အရည်အသွေး

အရည်အသွေး ဆိုတာ ဘာလဲ

အရည်အသွေး ဆိုတာ ဘာလဲ ~~~~ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်း) မထသရုံးချုပ်ခန်းမထဲမှာ ဥက္ကဋ္ဌကြီးနှင့်တကွ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းသူတွေ၊ စပယ်ယာတွေနဲ့ မထသဝန်ထမ်းတွေ၊ အရာရှိတွေအကုန်လုံးကိုပါ အခုလိုစုစုဝေးဝေး တွေ့ရလို့ ကျွန်မအတော်ပင် ဝမ်းသာကျေနပ်မိပါတယ်။

ဒီဆွေးနွေးပွဲမှာ ကျွန်မက အရည်အသွေးအကြောင်းကို ပြောမှာ ဖြစ်ပါတယ်။ ဒီနေ့တိုင်းပြည်အတွက် အရေးကြီးဆုံးနှစ်ခုက ဘာလဲဆိုရင် အရည်အသွေးကိစ္စ၊ အရည်အသွေးကို မြှင့်တင်ရမယ့် ကိစ္စဖြစ်ပါတယ်။ အရည်အသွေးဟာ တိုင်းပြည်မှာ အရေးကြီးလို့ – အရည်အသွေးဆိုတာ ဘာလဲ၊

What is Quality ဆိုပြီးမေးရင် လူတွေက တိတိကျကျ မဖြေတတ်ပါဘူး။

ကျွန်မတို့ ဈေးသွားတယ်။ ဈေးမှာ တွေ့ရတဲ့ ပစ္စည်းကို ကြည့်ပြီး ဒီဟာလေးက အရည်အသွေး ‘Quality’ အရမ်းကောင်းတာပဲဆိုတာဟာ ပြောနေကျစကားပါ။ ဒါကြောင့် ‘Quality’ ကောင်းတယ်ဆိုတာ ဘာလဲလို့မေးရင် တိတိကျကျ မဖြေနိုင်ပြန်ပါဘူး။ အရည်အသွေးလို့ဆိုရင် သုံးလို့ ကောင်းတာလိုလို၊ အမြင်လှတလိုလို စသဖြင့်ပဲ ပြောကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကျွန်မက ‘Quality’ ဆိုတဲ့ဟာကို တတ်နိုင်သလောက် လွယ်ကူအောင် ရှင်းလင်းပြောကြားဖို့ စီစဉ်ထားပါတယ်။

အခြားနိုင်ငံတွေမှာလည်း ကမ္ဘာနှင့် အဝန်းပေါ့လေ၊ ‘Quality’ ကို အလေးထားကြပါတယ်။ ယခုခေတ်ကို ‘Quality’ ခေတ်၊ အရည်အသွေးခေတ်ကာလလို့တောင် ပညာရှင်တွေအသီးသီးက ခေါ်ဆိုကြပြီး ‘Quality’ ကိုလည်း သန်ရာသန်ရာအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုမှုများ ရှိပါတယ်။ အရည်အသွေးနဲ့ ပက်သက်လို့ တကယ်ကိုနားလည်ပြီး ခံယူတတ်ဖို့ဆိုရင် အင်္ဂလိပ်လိုက ‘Quality is the ability of a product or service to meet customer’s needs’ လို့ ပြောပါတယ်။ အဲဒီစကားကို လူတိုင်း နားလည်အောင် မြန်မာလို ပြန်မယ်ဆိုရင်တော့-

“အရည်အသွေး ဆိုသည်မှာ စားသုံးသူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုကို ပေးဆောင်နိုင်သော စွမ်းရည်” လို့ ပြန်လို့ရပါတယ်။ အဲဒီတော့ မထသဟာ ပစ္စည်းထုတ်လုပ်တဲ့ဌာန မဟုတ်ပါဘူး။ ဝန်ဆောင်မှုပေးတဲ့ဌာန ဖြစ်ပါတယ်။ မထသကပေးတဲ့ ဝန်ဆောင်မှုကို လက်ခံယူကြမယ့်သူတွေဟာ နေ့စဉ်ခရီးသွားလာနေကြတဲ့ ပြည်သူလူထု ဖြစ်ပါတယ်။ ခရီးသွားပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့အညီ ဝန်ဆောင်မှုပေးနိုင်ရင် လူကြီးမင်းတို့ရဲ့အလုပ်ကို အရည်အသွေးရှိတယ်လို့ ပြောလို့ရပါတယ်။ ခရီးသွားလူထုရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီရင် အရည်အသွေးမမီဘူးလို့ အဓိပ္ပာယ်ရပါတယ်။ ဒီကိစ္စကိုပဲ ပြန်ပြီးတော့ သုံးသပ်ကြည့်ရင် ကျွန်မပြောချင်တဲ့ကိစ္စရပ်က လူတွေရဲ့ရင်ထဲမှာ ထင်မှတ်သွားတဲ့ အရာတစ်ခုကို လိုက်ဖျက်လို့မရပါဘူး။

စာရွက်ပေါ်မှာ ခဲတံနဲ့ရေးမိတယ်။ ဘောပင်နဲ့ရေးမိတယ်။ အခုခေတ်မှာ ဒါကို ဖျက်လို့ရတယ်၊ အဆင်ပြေပါတယ်။ ခဲဖျက်၊ ‘Correction Ink’ တို့နဲ့ ဖျက်လို့ရတယ်။ ကွန်ပျူတာထဲမှာ ထည့်ထားတာကိုလည်း ဖျက်လို့ရတယ်။ ‘Delete’ လုပ်ရင် ပျက်သွားပါတယ်။

