ပြောဆိုဆက်ဆံမှု

ပြောဆိုဆက်ဆံမှု

ပြောဆိုဆက်ဆံမှု ~~~~ လူတို့အလယ်တွင် ကျင်လည်ကုန်သောသူအားလုံးတို့သည် ပြောဆိုမှုတွင် များစွာ အရေးပါအရာရောက်လေ၏။ အပြောတွင် ယဉ်ကျေးခြင်း၊ အသံတွင် ချိုသာခြင်း၊ အေးမြခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ နားဝင်ပီယံဖြစ်စေရန် ပြောတတ်ခြင်း စသည့် အင်္ဂါရပ်အသီးသီးကို တတ်ကျွမ်းထားဖို့ လိုပေသည်။ မိမိတို့ရင်သွေးတို့အား “စကားပြောတတ်ပြီ” ဆိုသည်နှင့် သူ့သဘောနှင့်သူ ပစ်ထား၍ မကောင်းပေ။

တိုးတက်သောနိုင်ငံများတွင် “စကားပြောအတတ်ပညာသင်တန်း” ဟူ၍ သီးခြားတက်ကြရပေသေးသည်။ ပြောဆိုမှုဘက်တွင် လိမ္မာပါးနပ်မှသာလျှင် ဆက်ဆံမှုတွင် အောင်မြင်ချောမော ပြေပျစ်ပေမည်။ အပြောကောင်းသူ၊ ဆက်ဆံတတ်သူမှာ အရည်အချင်းများစွာ ဖြည့်တင်းရသည်။ သာဓကဆောင်သော ပုံတိုပတ်စများ၊ နိပါတ်တော်များ၊ စကားပုံများ၊ အတွေးအခေါ် ဓမ္မရသများ၊ စသည်စသည်ဖြင့် ဝမ်းစာပြည့်ရန် လိုပေ၏။ ထိုအခါမှသာ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာတွင် စကားပရိယာယ်ကို လှိုင်လှိုင်သုံးနိုင်မည် ဖြစ်သည်။

နားဝင်ချိုအောင် ပြောနိုင်စွမ်းမရှိသူ၊ စကားကို တုတ်ထိုးအိုးပေါက် ပြောတတ်သူ၊ခက်ထန်မာကျောစွာ ပြောဆိုတတ်သူအဖို့ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်တွင် ခဏနှင့် ကျရှုံးကြရလေ၏။ စကားပြော ယဉ်ကျေးသိမ်မွေ့သူ၊ ပရိယာယ်ဝေဝှစ် ကျွမ်းကျင်သူ၊ ချိုသာအေးမြစွာ ပြောဆိုတတ်သူတို့အဖို့ စီးပွားနယ်ပယ်တွင် ရေရှည်ရပ်တည်နိုင်စွမ်း ရှိကြသည်။

ထိုသို့သော အပြောအဆိုကျွမ်းကျင်လိမ္မာပါးနပ်သူတို့အား တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရာတွင် ကြားခံအဖြစ် (သံတမန်) အရာတွင် ထားလေ့ရှိသည်။ စကားပြောကောင်းသူ၊ စကားချိုသာသူတို့အဖို့ လူချစ်လူခင်ပေါကြွယ်ခြင်းကို ငြင်း၍မရပေ။ ယခုအခါတွင်လည်း စီးပွားရေးနယ်ပယ်တွင် ဈေးကွက်သစ်ရှာဖွေမှုလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အစီအစဉ်နှင့် သတင်းကြေငြာသူ စသည်တို့တွင် အပြောကောင်းသူတို့ကို ရွေးချယ်ခန့်ထားကြသည်။

