ်ချောင်းနှင့်ပင် မလဲနိုင်ပေါင်။

သို့သော် ဖြိုးတုပ်၏ မြင်သမျှလိုချင်သော လောဘသည် မိနီ၏ ဘီးကလေးကိုမျှ မချန်ရစ်လို။ ဝါးဘိုးထက်ခြမ်းကွဲ ခေါင်းအုံးနားမှ ထိုဘီးကိုတွေ့၍ ဖြိုးတုပ် ကောက်ယူသည်။ မိနီက “ဒါ ကျွန်မဘီးပါ” ဟု ပြောပြောဆိုဆိုနှင့် ပြန်လုထားသည်။

မိနီသည် သနပ်ခါးဘဲကြားလိမ်း၍ ဆံပင်ကို ပန်းစည်းကြိုးဖြင့် စည်းကာ ထဘီကို ရင်လျားဝတ်ထားသည်။

သူ့ဘီးကလေးကို သူပြန်ရသောအခါ လက်ကို နောက်ပြန်ဝဲ၍ သူ့ခေါင်းပေါ်ရှိ ဆံစထဲသို့ ဘီးကလေးကို မြှုပ်သွင်းလိုက်သည်။

အပျိုဖော်ဝင်စ အကင်း မမှည့်တတ်သေးသော မိနီ၏ ဖြိုးမောက်ပြည့်တင်းသော ရင်ကလေးမှာ ဖြိုးတုပ်၏ ညစ်ပတ်သောစိတ်ကို ဆွပေးသကဲ့သို့ ရှိသည်။ ဖြိုးတုပ်မှာ အကျင့်ယုတ်သူတို့ ဘာဝ၊ သည်ဟာမျိုးတွင်လည်း လက်နှေးသူ မဟုတ်ရကား ရွှေရင်တော်ကို ရွှံ့ပေသောလက်ဖြင့် သရမ်းလိုက်သည်။

မိနီမှာ အသားဆတ်ဆတ် တုန်သွားသည်။ ဖအေ မအေ နှစ်ပါးစုံရှေ့ဖြစ်နေ၍ စိတ်ရှိသလို မလုပ်လိုက်ရ။ သို့သော် တောသူတို့ဓလေ့ဘာဝ သူ၏နှုတ်ခမ်းထူကလေးကို စူပြီး ကြက်ဖင်ကဲ့သို့ ရှုံ့ချည်ပွချည် လုပ်ကာ အားပါးတရ ကျိတ်၍ ဆဲလိုက်သည်။ သူ့ဘာသာ ဘာဝအလျောက် ဤသို့ဆဲလိုက်ရသည်မှာ ခုံဖိနပ်နှင့် ဆယ်ချက်လောက် ဆင့်ပြီး ရိုက်လိုက်ရသည်နှင့် မခြား အဆီအသား ရှိလှပါ၏။

သို့သော် ငဘ ရိပ်မိသွားသောကြောင့် မိနီ ရှက်လှသည်။ ငဘကား မွှန်ထွန်၍သွားသောကြောင့် မီးဖိုချောင်မှ ဓားမကြီးကို ယူ၍ ဖြိုးတုပ်အပါးသို့ ကပ်ကာ “ဟေ့-သခင်ဖြိုးတုပ်၊ မင့်ပါးစပ်က တို့ဗမာ၊ တို့ဗမာနဲ့ လုပ်ပုံကိုင်ပုံက ခွေးကျင့်ခွေးကြံ၊ တယ်လေ…” ဟု အံကြိတ်ပြောရင်း တောက်ခေါက်လိုက်သည်။

ရဲသားနှစ်ဦးက ဖြိုးတုပ်နှင့် ငဘ အကြားသို့ နှစ်လုံးပြူးချိန်ကာ ဝင်ရပ်၏။ ဖြိုးတုပ် အဖော်နှစ်ဦးကလည်း ငဘအား နောက်မှနေ၍ ဝင်ဖမ်း၏။ ဓားမကြီးကို လုယူကြ၏။

