ပျောက်သောလမ်းမှာ စမ်းတဝါး အပိုင်း (၂)

မိုးမိုး(အင်းလျား) အပိုင်း (၂)- “အို မပြောပါနဲ့ ကိုကိုရယ်၊ နောက်နေ့မှ ဝယ်စားတာပေါ့။ ကလေးတွေပဲဟာ” “မဟုတ်ပါဘူး၊ ဒီကောင်တွေ သိပ် စည်းကမ်းပျက်တယ်၊ မအေကလဲ ဘာမှမပြောဘူး၊ လွှတ်ထားတာပဲ” ကလေးတွေသည် သူတို့ အဖေ အမေထက် ကိုကို့ကို ပိုကြောက်ကြပါသည်။ ကိုကိုက ပြောမရလျှင် မကြာခဏ ရိုက်ပစ် တတ်သည်ဟု ဆိုသည်။ ကျွန်မရောက်မှ တစ်ခါမှ မဖြစ်ဘူးသေး။ ကျော်ကျော်က ကြောက်သော်လည်း ခပ်တည်တည် မျက်နှာထား နှင့် ဝင်လာပါသည်။ ကလေးသုံးယောက်တွင် ကျော်ကျော်အကြီး ဆုံးဖြစ်သည်။ “မင်း စပျစ်သီးတွေ ယူစားသလား” “ကျွန်တော် မစားဘူး လေးလေး” ကျော်ကျော်က ကိုကို့မျက်နှာကိုမကြည့်ဘဲ ပြောပါသည်။

“ကဲပါ ကိုကိုရယ်၊ သူလဲ စားမှ မဟုတ်ပါဘူး၊ ဘာမဟုတ် တာလေး ပြောမနေပါနဲ့၊ သွားတော့ ကျော်ကျော် သွားတော့” “နေဦး ကျော်ကျော်၊ မင်း လိမ်တာမကြိုက်ဘူးလို့ ငါပြော ထားတယ် မဟုတ်လား၊ လိမ်မပြောနဲ့၊ ကလေးတွေ ဒီနားကို တစ်ယောက်မှ မလာဘူး၊ မင်းပဲ ခဏခဏ ဝင်ဆော့နေတာ၊ စားရင် စားတယ်ပြော” “ကျွန်တော် မစားဘူး” “မင်းကို ငါရိုက်ရမလား” “တော်ပါတော့ ကိုကိုရယ်” “ရိုက်ရဲရင် ရိုက်ကြည့်ပါလားဗျ၊ ကျွန်တော့်အဖေကတောင်မရိုက်ဘူး” “မင်း ဘာပြောတယ်” “အို ၊ ကိုကို” ကျွန်မတို့ သုံးယောက် အသံများ ဆူညံသွားပြီး ကျော်ကျော် အော်ငိုသံကို ကြားရပါတော့သည်။ ကျွန်မ မဆွဲလိုက်နိုင်မီ ကိုကိုက ကျော်ကျော် ဇက်ပိုးကို ရိုက်လိုက်မိသည်။ ဆူဆူညံညံ အသံကြောင့် ဘွားမြင့် ရောက်လာတော့သည်။

“ဘာဖြစ်တာလဲ မောင်ကြည်သာ၊ ကလေးကို ဘာလို့ ရိုက်ရ သလဲ” “ကျွန်တော်က စပျစ်သီးစားသလားလို့မေးတာ ကျော်ကျော် က လိမ်ပြောတယ်၊ ပြီးတော့ မိုက်မိုက်ရိုင်းရိုင်းပြောတယ်၊ ရိုက်ရဲ ရိုက်ကြည့်တဲ့လေ၊ သူက” “ကျော်ကျော် လာခဲ့” ဘွားမြင့်က ကျော်ကျော်ကိုခေါ်ပြီး ထွက်သွားသည်။ မခင်မာ ဝင်လာပြန်သည်။ အားလုံးကြားပြီး ဖြစ်ဟန်တူ၏။ “ကလေးကိုတော့ မရိုက်ပါနဲ့ မောင်ကြည်သာ၊ မင်းတို့ စပျစ်သီးကို ငါဝယ်ပေးပါ့မယ်” မခင်မာသည် အထက်တန်းလွှာက လာသည့်တိုင် အပြော အဆို အနေအထိုင် အလွန်ညံ့ကြောင်း ကျွန်မသိပြီး ဖြစ်ပါသည်။ ခုလို သိမ်းကြုံးပြီး ပြောသောအခါ ကျွန်မပိုအံ့သြမိသည်။