ပြည်သူ့နီတိတွင် ပြောဆိုဆက်ဆံမှု သည်လည်း လွန်စွာအရေးပါလှသည်။ ပြောတတ်ဆိုတတ်ခြင်းသည် မိမိလုပ်ငန်း၏ အောင်မြင်မှု ၃၀. ရာနှုန်းဖြစ်သည်။ တစ်ခါက စာအုပ်တိုက်ကြီးတစ်တိုက်တွင် မိမိအယ်ဒီတာချုပ်ဘဝဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရုပ်ရည်ပြေပြစ်၍ သနားကမားရှိသော မိန်းကလေးတစ်ဦးအား အလုပ်ခန့်စာနှင့်အတူ တိုက်သို့ ရောက်ရှိလာလေ၏။ အထက်မှ ညွှန်ကြားချက်တွင် “ယခုလာသူ မိန်းကလေးအား ရှေ့ထွက်အဖြစ် သုံးပါရန်” ဟု မှတ်ချက် ပါရှိလေ၏။

ထိုစကားရပ်မှာ အခြားသူများ မသိသော်လည်း “ရှေ့ထွက်အဖြစ်” ဆိုသည် မိမိသဘောပေါက်ပြီးဖြစ်၍ နေရာချထားကာ ထိုမိန်းကလေးအား အလုပ်ခန့်ထားလေ၏။ မိမိတို့စာပေတိုက်မှ ပေးရန်ရှိသော ကြွေးများ၊ ရရန်ရှိသော ငွေကြွေးများ၊ အလုပ်လက်ခံမှုများ၊ အလုပ်သစ် တောင်းခံမှုများ စသည့် လာသမျှသော ပြဿနာအရပ်ရပ်၊ အစုံစုံကို … ထိုမိန်းကလေးဖြင့် ဦးစွာပေးတွေ့၍ ဖြေရှင်းခိုင်းခြင်း ဖြစ်သည်။

ယင်းကို “ရှေ့ထွက်ဝန်ထမ်း” ဟု မိမိတို့တိုက်တွင် သတ်မှတ်၍ လစာကောင်းကောင်းပေးထားသည်။ ထိုမိန်းကလေးအရည်အချင်းကား စကားပြောကောင်းခြင်း လက္ခဏာပင် ဖြစ်သည်။ ချိုသာသော အသံ၊ တည်ငြိမ်အေးဆေးသော ဥပဓိရုပ်၊ ကျွမ်းကျင်လိမ္မာသော စကားပရိယာယ်တို့ဖြင့် လာသမျှသောသူတို့အား ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်စွမ်းပင် ဖြစ်သည်။

အလုပ်အပ်ရန် စုံစမ်းလာသူကို ချက်ချင်းစရံငွေချ၍ အပ်ချင်လာအောင်လည်း ဆွဲဆောင်ပြောနိုင်စွမ်း ရှိ၏။ မိမိတို့ ရရှိမည့် ကြွေးမြီးများကိုလည်း မဆိုင်းမတွ ပေးချင်လာအောင် ပြောနိုင်စွမ်းရှိလေ၏။ မိမိတို့မှ ပေးရန်ရှိသော အကြွေးကို တောင်းခံရန် ဒေါနှင့် မောနှင့် လာသောအကြွေးရှင်သည် ထိုရှေ့ထွက် မိန်းကလေးနှင့် တွေ့လျှင် ပြေငြိမ်းသွားသည့်အပြင်၊ စားသောက်ကျွေးမွေးရန်ပင် ဘိတ်မန္တက ပြုရှာလေ၏။ သူမ၏ အရည်အချင်းကား စကားကြွယ်ခြင်းပေတည်း။

ထို့ကြောင့် လောကတွင် ပြောဆိုဆက်ဆံမှု သည် လွန်စွာအရေးပါလှ၏။ “ပါးစပ်ပါလျှင် ရွာရောက်” ဟု ဆိုကြသော်လည်း စကားအပြောမတတ်သဖြင့် ရွာမရောက်ဘဲ၊ တောရောက်တောင်ရောက် ဖြစ်ကြရသည်များကို တွေ့ရပေ၏။ “အပြောကောင်းလျှင် လေယာဉ်ပျံပင် အလကားစီးလို့ရကြောင်း” အခြားသူများက ဆိုကြ၏။

ပြောဆိုဆက်ဆံမှု တွင် ဗုဒ္ဓသည် လူတို့အတွက် နှိုင်းဆချင့်ချိန်ပြောဆို၊ အသုံးချတတ်ရန် မင်္ဂလာတရားတော်တွင် စကား ၆-မျိုး ရှိကြောင်း ဟောကြားဆုံးမခဲ့သည်။