စင်စစ် ငဘက ဓားမကြီးကို ကိုင်၍ ရပ်မိရုံမျှသာ ရှိသေး၏။ ဒေါသ အခိုးအလျှံများ သူ၏ မျက်စိကို လာ၍ ဟပ်သောကြောင့် ရှေ့တွင် ဘာမျှမမြင်။ ဖြိုးတုပ်ကိုသာလျှင် ထိုအခိုးအလျှံတို့ဖြင့် စိမ်းစိမ်း ကြည့်မိသည်။ ငဘသာလျှင် နဂါးဖြစ်ဘိမူ ဖြိုးတုပ် ပြာကျလောက်ပေသည်။

ငဘက ဤသို့ ဖြိုးတုပ်အား မျက်စိဖြင့် အစိမ်းလိုက်ဝါးစားနေသည့်အတောအတွင်း ရဲသားတို့က ငဘကို လက်ပြန်ကြိုးတုပ်လေ၏။

မိဖော့၊ မိနီနှင့် ကလေးများ စီခနဲမြည်အောင် ငိုကြွေးကြပြန်သည်။

“ဟေ့-ငဘ၊ ဖြိုးတုပ်တဲ့ကအကြောင်း သိစေ့မယ် ဓားပြလဲတိုက်လိုက်သေး။ အစိုးရအမှုထမ်းတွေကိုလဲ ခုခံလိုက်သေး”

ဖြိုးတုပ် အနိုင်ကျင့်လိုက်ပြီ။ ငဘက ဘာမျှပြန်မပြောတတ်။ ဘာမှပြန်မလုပ်တတ်။ မိဖော့ကို ကြည့်ပြီး မျက်ရည်တွေတွေ ကျလာသည်။

လယ်သမားမျက်ရည် မြေသို့ မကျစကောင်း။ သို့သော် ယခု ကျရပေပြီ။ ငါတို့ဗမာနိုင်ငံ တစ်ဝန်းလုံးသည် လယ်သမားအပေါ်၌ လုံးလုံးလျားလျား အခြေတည်သည်။ ဗမာ့စီးပွားရေးသည် ငါတို့လယ်သမား၏ စီးပွားရေးဖြစ်၏။ ဗမာ့ချမ်းသာရေးသည် လယ်သမား၏ ချမ်းသာရေးတည်း။ ဗမာ့တိုးတက်ရေးသည် လယ်သမား၏ တိုးတက်ရေးတည်း။

သို့သော် ဖြိုးတုပ်အဖို့ ငဘလို လူစားများသည် အနိုင်ကျင့်ရန်၊ နှပ်ချရန်သက်သက်၊ ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ငဘပစ္စည်းကို အချောင်အလကားရလျှင် တော်ပြီ၊ အနိုင်ကျင့်လိုက်ရလျှင် ဟန်ပြီ၊ ကျေးရွာခေါင်းဆောင်များ၊ ဆင်းရဲသားများအပေါ် မှီ၍ စားပေါက်ထွင်လိုက်ရလျှင် ဖြိုးတုပ် သားမယား ဝဖို့ဖြစ်သည်။ ကိုယ့်မယား ကိုယ်ရှာကျွေးသည့်နေရာမှာ အမျိုးသားရေး ကြည့်နေရလျှင် ငတ်သေရတော့မပ။ တန်ခိုးပြချင်၍ မင်းကပ်စိုးမြှောင်လုပ်ထာပ။ သြဇာကြီးချင်၍ သခင်နာမည် ကပ်ထာပ။ မသိနားမလည်မှုအပေါ် အနိုင်ကျင့်တတ်မှ ပိုက်ဆံတွင်းနက်တဲ့ ဤခေတ်ကြီးမှာ ဝဝစားရမှာပ။

လောကဓမ္မတာ အတော်ဆုံးလူသာလျှင် အဖတ်တင်ရမည်။ လိမ်၊ ကောက်၊ ညစ်စုတ်၊ လူမိုက်လုပ်ဖို့ ကောင်းသော လောကထဲတွင် လိမ်နည်း၊ ကောက်နည်း၊ ညစ်စုတ်နည်း၊ လူမိုက်လုပ်နည်းတို့၌ အတော်ဆုံးသူသာလျှင် အဖတ်တင်ကျန်ရစ်ခဲ့ရမည်။

ဖြိုးတုပ်က တောသားပေမယ့် “ဒါဝင့်” အယူအဆမျိုးလောက်တော့ ဟား…ဟား…ကောင်းကောင်းကြီးသဘောပေါက်တာပေါ့။