“မခင်မာ ဒီလိုမပြောပါနဲ့၊ ကျွန်တော် ကလေးကို ဆုံးမတာ၊ ခါတိုင်းလဲ ကျွန်တော်ပဲ ပြောဆိုနေတာပဲ မဟုတ်လား” “မင်း ခါတိုင်းပြောပေမယ့် ခု မပြောနဲ့၊ မင်းလဲ မင်းအိမ်ထောင်နဲ့မင်း၊ သူတို့လဲ သူတို့အိမ်ထောင်နဲ့ သူတို့၊ သူတို့ သားသမီး သူတို့ဖာသာ ဆုံးမလိမ့်မယ်” အပြင်မှ လှမ်းပြောလိုက်သော ဒေါ်သူဇာ၏ အသံကို ကြား ရပြန်ပါသည်။ အိမ်ထောင်တစ်ခုတွင် သူစိမ်းဖက်လျှင် ပျက်တတ် သည်ဟူသော သဘောကို ကျွန်မနားလည်ပါသည်။ ခါတိုင်း ပြဿနာ ဖြစ်လျှင် သူ့ တူဝရီးချင်း သွေးသားချင်းမို့ ဆိုစရာမရှိ။ ခုတော့ သူစိမ်းဖြစ်သူ ကျွန်မက ရှိနေပြီမဟုတ်လား။ သည်တော့ သဘော အမှန်ကို အမှန်အတိုင်း မြင်ချင်မှ မြင်တော့မည်။ကိုကိုက မျက်နှာပျက်ပျက်နှင့် အပြင်ထွက်သွားပါသည်။ တံခါးဖွင့်ပြီး ကိုကိုဆင်းသွားသံ ကြားလိုက်ရသည်။ ကျွန်မစိတ်ထဲ ပို၍ အားငယ်သွားမိ၏။ ကိုကို ဤသို့ ရှောင်ထွက်သွားခြင်းဖြင့် ကျွန်မအတွက် ပို၍ အနေခက်ရသည်။ မခင်မာ၏ ကျော်ကျော်ကို မဲ၍ရိုက်နေသံ၊ စောင်း၍ ပြောနေသံတို့ကို နားမခံသာအောင် ကြားနေရသည်။

“ကဲ တော်ကြစမ်း တော်ကြစမ်း၊ နားငြီးလှတယ်၊ တယ်လဲ စိတ်ရှုပ်ဖို့ ကောင်းပါတယ်၊ သနားလို့ ငါ့အိမ်ပေါ် တင်ထားတာ သွားကြစမ်း သွားကြစမ်း၊ အားလုံး ဆင်းသွားကြစမ်း” ဘွားမြင့်၏အသံကြောင့် မခင်မာ ငြိမ်သွားသည်။ ကျွန်မသည် ခေါင်းအုံးနှင့် နားနှစ်ဖက်ကို အပ်၍ ပိတ်ထားလိုက်မိသည် ။ မျက်ရည်များက မွေ့ရာပေါ် စီးကျလာသည်။ အိမ်ထောင့်အရသာ ဆိုတာ ဒါပဲလား ကိုကိုရယ်။

“ခဏကလေးပါ ကိုကိုရယ် မကြာပါဘူး၊ တစ်လလောက်တင်ပါ။ လှိုင် ကောင်းကောင်း အနားယူပြီး နေကောင်းတော့ ပြန်လာမှာ ပေါ့၊ ဒီကြားထဲမှာ ကိုကိုလဲ အိမ်ငှားလို့ ရချင်ရမှာပေါ့နော်” “မဟုတ်ပါဘူး လှိုင်ရာ၊ လှိုင် စိတ်ညစ်ညစ်နဲ့ ပြန်သွားတော့ လှိုင့် မေမေက ကိုကို့ကို အထင်လွဲနေမယ်၊ စိတ်မကောင်း ဖြစ်နေ မယ် ” “အို လှိုင်ကောင်းကောင်းမွန်မွန် ပြန်သွားမှာပါ၊ လွမ်းလို့ လာလည်တယ်ပေါ့၊ ကိုကိုလာကြိုလိမ့်မယ်ပေါ့၊ အိမ်ငှားလို့မရ သေးလို့ ဆိုတာတွေ ပြောပြရမှာပေါ့၊ မေမေက နားလည်ပါတယ်။ လှိုင့်ကိုလဲ သတိရနေမှာပဲ၊ တော်ကြာ နေနိုင်လိုက်တာ တစ်ခေါက် မှတောင် လာမလည်ဘူးလို့ ထင်နေဦးမယ် ဟုတ်ဖူးလား” “ဒီလိုဆိုလဲ လှိုင့်သဘောလေ၊ ကိုကိုကတော့ မသွားစေ ချင်ဘူး”

ကျွန်မက ပဲခူးသို့ ခေတ္တပြန်နေလိုသဖြင့် ကိုကို့ကို ပြောပြမိပါသည်။ ကိုကိုကတော့ မသွားစေချင်ပါ။ ကိုကိုမလုပ်စေချင်သည့် အလုပ်ကို ကျွန်မလည်း ဇွတ်မလုပ်ချင်။ “ဒီလိုဆိုလဲ ကိုကိုရယ် လှိုင် အဆောင်မှာ သူငယ်ချင်းတွေနဲ့ ခဏ သွားနေမယ်လေ၊ လှိုင်လေ အိမ်ထောင်သည် ဖြစ်လာမှ အရင်က ကျောင်းသူဘဝလို လွတ်လွတ်လပ်လပ် ပြန်နေချင်လိုက် တာ၊ သူငယ်ချင်းတွေကိုလဲ သတိရတယ်၊ နောက်ဆို အိမ်နဲ့ ယာနဲ့ သားနဲ့ သမီးနဲ့ဆိုရင် သွားနိုင်မယ် မဟုတ်တော့ဘူး၊ ခု ခဏသွား နေပါရစေ၊ လှိုင် ကောင်းကောင်းလဲ အနားယူနိုင်မယ် ပျော်လဲ ပျော်မှာပဲ။ ပြီးတော့ ကိုကိုလဲ လာလာလည်ပေါ့ လို့ ၊ အရင် သမီးရည်းစား ဘဝတုန်းကလိုလေ” “ကောင်းသားပဲလှိုင် သွားချင် သွားနေလေ၊ လှိုင့်ပစ္စည်း တွေလဲ ကျန်သေးတယ် မဟုတ်လား” ကျွန်မ အတိုင်းထက်အလွန် ဝမ်းသာသွားပါသည်။ ဘော်ဒါ ဆောင်တွင် ကျွန်မ၏ အိပ်ရာလိပ်နှင့် အခြားပစ္စည်းများ ထားခဲ့ ရသည်။ အိမ်ရမှသွားသယ်မည် စိတ်ကူးခဲ့ရာ ခုထိ မသယ်ဖြစ်သေး။ ထိုနေ့က ကျွန်မ အဝတ်အစားအနည်းငယ်ယူ၍ အဆောင်သို့ လာခဲ့သည်။ အိမ်သားတွေကို ဘာမျှမပြောခဲ့။ ကျွန်မ အဆောင် သွားလည်ရင်း သူငယ်ချင်းတွေဆွဲထား၍ နေခဲ့သည်ဟု ကိုကိုကပြောပေလိမ့်မည်။ ကျွန်မ စိတ်ထဲတွင်တော့ အိမ်ရှာ၍ မရမချင်း အဆောင်မှာပဲ နေတော့မည်ဟု ပိုင်းဖြတ်လိုက်သည်။