ယင်းစကား ၆.မျိုးကား
၁။     မဟုတ်မမှန် ဖောက်ပြန်ချွတ်ယွင်းသဖြင့် အကျိုးစီးပွားပျက်၍ မနှစ်သက်မနာလိုအပ်သော စကား။
        (မခိုးမဝှက်သော သူကို ခိုးသည်ဝှက်သည်ဟု စွပ်စွဲပြောဆိုအပ်သော စကား)
၂။     ဟုတ်မှန်ပင် ဟုတ်မှန်သော်ငြားလည်း အကျိုးစီးပွားနှင့်လည်း မစပ်၊ သူတစ်ပါးလည်း မနှစ်လိုအပ်သော စကား။
        (ခိုးဝှက်တတ်သောသူကို ခိုးသည် ဝှက်သည် ဟု စသောပြောဆိုသောစကား)
၃။     ဟုတ်လည်းဟုတ်မှန်၍ နှစ်တန်သော အကျိုးစီးပွားနှင့် စပ်သော်လည်း သူတစ်ပါး မနှစ်လိုအပ်သော စကားမျိုး။
        (မလိမ္မာသော တပည့်သားမြေးတို့ကို ဟုတ်တိုင်းမှန်စွာ မြည်တွန်တောက်တီး၍ ပြောဆိုတတ်သောစကား။)
၄။     မဟုတ်မမှန်၊ ဖောက်ပြန်ချွတ်ယွင်းသဖြင့် အကျိုးစီးပွား ယွင်းကွက်သော်လည်း၊ သူတစ်ပါးနှစ်သက်အပ်သော
        စကားမျိုး။
        (သီတာကို ရာမဆောင်ယူ၍ သွားသည် စသောစကား)
၅။     ဟုတ်မှန်ပင်ဟုတ်မှန်ငြားသော်လည်း အကျိုးစီပွားနှင့်မစပ်၊ သူတစ်ပါးနှစ်လိုခြင်းကိုသာ ဖြစ်စေတတ်သော စကားမျိုး။
        (မ၈်ဖိုလ်နှင့် ဖီလာဖြစ်သောစကား)
၆။     ဟုတ်လည်းဟုတ်မှန်၍ နှစ်တန်သော အကျိုးနှင့်လည်း စပ်၊ သူတစ်ပါးလည်း နှစ်လိုအပ်သော စကားမျိုး။
        (သတိပဋ္ဌာန်တရားစကား)

၁။     မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊
        သူတစ်ပါး မနှစ်သက်။ (မုသာဝါဒ)
၂။     မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊
        သူတစ်ပါး နှစ်သက်။ (ပိသုဏဝါစာ)
၃။     မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊
        သူတစ်ပါး မနှစ်သက်။ (ဖရုသဝါစာ)
၄။     မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊
        သူတစ်ပါး နှစ်သက်။ (သမ္ပပ္ပလာပ)
၅။     မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊
        သူတစ်ပါးနှစ်သက်။ (သမ္မာဝါစာ)
၆။     မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊
        သူတစ်ပါးမနှစ်သက်။ (သမ္မာဝါစာ)

ထိုထိုသော စကား ၆ ခွန်းတို့အနက်။
(မှန်၏၊ အကျိုးရှိ၏၊ တဘက်သားမလိုလား) ဆိုသော စကားနှင့် (မှန်၏၊ အကျိုးရှိ၏၊ တဘက်သားလိုလား၏) ဆိုသော စကား ၂ ခွန်းကိုသာ လိုက်နာပြောဆိုရာ၏။