ထိုနေ့တွင် ငဘသည် ဖြိုးတုပ်နှင့် အပေါင်းပါတစ်ဖွဲ့တည်းသားတို့၏ နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားရရှာသည်။ သားသမီးနှင့် မယားတို့အား သာအိနှင့်မြို့သို့ လိုက်ခဲ့ရန် တစ်ခွန်းမျှသာ မှာနိုင်ရှာသည်။

ငဘသည် မိမိဆေးရုံတက်ခဲ့သော မြို့သို့ တစ်ဖန် ပြန်ရောက်ရပြန်ချေပြီ။ မြို့သို့ရောက်ရသည်မှာ နှစ်ခါရပြီ။ တစ်ခါဖူးမျှ ကောင်းသော ရောက်ခြင်းဖြင့် မရောက်ခဲ့ရ။ နဂိုက မြို့ဆိုလျှင် ခပ်ကြောက်ကြောက် ယခုတော့ရွံပါပြီ။

မြို့ရောက်သောအခါ ရဲသားတို့က ဂတ်ကိုခေါ်သွားသည်။ ဂတ်ကို အရင်တစ်ခေါက်က ဗမာ့လွတ်လပ်ရေး တပ်မတော်ဗိုလ်ကြီးထံ သွားစဉ်က ရောက်ဖူးခဲ့သည်။ ထိုစဉ်က အောက်ထပ်အခန်းမှာ ဗိုလ်ကြီးနှင့် စကားပြောခဲ့ရသည်။ ယခု ဗဟုသုတတိုးဖို့ ဖြစ်လာပြန်တော့ အပေါ်ထပ်အချုပ်ထောင်ထဲ ရောက်လာပြန်သည်။

မစင်နှင့် ကြွက်ဆေးရည် ရောနေသော အနံ့ပုပ်ကြီးက ငဘအား ဆီးကြိုနှုတ်ဆက်သည်။ ငဘက နှာခေါင်းရှုံ့၍ တုံ့ပြန်လိုက်သည်။ အချုပ်ခန်းထဲ၌ အချုပ်သမားပေါင်း သူ့စိတ်အထင် တစ်ရာနီးနီး ရှိမည်ထင်သည်။ စင်စစ်တော့ တစ်ရာ မပြည့်တတ်။ ကိုးဆယ့်ကိုးယောက်ပဲရှိမည်။ ဂတ်စည်းကမ်းအရ အချုပ်ခန်းမှာ လူသုံးဆယ့်ငါးယောက်မျှသာ ထားဖို့နေရာရှိသည်။ ထို့ကြောင့် ကျပ်တည်းပိတ်လှောင်နေသော အခန်းတွင် လူနံ့ကလည်း ညှီစို့စို့နှင့် လက်ပတ်စော် အလွန်နံသည်။ ကြမ်းပိုးနံ့ကလည်း ထောင်းခနဲထွက်ထွက်လာသေးသည်။ အကျဉ်းသမားတို့ ခန္ဓာကိုယ်ကို ကြည့်ပြန်ပါမူလျှင် ဝသယောင်ယောင်နှင့် အသားအရေ ဖြူဖတ်ဖြူရော်ရှိလှသည်။

ငဘ တစ်သက်လုံး လယ်လုပ်စားလာသည်မှာ တစ်ခါဖူးမျှ ဤအဖြစ်ရောက်လိမ့်မည်ဟု မတွေးမိခဲ့၊ မတရားမှုလွှမ်းမိုးသည့် လောကကြီးပါကလား။ သမ္မာအာဇီဝသမားများကလည်း ဤအခန်းနှင့် ရေစက်ဆုံရသေးသကိုး။ ကံ-ကံ ၏ အကျိုးဆိုပြီး မတရားမလုပ်တတ်ဘဲနှင့် မတရားခံရလျှင် ဘုရားဟောကျမ်းဂန်လာစကားအရ ကောင်းမှုကြောင့် ကုသိုလ်ရသည်ဆိုသည်မှာ အလဟဿပင်လော။ လူကောင်းကို နတ်ကောင်းမသည်ဟု ဆိုရိုးရှိလျက်နှင့် ငဘလို တောသားလင်မယားမျိုးကို နတ်များဒေဝါ မ-မနိုင် ရှာခြင်းမှာ ငဘသည် တစ်ကောင်ကြွက် တစ်မျက်နှာမို့လား။ ပိုက်ဆံမရှိသော မျက်နှာမွဲများကို လူမပြောနှင့် နတ်များကတောင် အရေးမလုပ်ပါပဲကို။ သည်ဟာမှ မဟုတ်လျှင်လည်း၊ နတ်ကောင်းနတ်မြတ်များသည် ဘယ်ချောင်တွင် သဝေထိုး၍ နေပါသနည်း။ နတ်ကောင်းနတ်မြတ်ဆိုသည်မှာ တကယ်ရှိမှ ရှိပါ့မလား။