ကျွန်မနေခဲ့ရာ “သီရိမြိုင်” အမျိုးသမီး ဘော်ဒါဆောင်လေး သည် ပြည်လမ်းပေါ်ရှိ အင်းလျားကန်ဘေးဝယ် ရှိပါသည်။ အမျိုး သမီး ၂၀ ခန့် စုပေါင်းနေထိုင်ကြ၍ ကျောင်းသူများ၊ အလုပ်လုပ်နေ သူများ၊ ဘွဲ့လွန်သင်တန်းတက်နေသူများ စသည်ဖြင့် လူစုံလှသည်။ ကျွန်မသည် တက္ကသိုလ် ပထမနှစ်မှစ၍ အကြောင်း မညီညွတ် သဖြင့် အဆောင်နေခွင့်မရခဲ့ရာ သည်ဘော်ဒါဆောင်လေးမှာပင်ကျောင်းတက်ခဲ့ရသည်။ နောက်နှစ်များတွင်လည်း ကျွန်မ သည်မှာပဲ ဆက်နေခဲ့သည်။ ဘွဲ့ရပြီးကိုကိုနှင့် လက်ထပ်သည်အထိပင်။အိမ်မှထွက်လာသည်ဆိုလျှင်ပင် ကျွန်မစိတ်ထဲမှာ ပေါ့ပါး လန်းဆန်းသွားသည်။ အသက်ရှူရ ချောင်သွားသည်။ စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားသည်။ အင်းလျားကန်ထိပ်ကပင် ကျွန်မတို့ ဆင်းလျှောက်ခဲ့ကြသည်။ ငါးလတာမျှ ခွဲခွာခဲ့ရသော အင်းလျား၏ အလှသည် ကျွန်မအတွက် ရှုမငြီးအောင် ဖြစ်ရပြန်ပါသည်။ ကျွန်မ တွင် ရင်သွေးငယ်ကိုသာ လွယ်မထားရလျှင် ပြေးလွှားသွားမည်လား မသိပါ။ လေကို တဝကြီးရှူသွင်းပြီး ကန်စပ်တွင် ခြေချ၍ ထိုင်လိုက် မိပါသည်။ ကျွန်မသည် ကလေးငယ်တစ်ယောက်လို ပျော်မြူးနေမိ ပါသည်။

ကိုကိုရေ လာစမ်းပါ၊ လှိုင့်အနားမှာ ထိုင်စမ်းပါဦး၊ အရင် တုန်းကလို စကားတွေအများကြီးပြောပါလားဟင်၊ လှိုင် ပြန်နား ထောင်ကြည့်ချင်လို့ပါ” ကျွန်မ ရွှင်ရွှင်လန်းလန်း ဖြစ်နေသည်ကို ကိုကိုက ငေးမော ကြည့်နေပါသည်။ တကယ်တော့ ကိုကိုတွေးတတ်မည်ဆိုလျှင် ကျွန်မ သည်လိုပျော်ရွှင်မှုမျိုးနှင့် နေတတ်သည်ကို မတွေ့ရသည်မှာ လက်ထပ် သည့်နေ့ကစ၍ပဲဆိုတာ သိနိုင်ကောင်းပေမည်။ ကျွန်မတို့သည်ထိုနေ့ကစ၍ ချစ်စကား ကြိုက်စကားကိုပင် လွတ်လွတ်လပ်လပ် ချွဲချွဲနွဲ့နွဲ့ မဆိုခဲ့မိကြတော့ပါ ပေ။ “ကြည့်စမ်း၊ ကိုကိုကသိပ်မေ့တတ်တာပဲ၊ အရင်ကလို လှိုင် ထိုင်ဖို့ လက်ကိုင်ပုဝါလေးတောင် ခင်းမပေးတော့ဘူး၊ လှိုင့် လုံချည် တွေ ပေကုန်ပြီ၊ အို ပေပါစေလေ ပေပစေ” ကျွန်မတို့ ချစ်သူဘဝက ကျွန်မထိုင်စရာ နေရာတိုင်းတွင် ကိုကိုက သူ့လက်ကိုင်ပုဝါလေးကို ဖြန့်ခင်းပေးတတ်ပါသည်။ ကျွန်မက လက်ကိုင်ပုဝါလေးကို လျှော်ဖွပ်ပြီးမှ ကိုကို့ကို ပြန်ပေး သည်။ ကိုကိုက တယုတယ သူ့ အိတ်ထဲသို့ ပြန်ထည့်ထားတတ် သည်သာ။ ကိုကိုသည် ကျွန်မဘေးတွင်ထိုင်ပြီး ကန်ရေပြင်ကို ငေးမော ကြည့်ရှုနေပေသည်။