ဒါပေမယ့် လူတွေရဲ့ရင်ထဲမှာ ခံယူလိုက်တဲ့အချက်ကို လုံးဝဖျက်လို့မရပါဘူး။ ဥပမာ ယာဉ်မောင်းနဲ့စပယ်ယာက ဆက်ဆံရေး တော်တော်ဆိုးတယ်ဆိုပြီးတော့များ ခရီးသွားလူထုက ခံယူလိုက်ကြရင် အဲဒါကို လူကြီးမင်းတို့ ဘယ်လိုလိုက်ဖျက်မလဲ။

မလွယ်ပါဘူး၊ ကြောက်စရာကောင်းပါတယ်။

အဲဒီခံယူချက်ကို ခရီးသွားလူထုက ရင်ထဲမှာ ခံယူသွားလို့ရှိရင် အဲဒါကို ဘယ်လိုမှ လိုက်ဖျက်လို့မရဘူး။ ဖျက်ရတာ ခက်လွန်းပါတယ်။ ဒါဟာ ဘာဖြစ်သွားတာလဲဆိုတော့ ကိုယ့်ရဲ့အရည်အသွေးကျသွားတာကို ဖော်ပြတာပဲ။ အဲဒီလို ကိုယ်က နားလည်ရမယ်။

ဒါကြောင့်မို့ စားသုံးသူဟာ အင်မတန်မှ အရေးကြီးပါတယ်။ သူအရေးကြီးသလို သူတို့ရဲ့ခံစားချက်ကလဲ အရေးကြီးပါတယ်။ ဒါကြောင့် မထသအရည်အသွေးရှိတယ်လို့ အပြောခံချင်ရင် ဒီလုပ်ငန်းရဲ့ ဝန်ဆောင်မှုကိုပေးတဲ့အခါ ခရီးသွားပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အနေအထားမျိုးကို ပေးဆောင်နိုင်အောင် ကြိုးစားရပါမယ်။ တစ်နည်းတော့လဲ ခရီးသွားလူထုရဲ့ လိုအပ်ချက်ကို ကိုက်ညီတဲ့စွမ်းရည် မိမိမှာရှိအောင် ကြိုးစားရဖို့ပါပဲ။

တစ်ချို့ပညာရှင်တွေကတော့ စားသုံးသူတို့၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိခြင်း “Quality is conformance to customer’s expectation” လို့ ဆိုတာလဲရှိပါတယ်။ ဘာကို မျှော်မှန်းထားလဲ၊ ဒီမော်တော်ကားတွေကို စီးရင်တော့ သက်သက်သာသာနဲ့ စိတ်ရွှင်ရွှင်ပျပျနဲ့ စီးရမှာပဲလို့ သူတို့က မျှော်မှန်းထားတယ်။ ဒါပေမယ့် တကယ့်အဖြစ်အပျက်က ပြောင်းပြန်ဖြစ်နေတယ်ဆိုတာနဲ့ တစ်ပြိုင်နက် သူတို့က ဒီအဖွဲ့အစည်းပေါ်မှာ ဘယ်လိုမြင်သွားမလဲဆိုတာ တွေးကြည့်ဖို့ လိုပါတယ်။

အရည်အသွေး ကို တိုင်းတာတဲ့အခါမှာ နှစ်ပေရှည်တယ်။ သုံးပေါင်လေးတယ် စသည်ဖြင့် ပြောလို့မရပါဘူး။ လူတွေရဲ့ ခံယူချက်၊ လိုအပ်ချက် တုံ့ပြန်မှုတွေ ပါပါတယ်။ ဒါကြောင့်မို့ လူထုနဲ့ နေ့စဉ်ပက်သက်နေရတဲ့ အဖွဲ့အစည်းလိုဟာမျိုးတွေမှာ ‘Quality’ အရေးကြီးပါတယ်။

ဒါကြောင့် အရည်အသွေး ကို မြှင့်တင်ပေးရာမှာ အဆောက်အဦအသစ် ဆောက်စရာမလိုပါဘူး။ မော်တော်ကားအသစ်တွေ ဝယ်စရာမလိုပါဘူး။ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ လူတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်နိုင်မယ်ဆိုရင်လဲ အရည်အသွေး မြင့်တက်လာနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုမြှင့်တင်မလဲ။ ခရီးသွားလုပ်သားပြည်သူတွေအတွက် ကျေနပ်မှုကို ပေးနိုင်တယ်ဆိုရင် လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းဟာ တစ်ရှိန်ထိုး အရည်အသွေး မြင့်တက်လာမှာ ဖြစ်ပါတယ်။ ကားအသစ်ကြီးတွေနဲ့တော့ ပြေးဆွဲပါရဲ့၊ ခရီးသွားလူထုရဲ့ ကျေနပ်မှုမရဘူးဆိုရင်လဲ အရည်အသွေးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် ‘Quality’ ဆိုတာ ဘာလဲလို့ပြောရင် လူရဲ့အရည်အသွေးကောင်းဖို့က အရေးကြီးတယ်ဆိုတာ အဓိကပြောချင်ပါတယ်။ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့၏ အရည်အသွေးကို တိုင်းတာနိုင်ပါတယ်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

# Open More Online

Related Posts