အင်း-ငဘအတွေးကတော့ ဒိဋ္ဌိတွေးပဲလို့ စွပ်စွဲကြမှာပဲ။ ငဘ ကြက်သီးမွေးညှင်းထမိသည်။ ဘုန်းကြီးကျောင်းမှာ စာသင်တုန်းက “ဝဋ်ကြွေး” ဆိုသောစကားကို ကြားဖူးသည်။ ဘုန်းတော်ကြီးက “အတိတ်” ကံ အကြောင်း ဟောပြောသည်ကို နာဖူးသည်။ အတိတ်ဘဝဟု ရှိသေးသည်ကို သဂြိုဟ်ဆရာများ အငြင်းအခုံ စကားနိုင်လုပြောဖူးသည်ကို မှတ်ရဖူးသည်။ သြော် … စင်စစ်တော့ အတိတ်ဘဝက ငါ ချိုးကလေးတွေ ထောင်ပြီး နှောင်အိမ်ထဲ လှောင်မိလို့ ဝဋ်ခံရတာထင်ပါရဲ့။ ဝဋ်ရှိသမျှတော့ ခံဦးပေါ့ငဘရာ။

အချုပ်ထဲရောက်နေသည်မှာ ဆယ့်ငါးရက်ပြည့်ပြီ။ ရဲသားများက ရမန်ရက်စေ့၍ တရားသူကြီးထံ တစ်ဖန် ထပ်သွားရဦးမည် ဆိုသည်။ ဂတ်စာရေးက အမှုမှာ သက်သေမလုံလောက်သောကြောင့် သည်တစ်ခါ ရမန်ယူပြီးလျှင် ငဘကို ကြာကြာမထားဘဲ လွှတ်လိုက်တော့မည် ဆိုသည်။ သို့သော် ငဘ သားမယားများရောက်လာပါက ယနေ့တရားသူကြီးရှေ့မှာ အာမခံလျှောက်တောင်းနိုင်သည်။ ပုလိပ်ဘက်က ကန့်ကွက်ရန်မရှိကြောင်း ကူပံ့ပြောပေးမည် ဆိုသည်။

ရုံးသို့ရောက်သော် တရားခံ ဝက်ခြံကလေးမှနေပြီး မိဖော့ကို မြင်ရနိုးနှင့် မျှော်ကြည့်သည်။ ခပ်လှမ်းလှမ်းမှ မိန်းမတစ်ယောက် ကလေးချီ၍ လျှောက်လာသည်ကို မိဖော့မှတ်၍ စူးစိုက်ကြည့်နေစဉ် စာရေးကြီးအခန်းထဲမှ မိဖော့အသံကြားရသည်။

ငဘက ဟစ်ပြီး ရယ်လိုက်ရကောင်းမလား၊ ငိုလိုက်ရကောင်းမလား။ အချုပ်ကြီးနှင့် မိဖော့ မြင်ရလျှင် ရူးများသွားမလား။ သည်နေရာမျိုးမှာ ကိုယ်ယောင်ဖျောက်လို့ရလျှင် တစ်ခါတည်း ဖျောက်ပစ်လိုက်ချင်ပါရဲ့ဟု တွေးမိပြီး မျက်နှာသေနှင့် ငိုင်နေသည်။