ကျွန်မတို့သည် ကန်ဘောင်ပေါ်မှာ ထိုင်ပြီး “ကိုကိုနဲ့ လှိုင်တို့ အတူတူနေကြရတဲ့အခါ ကျရင်လေ” ဟူသော စကားများကို တတွတ်တွတ်ပြောဆို ကြည်နူးခဲ့ကြဖူးပေသည်။ကိုကိုနှင့် ကျွန်မ တွေ့ကြပုံက မဆန်းလှပါ။ ရိုးလဲ မရိုးလွန်း လှပါ။ ထိုနေ့က သူငယ်ချင်းဖြစ်သူ မြမြသင်းက ကျွန်မကို ဗိုလ်ချုပ်ဈေးသို့ အဖော်ခေါ်ပါသည်။ သူ့မှာ ဝယ်စရာသိပ်မရှိ၊ လူတစ်ယောက်နှင့် တွေ့စရာရှိသည်ဟုဆိုသည်။ ထိုလူက ကဗျာ ဆရာ ကိုညိုသွေး။ မြမြသင်းသည်လည်း ကဗျာဆရာမတစ်ဦးဖြစ် သည်။ သူတို့က ကဗျာချင်းမိတ်ဆက်၍ သိကြသည်။ ခုတော့ လူချင်းတွေ့ကြဖို့ ချိန်းကြသည်။ ကိုညိုသွေးသည်အိမ်ထောင်သည် တစ်ဦးဖြစ်၏။ ထို့ကြောင့် မြမြသင်းက တစ်ယောက်ထဲသွားမတွေ့လို။ ကျွန်မကို အဖော်ခေါ်သည်။ မြမြသင်းသည် ရိုးသားတည်ကြည်သော မိန်းကလေးတစ်ဦးဖြစ်သည်။ ထို့ကြောင့် ကျွန်မက သူ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် သူ့ဆန္ဒကိုလည်း လိုက်လျောသောအားဖြင့် အဖော်လိုက်သွားရန် သဘောတူရသည်။ကျွန်မတို့ ဗိုလ်ချုပ်ဈေးကို တစ်ပတ်ပတ်ပြီးမှ ယမုံနာ စားသောက်ဆိုင်သို့ ဝင်ခဲ့ကြသည်။ အချိန်က ၁၀ နာရီခွဲပေပြီ။ မကြာခင် လူနှစ်ယောက်ဝင်လာပြီး ကျွန်မတို့စားပွဲတွင် ထိုင်သည်။ သူတို့ချင်း ဘယ်လို အချိန်းအဆက်ပြုထားသည်မသိ။ အသားညိုညို ပိန်ပိန်ပါးပါးတစ်ယောက်က “မြမြသင်းလား” ဟု စတင်နှုတ်ဆက် သည်။ နောက်တော့ ကျွန်မတို့ ဆီချက်ခေါက်ဆွဲ မှာစားကြပြီး စကားစမြည်ဆိုမိကြသည်။

“သူက မြမြသူငယ်ချင်း နီနီလှိုင်ပါ” “ဒါကတော့ ကျွန်တော့်သူငယ်ချင်း ကိုကြည်သာပါ၊ မြမြတို့ ဝိဇ္ဇာသိပ္ပံက နောက်ဆုံးနှစ် ရူပဗေဒမှာ တက်နေပါတယ်” ကျွန်မတို့ချင်း ပြုံးပြမိကြသည်။ ကိုညိုထွေး ကိုယ်တိုင် ကလည်း မြမြသင်းကို လေးစားသောအားဖြင့် အဖော်ခေါ်လာသည် ဖြစ်ပေမည်။ ထိုနေ့မှစ၍ ကိုကိုနှင့်ကျွန်မ သိကျွမ်းခင်မင်ခဲ့ရသည်။ ထိုစဉ်က ကိုကိုသည် ကချင်လုံချည်အကွက်ကြီးနှင့် အင်္ကျီအဖြူကို ဝတ်ထားသည်။ စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် မနားတမ်းသောက်နေသည်။ စကားသိပ်မပြော။ သို့ သော် စီးကရက်မီးခိုး ကြားမှ ကျွန်မကို ခိုးခိုးကြည့်သည်ကို ကျွန်မက သိနေသည်။________________ဤအကြောင်းကို ကျွန်မက ကိုကို့ကို ပြန်ပြောပြတိုင်း လှိုင်ကလဲ ကြည့်နေလို့ သာ ကို ကိုကြည့်တာကို သိတာပေါ့” ဟု ကိုကို ပြန်ချေပတတ်သည်။ကျွန်မတို့နှစ်ယောက်ကို ကိုကိုတို့နှစ်ယောက်က အဆောင်ထိ လိုက်ပို့ကြသည်။ ကျွန်မက သူတို့ကိုနှုတ်ဆက်ကာ အဆောင်ထဲ ဝင်နေပြီး ပြန်မထွက်တော့။