အကျိုးယုတ်သော စကားမျိုးကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ ကြမ်းတမ်းရုန်းရင်းသော စကား၊ ကုန်းချောကုန်းတိုက် စကား၊ သိမ်ဖျင်းသော စကား၊ ယုတ်မာညံ့ဖျင်းသော စကား၊ မဟုတ်မမှန်သော စကား စသည်တို့ ရှောင်ကြဉ်ရမည်သာ။ မှန်သောစကားကို ဆိုခြင်းသည် မိမိ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို တည်ကြည်စေပြီး လူ၊ နတ် ချစ်ခင်နှစ်သက်လေ၏။ မှန်ကန်စွာ ပြောဆိုတတ်သူအား အများလေးစား၍ ဂုဏ်သတင်းလည်း ကြိုင်သင်းလေသည်။

စကားပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးလိမ္မာရမည့် အပြင်၊ စကားတို့၏ ပရိယာယ်ကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသင့်သည်။ စကားပရိယာယ်တွင် ၁၀-မျိုး ရှိပြန်သေးသည်။

ယင်း ၁၀-မျိုး ကား …
၁။     ရေကူးညာတင် = လိုသည်ထက်ပိုသော စကား။
၂။     ကောက်ပင်ရိတ်လှီး = တစ်ခွန်းတည်းနှင့် အပိုင်ပြောသည့် စကား။
၃။     ရေစီးဖောင်ဆန် = စကားပြောဆိုရာတွင် ခက်ခဲပင်ပန်းသော စကား။
၄။     အိုးတန်ဆန်ခပ် = တစ်ဘက်လူနှင့် တန်သလောက် ပြောသော စကား။
၅။     ဆီပွတ်ကျည်ပွေ့ = တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ပတ်ချွဲနှပ်ချွဲ ပြောသောစကား။
၆။     ဆင်ဝှေ့ရန်ရှောင် = ထမင်းရည် ပူလာလျှင် လျှာလွဲတာဝန်ရှောင်သော စကား။
၇။     တောင်သူယာခုတ် = အခြေခံကို ပထမပြော၍ လိုရာကို နောက်မှပြောသော စကား။
၈။     ကြက်ဆုတ်ခွပ်ပစ် = မိမိအသာစီးရသည့်အခါ အပိုင်ပြောသော စကား။
၉။     ရေစစ်ကရား = စကားအကုန် ပြောခြင်း။
၁၀။   ခက်တင်မောင်းနင်း = မတင်မကျ စကား။

ဤစကား ၁၀-မျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ထားရန် လိုအပ်သည်။ သို့မှသာ – ပေါင်းသင်းဆက်ဆံရာတွင်၊ စကားအထာ ဘယ်သို့ရည်ညွှန်းနေမှန်း သိသာထင်ရှားပေမည်။ ပညာရှိ၊ မရှိကို စကားပြောဆိုရာတွင် အကဲခတ်လျှင် သိနိုင်ရာ၏။ တွေးဆ၍ ပြောခြင်း၊ ချင့်ချိန်၍ ပြောခြင်း၊ မျှတစွာ ပြောခြင်း စသည်တို့ ဉာဏ်ကိုလွှာ၍ ပြောတတ်ရပေ၏။

သုဝဏ္ဏသာမဇာတ်တော်တွင် မြှားဆိပ်တက်နေသော သုဝဏ္ဏသာမနှင့် အမိ၊ အဖနှစ်ပါးအား သိကြားမင်းသည် လိုရာဆုကို တောင်းစေသောအခါ …

“သား ရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်” ဟူသော စကားမှာ များစွာ အနှစ်သာရ ရှိလေ၏။ စကားတစ်ခွန်းတည်းနှင့်ပင် မိဖတို့လည်း မျက်စိနှစ်ကွင်း အလင်းရကြည့်၍ သုဝဏ္ဏသာမသည်လည်း အသက်ရှင်လျက်-ရွှေအိုးထမ်းကာ မြင်ရလေသဖြင့် များစွာအနှစ်သာရ ရှိကာ ပညာရှိစကားရပ်ဖြစ်ကြောင်း အတုယူသင့်သည်။

စကားသည် လူ၏ယဉ်ကျေးသိမ်မွေ့ခြင်းကို ဖော်ပြသဖြင့် “လိမ္မာသော နှုတ်ထွက်စကားကို” ဆောင်ရာ၏။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

# Open More Online

Related Posts