မိဖော့လည်း စာရေးကြီးအခန်းကို ဖြတ်၍ ငဘရှေ့သို့ ဝင်လာသည်။ ငဘ မျက်လုံးပြာသွားသည်။ ‘ရယ်ရကောင်းမလား၊ ငိုရကောင်းမလား’ ဟူသော ပြဿနာကို သူ ဖြေရှင်း၍မရသောကြောင့် သူ့မျက်နှာထားမှာ လမ်းခုလတ်တွင် မတင်မကျ ဖြစ်နေသည်။

“ဒီမှာ”

“ဟေ”

“အာမခံဖို့ ဦးသာဂေါင်ကြီး လိုက်လာတယ်တော့”

“အေး”
“စာရေးကြီးက အာမခံနောက်တစ်ယောက် ထပ်ရှာဖို့ပြောနေတယ်။ အသိကလဲ မရှိဘူးတော့”

“အေး-ဟ”

“ဒီမှာ … ဒါပေမယ့် စိတ်မပူပါနဲ့။ အမှုသွားကို စုံစမ်းကြည့်တော့ သခင်ဖြိုးတုပ် မတရားဆင်တယ်ဆိုတာ ပုလိပ်က ရိပ်မိတဲ့အကြောင်းကို စာရေးကြီးကပြောပြလို့ သိရပါပြီ။ စာရေးကြီးက ကျုပ်တို့ ဆင်းဆင်းရဲရဲနဲ့ ဒုက္ခဖြစ်တာ သနားလို့ သူအာမခံရှာပေးမယ်တဲ့တော့။ ကုသိုလ်ထူးလိုက်တာ”

“အင်း”

“နက်ဖြန်ကိစ္စ ချောချောမောမော ဖြစ်မှာပဲတဲ့တော့”

“ဟင် …”

“ရှင်လွတ်ရင် လယ်ကွင်းမှာမနေတော့ဘူး။ အခု ကျွန်မတို့ကို ဦးသာဂေါင်က ဥယျာဉ်ထဲမှာ နေရာချထားတယ်။ လယ်တွေ ပစ်ထားရတုန်းမှာ ဥယျာဉ်ကလေးကိုပဲ စောင့်ပြီးစားကြတဲ့တော့”

“အေး-လဟ”

“မိနီဖြင့် လိုက်ချင်လွန်းလို့တော့ လူစောင့်မရှိလို့ ထားခဲ့ရတယ်။ ကလေးတွေကို ဦးသာဂေါင့်ခယ်မ တစ်ဝမ်းကွဲတော်တဲ့ ဒေါ်ပန်းဇုံကြီးနဲ့ ထားခဲ့တယ်။ ယောက်ျားသနာမရှိလို့ သူ့သား ချက်ကြီး ည-ည လာအိပ်ပေးမတဲ့”

“သြော် … အင်း၊ စိတ်ချရရဲ့လားဟ”

“တော်က ချက်ကြီးကို မမှတ်မိဘူးလား၊ ရိုးပါတယ်တော့။ ဦးသာဂေါင်ကြီး ပြောနေတဲ့ဥစ္စာ၊ မေ့သွားပလား တော်က၊ ဒီမှာ … သူတို့ ကလေးချင်း သဘောကိုလဲ မသိရသေး၊ မိနီကလဲငယ်သေး၊ အဲဒါကြောင့် ကျွန်မ စကားမပြန်ဘူး၊ တော့ကြည့်ရတာ ဝလာသလိုပဲ။ နှုတ်ခမ်းကတော့ ဖြူလို့”

သူ့အကြောင်း၊ ဥယျာဉ်အကြောင်း၊ သမီးအကြောင်း မိဖော့က ပြောသည်ကို ငဘ ကြားရသည်မှာ နားဝင်ချိုလှသည်။ မိဖော့အကြောင်းမှ ငဘအကြောင်းသို့ ရောက်လာသောအခါ၊ ငဘ ပြောရမှာ ရှက်သည်။ ဝမ်းနည်းသည်။ မျက်ရည်ဥများ ပါးပြင်ပေါ်သို့ ခုန်ဆင်းကြသည်။

မိဖော့က လင်တော်မောင် ငိုမဲ့မဲ့ ဖြစ်နေသည်ကို မကြည့်ရက်နိုင်သောကြောင့် အပြင် ထွက်သွားသည်။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

#နိပွန်-ဗမာ ယဉ်ကျေးမှု (အပိုင်း-၂)

ရသ

Open More Online

Related Posts