“အဲဒီတုန်းက သူသိပ်ဆိုးတာပဲ၊ ဘာလို့ အတူတူထိုင်ပြီး စကားမပြောတာလဲ” ဟု ကိုကိုက ချစ်သူဘဝ ရောက်မှ ပြောပြသေးသည်။ ကိုကိုတို့က အဆောင်ကို မကြာမကြာ လာလည်သည်။ နောက်တော့ ကိုကိုတစ်ယောက်တည်းလာသည်။ ကျွန်မတစ်ယောက်တည်းကို ခေါ်တွေ့ သည်။ ကျောင်းတက်ရာမှာ အခန်းထဲကို လာတွေ့သည်။ အင်းလျားကန်ကို အတင်း လမ်းလျှောက်ခေါ်သည်။ သည့်နောက်တော့ ကျွန်မတို့ ချစ်ခဲ့ကြသည်။ ဆိုပါစို့ ကျွန်မတို့ဇာတ်လမ်းကား ဤမျှသာ ဖြစ်ပါ၏။ “ကိုကိုနဲ့ လှိုင်နဲ့ စတွေ့တဲ့နေ့က လှိုင် လုံချည် ဘာအရောင် ဝတ်ထားသလဲဟင်” ကျွန်မက အတိတ်ကိုစဉ်းစားမိရင်း ကိုကို့ကိုကောက်ကာ ငင်ကာမေးမိသည်။ ကိုကိုက ပြုံးပြီး သွက်သွက်လက်လက်ပင် ပြန် ဖြေသည်။ “လုံချည်ပန်းရောင်ကလေးနဲ့၊ နှစ်ထပ်ဇာအကျီပန်းရောင်လေး ပေါ့လှိုင်ရာ” ကိုကိုက ကျွန်မလက်ကလေးကို ချစ်သူဘဝကလိုဆုပ်ကိုင်ပြီး ပြန်ဖြေသည်။

“ဒါဖြင့် လှိုင်တို့ လက်ထပ်တဲ့နေ့ကကော ဟင်” ကိုကို တွေဝေသွားသည်။ ကျွန်မမျက်နှာကို အားငယ်စွာ ကြည့်နေသည်။ ပြီးတော့ ကျွန်မလက်ကလေးများကို သူ့နဖူးနှင့် ကပ်လိုက်သည်။ “ခွင့်လွှတ်ပါ လှိုင်ရယ်၊ လှိုင် အဲဒီနေ့က ဘာအကျီနဲ့ ဘာ လုံချည် ဝတ်ထားသလဲဆိုတာကို ကိုကို စဉ်းစားလို့မရတော့ဘူး၊ ဆံထုံးမြင့်မြင့်လေးထုံးပြီး သဇင်ပန်းတွေ ပန်ထားတာပဲ မှတ်မိ တော့တယ်” “ဖြစ်ရမယ်လေ၊ ဆံထုံးကတော့ ကိုကိုကိုယ်တိုင် ဆိုင်ကို လိုက်ပို့ခဲ့ရတာကိုး၊ ပန်းကလဲ ကိုကိုပဲ လိုက်ဝယ်ပေးတာပဲ၊ ကျန် တာတွေက လှိုင့်ဖာသာရွေးချယ်ခဲ့တာ၊ လက်ထပ်တဲ့နေ့မှာ ချစ်သူဘဝ တွေ့ စကလို စိတ်မဝင်စားတော့တာ အမှန်ပဲပေါ့နော် ကိုကို” ကိုကိုသည် ကျွန်မမျက်နှာကို ငေးကြည့်နေပြန်ပါသည်။ ကျွန်မမျက်လုံးအိမ်တွင် မျက်ရည်စများ ဝဲနေပြန်ပါသည်။

“လှိုင် ဘာတွေပြောနေတာလဲကွယ်၊ ကိုကိုတို့ တွေ့စက တော့ အိမ်ထောင်အကြောင်း၊ ဘဝခရီးအကြောင်း ပူပန်စရာတွေမှ မရှိခဲ့သေးတာကိုး၊ နောက်တော့ ဘဝရှေ့ရေးအတွက် တွေးတော ရတာတွေ၊ စီစဉ်ရတာတွေက ဦးနှောက်ထဲမှာ နေရာယူခဲ့လေတော့ ကျန်တာတွေ လစ်ဟင်းကုန်ရတာပေါ့ကွယ်၊ လှိုင့်ကို မချစ်တော့ဘူး ထင်လို့လား “အို မဟုတ်ရပါဘူးလေ၊ လှိုင်လဲ နားလည်ပါတယ်၊ လှိုင်အဲဒါကို ပြောမလို့ပါဘဲ၊ ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝဆိုတာ တစ်ခြားစီပါလားလို့ တွေးမိလို့ပါ၊ ကဲ ကိုကို၊ လှိုင်တို့ သွားကြစို့” ကျွန်မတို့သည် အင်းလျားကန်ပေါင်ရိုးကို လျှောက်ပြီးအလယ် အုတ်လှေကားကြီးမှ ဆင်းလာခဲ့ကြသည်။ ချစ်သူဘဝကလည်း ဤလှေကားကြီးမှ နှစ်ယောက်သား လက်တွဲ၍ ဆင်းဖူးပါသည်။ စိတ်ကောက်၍လည်း တစ်ယောက်တည်း ရှေ့မှပြေးဆင်းဖူးပါသည်။ ကြည်နူး၍လည်း အပြေးအလွှား ပြေးတက်ခဲ့ဖူးပါသည်။ ခုတော့ ကျွန်မတို့နှစ်ယောက် အတွေးကိုယ်စီဖြင့် အေးဆေးစွာ ဆင်းလာခဲ့ကြ ပါသည်။

“ဟော လှိုင်၊ လှိုင်လာလည်တယ်နော်၊ ဒီမှာ အိပ်မှာလား ဟင်၊ ဝမ်းသာလိုက်တာဟယ်” သီရိမြိုင်မှ သူငယ်ချင်းများက ဝမ်းသာအားရ ဆီးကြိုကြ ပါသည်။ “လှိုင်က အပျိုလို ပြန်နေချင်လို့တဲ့ဗျာ၊ ကြည့်ရှုစောင့်ရှောက် ထားလိုက်ကြစမ်းပါ” ကိုကိုက ရယ်ရယ်မောမောဖြင့်ပြောကာ ကျွန်မ သည်မှာ ခဏပြန်နေမည့်အကြောင်း သူငယ်ချင်းများကို သိစေပါသည်။ “အံမာ ခုမှ အပျိုပြန်ဖြစ်ချင်လို့ ဘယ်ရမလဲ၊ လက်မခံဘူး၊ လက်မခံဘူး၊ ပြန်ခေါ်သွားကိုကိုသည် အရင်ကလိုပင် အဆောင်တံခါးပိတ်ချိန် ကိုးနာရီ ထိုးမှ ပြန်သွားပါသည်။ “လှိုင်ရယ် နင် သိပ်ပိန်သွားတာပဲ၊ နေမကောင်းဘူးလားဟင်” မြမြသင်းက ကျွန်မကို ဂရုတစိုက် မေးရှာပါသည်။ “အေးကွာ၊ လှိုင် ထမင်းမစားနိုင်တာ တစ်လ ကျော်သွားပြီ” “ရိုးရိုးသားသားပဲလား” “မရိုးလို့ ခက်နေတာပေါ့” “အို ဟုတ်လား၊ ဘယ်လောက်တောင် ရှိသွားပြီလဲ” ကျွန်မက လက်သုံးချောင်းထောင်ပြလိုက်သည်။ “အေးဟယ်၊ နင်ဒီမှာ လာနေတုန်း နေကောင်းအောင် သက်သက်သာသာ နေပေါ့၊ စားချင်တာလဲ တို့ဝယ်ကျွေးမယ်” “ဒါကြောင့် သူငယ်ချင်းတွေကို အားကိုးရတာပေါ့ကွာ၊ လှိုင့် နေရာကော လူသစ်ရောက်နေပြီလား” “တစ်ယောက်လာနေပြီး ပြန်ပြောင်းသွားပြီ၊ ခု လွတ်နေတယ်၊ လှိုင့်ပစ္စည်းတွေလဲ လက်ရာမပျက်ဘဲ၊ လှိုင် အဲဒီအခန်းမှာပဲ ပြန်နေ မလား” ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။

ကျွန်မနေခဲ့ရာအခန်းလေး သည် နှစ်ယောက်ခန်းဖြစ်သည်။ အခန်းဖော်က မဟာဝိဇ္ဇာတန်း တက်နေသူ ကြည်မေဦး ဖြစ်သည်။ “ကြည်မေဦးတစ်ယောက်ကော ဘယ်လိုနေလဲဟေ့” “ပိုဆိုးနေတယ်” ကျွန်မသက်ပြင်းချမိပါသည်။ ကြည်မေဦးသည် ရန်ကုန်သူဖြစ် သည်။ မိဘမရှိတော့သော်လည်း မြို့ထဲမှာ အစ်ကိုရှိသည်။ သို့သော်ယောက်မနှင့် မတည့်၍ အတူမနေဘဲ ဘော်ဒါ လာနေသည်။ ကြည်မေဦးသည် သဘောကောင်းသည်။ အေးဆေးသည်။ သို့သော် ကြည်မေဦးသည် အလှကြိုက်သည်။ အသစ်အဆန်းကြိုက်သည်။ သူမ ကြိုက်သည့်အရာများကို သူမ ဖန်တီးယူတတ်သည်။ သူမတွင် ယောက်ျားလေးသူငယ်ချင်း အများအပြားရှိသည်။ ထို့ ကြောင့် ကြည်မေဦး နာမည်ပျက်ရသည်။ သူမကိုယ်တိုင်လည်း ပျက်စီးနေပြီ ထင်သည်။ကျွန်မ အခန်းတံခါးကို ခေါက်လိုက်တော့ ကြည်မေဦးသည် အိပ်ချင်မူးတူးဖြင့် တံခါးလာဖွင့်သည်။ “ဟယ် လှိုင်ထိပ်ခေါင်တင်ပါလား” ကြည်မေဦးက ဝမ်းသာအားရ ပြောရင်း ရင်ပတ်ပေါ်တွင် လက်နှစ်ဖက်ကို ယှက်လိုက်သည်။ သူမတွင် အတွင်းခံအင်္ကျီ ဝတ် ထားခြင်းမရှိ။

“လှိုင် ခဏပြန်နေတာ” “ယူတို့ အိမ်ငှားလို့ မရသေးလို့ဆို” “အေးကွာ၊ ခွေးနေရာမရ ဖြစ်နေတယ်” ကျွန်မကပြောပြောဆိုဆို ခုတင်လွတ်ပေါ်တွင် အိပ်ယာလိပ်ကို ပစ်တင်လိုက်သည်။ ကြည်မေဦးက ဝိုင်း၍ ခင်းကျင်းပေးသည်။ “မေဦး စီးကရက်တွေ သိပ်သောက်ပြန်ပြီနော်” ကျွန်မက စီးကရက်တိုများ ပွနေသော သူ့စားပွဲပေါ်သို့ကြည့် ရင်း ပြောမိသည်။ ကျွန်မရှိစဉ်ကဆိုလျှင် မေဦးသည် ကျွန်မစကား ကို နားထောင်၍ စီးကရက်ကို လျှော့သောက်တတ်ပေသည်။ တစ်ခါ တစ်ရံကျမှ ကျွန်မက လက်ဖက်သုပ်ကျွေးမည်ဟု ချော့လျှင် လုံးဝ မသောက်ဘဲ နေသည်။ “ကိုယ် သိပ်စိတ်ညစ်နေတယ်လေ” “မင်း စိတ်မညစ်တဲ့အခါရယ်လို့များ ရှိသေးလို့လား မေဦးရာ” “ဟုတ်ပါတယ်လေ၊ ကိုယ်လဲ ယူမရှိတော့ စကားပြောစရာ အဖော်တောင်မရှိတော့ဘူး၊ အရင်တလောက လာနေတဲ့ အမျိုးသမီးကတော့ ကိုယ့်အတင်းကို တစ်အိမ်လုံး လူစေ့အောင် လျှောက်ပြောနေတော့တာပဲ” ကြည်မေဦးက စကားပြောရင်း စီးကရက်တစ်လိပ်ကို ထုတ် ယူပြန်သည်။ ပြီးမှ ကျွန်မကို သတိရကာ ဒီတစ်လိပ်တည်းဟု ပြောသည်။

“သောက်ချင်လဲသောက်ကွာ၊ ကိုယ့်လဲ တစ်လိပ်ပေ” ဟု ကျွန်မက ပြောမိရာ “ဘုရားရေ ဘယ်လိုဖြစ်တာလဲ” ဟု မေဦးက ဆိုလေသည်။ “တစ်ခါတုန်းက ယူ ပြောတဲ့စကား မှန်တယ်၊ တစ်ယောက် ယောက်ရဲ့ အချစ်ကို လက်ခံလိုက်ပြီး လက်ထပ်လိုက်ရင် ဘဝတည်ငြိမ် သွားမယ် ဆိုတာလေ၊ ခုတော့ ကိုယ့်ဘဝလဲမတည်ငြိမ်ဘူး၊ ဘယ်သူ့ ကိုမှလဲ မချစ်ချင်တော့ဘူး” “ဘဝတော့ တည်ငြိမ်သွားပါရဲ့ ၊ ဒါပေမယ့် ထောင်ကျသွား သလိုပဲ” ကျွန်မက ဆက်လိုက်မိသည်။ ကြည်မေဦးက အိပ်ရာပေါ် တွင် လှဲပြီး ဟန်ပါပါ စီးကရက်ဖွားနေသော ကျွန်မကိုကြည့်ကာ အံ့သြနေလေသည်။ ‘ခေါင်းမူးလိုက်တာကွာ၊ တော်ပြီ” ကျွန်မက စီးကရက်ကို ထိုးချေလိုက်ကာ ထထိုင်လိုက်သည်။ ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားပြီး ​ဝေ ါ့ ကနဲ တစ်ချက်ပျို့အန်လိုက်မိပြန် သည်။ “ယူ ကလေးရှိနေပြီလား” ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။ “ခက်လိုက်တာ မေဦးရယ်၊ မင်း ဒီလိုပဲနေသွားတော့မှာလား” ကျွန်မ သက်ပြင်းချမိပါသည်။

အဝတ်အစားနှင့်အလှအပကို မက်မောလှသော ကြည်မေဦး။ သူ့ကိုကြည့်ပြီး ကျွန်မ ထွေးထွေးကို သတိရမိသည်။ ထွေးထွေးနှင့်စာလျှင် ကြည်မေဦးသည် အစစအရာရာ သာလွန်ပါသည်။ ရုပ်ရော၊ ငွေကြေးရော၊ ပညာရောဆိုပါတော့၊ ကြည်မေဦးမှာ မိဘမရှိပေမယ့် ငွေကြေးအမွေအနှစ် ရှိသည်။ အစ်ကိုကထိန်းသိမ်းထားပြီး လိုသလောက်ထောက်ပံ့သည်။ သို့သော် ကြည်မေဦးသည် ရောင့်ရဲတင်းတိမ်ခြင်းမရှိ။ ထွေးထွေးကျပြန်တော့ မိဘက ဆင်းရဲချို့တဲ့သည်။ ကျောင်းစရိပ်ပင် လောက်အောင် မထောက်ပံ့နိုင်။ အလုပ်ထွက်လုပ်ဖို့ သင့်သော်လည်း ထွေးထွေးက တက္ကသိုလ်ပညာကို လိုလိုချင်ချင် ရှိနေပြန်သည်။ ထို့ကြောင့်လည်း တက္ကသိုလ်မြေမှာ မရမကတွယ်ကပ်နေသည်။ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာသည်။ ရိုးရိုးသားသားပင် ရှာပါသည်။ ကျောင်းလွှတ်ချိန် ညနေပိုင်းနှင့် စနေ တနင်္ဂနွေ နေ့များတွင် အိမ်တိုင်ရာရောက် ကျူရှင်လိုက်ပေးရသည့် အလုပ်ပင်ဖြစ်သည်။ ပိုပိုလျှံလျှံမသုံးရသည့် တိုင် ကျောင်းစရိတ်တော့ ကာမိသည်။ သွားရေးလာရေးကြောင့် ညနေမိုးချုပ်နေတတ်သဖြင့် စည်းကမ်းနှင့် ဝင်ထွက်ရသော တက္ကသိုလ်အဆောင်မှာ နေ၍ မဖြစ်။ ထို့ကြောင့် သီရိမြိုင်ကို ရောက်လာရသည်။

“ထွေးလေ ထွေး ရည်ရွယ်ချက် အောင်မြင်အောင် မရမနေ ကြိုးစားမယ်” ထွေးထွေးက အားနှင့် မာန်နှင့် အမြဲပြောလေ့ရှိသည်။ ကျွန်မတို့က ထွေးထွေးကို လေးစားရသည်။ ညှာတာရသည်။ တတ်နိုင်သမျှ ကူညီရသည်။ ထွေးထွေးအချိန်တန်၍ ပြန်မလာလျှင် လည်တဆန့်ဆန့် မျှော်ကြရသည်။ စိတ်ပူကြရသည်။ ကျွန်မတို့မှာ ကိုယ့်ထမင်း ကိုယ်ချက်စားရသည်ဖြစ်၍ ထွေးထွေးအတွက်ထမင်း ကို ပိုချက်ထားပေးကြသည်။ သို့သော် မကြာမီ ထွေးထွေးကို ကျွန်မတို့ မျှော်စရာမလိုတော့ သလို ဖြစ်ခဲ့သည်။ ထွေးထွေး အဖော်ရပြီတည်း။ ထွေးထွေး ကျူရှင်လိုက်ပေးရသည့် အိမ်များမှ မျက်နှာကြီး အရာရှိအိမ်များ ဖြစ်သည်။ ထွေးထွေးနှင့်အရင်းနှီးဆုံးမှာ ဝင်ဒါမီယာရှိ အိမ်တစ်အိမ် ဖြစ်သည်။ တပည့်များနှင့် ရင်းနှီးသည်ထက် တပည့်တွေ၏ ဦးလေးတော်သူနှင့် ထွေးထွေးခင်မင်ခဲ့သည်။ ကိုအောင်နိုင်ကလေ၊ ကိုအောင် နိုင်ကလေ စသည်ဖြင့် ထွေးထွေးစကားများထဲတွင် ကြီးစိုးလာခဲ့ သည်။

မိန်းကလေးတစ်ယောက်ကို တစ်စုံတစ်ဦးက စိုးမိုးလာပြီ ဆိုလျှင် လျှို့ဝှက်သိုသိပ်၍ ရခဲသည်။ ခုလည်း ထွေးထွေးကို ကျွန်မ တို့ အကဲခတ်၍ ရခဲ့ချေပြီ။ကိုအောင်နိုင်က ထွေးထွေးကို အဆောင်ရောက်အောင်ပြန်ပို့ တတ်သည်။ ထွေးထွေးက ထိုအိမ်သို့ တစ်ရက်ခြား သွားရသည်။ ကျန်သည့်ရက်တွင် ကမာရွတ်လှည်းတန်းမှ အိမ်တစ်အိမ်သို့ သွားရ သည်။ ထိုရက်များတွင်ပင် ကိုအောင်နိုင်က သွားစောင့်ကြိုပြီး လိုက်ပို့ပေးတတ်သည်။ သည်တော့လည်း ကျွန်မတို့က ကိုအောင်နိုင်၏ စေတနာကို ယုံကြည်လက်ခံမိကြတော့သည်။တစ်နေ့တွင်တော့ ကျွန်မတို့သူငယ်ချင်းတစ်သိုက် ဗိုလ်ချုပ် ဈေးသို့သွားဖြစ်ကြသည်။ ထွေးထွေးမှာက ကျူရှင်သွားပေးရမည့်အချိန် နီးနေပေပြီ။ ထို့ကြောင့် ကျွန်မတို့ အလျင်စလို ဝယ်ခြမ်းနေရသည်။

“၁၅ မိနစ်ပဲလိုတော့တယ်၊ ထွေးထွေး သွားမှပဲ၊ အန်တီကြီး က အချိန်တိကျမှ ကြိုက်တာ” ထွေးထွေးက စိတ်ပူစွာ ပြောလာသည်။ “ဒီလိုဆိုလဲ ထွေးထွေးကို ကားဂိတ်အရင် လိုက်ပို့လိုက် ရအောင်” ကျွန်မတို့ကထွေးထွေးကိုပို့ပြီးမှ ဈေးဆက်ဝယ်ရန်သဘောတူ လိုက်သည်။ ထိုစဉ် ထွေးထွေး၏ ဝမ်းသာအားရအသံလေးကို ကြား လိုက်ရသည်။ “ဟင် ကိုအောင်၊ အဲ ကေသီတို့ပါလား၊ တီချယ်လဲ ခုပဲ လာတော့မလို့၊ နောက်ကျသွားတော့မှာပဲလို့ စိတ်ပူနေတာကွယ်။ တော်ပါသေးရဲ့” ကျွန်မတို့ ဝမ်းသာသွားရပါသည်။ ကိုအောင်နိုင်နှင့် ထွေးထွေး တပည့် ကေသီတို့ မောင်နှမကို တွေ့လိုက်ရ၍ဖြစ်သည်။ “အတော်ပဲပေါ့ ဒီလိုဆို ထွေးထွေးလိုက်သွားတော့” ကျွန်မက ဝင်ပြောလိုက်ပါသည်။ “ကေသီတို့က ဝယ်စရာရှိသေးတယ်” လေအေးကလေးဖြင့် ဝင်ပြောလိုက်သော ကေသီစကားကို နားမလည်နိုင်အောင် ဖြစ်သွားမိပါသည်။ ထွေးထွေးကသာ မျက်နှာ ပျက်ပျက်ဖြင့် “ဒီလိုဆိုလဲ တီချယ်သွားနှင့်ပါမယ်လေ” ကျွန်မတို့မှာ ထွေးထွေးထွက်သွားရာသို့ အကြောင်သား ငေးနေမိကြပါသည်။ ကေသီဆိုသူလေးက ဟန်မပျက်ဝယ်စရာရှိတာ ဝယ်ပြီးမှ အေးအေးဆေးဆေး ကားပေါ်တက်သွားသည်ကို တွေ့လိုက် ရသည်။ ကိုအောင်နိုင်က ကျွန်မတို့ကို အားနာပြုံး ပြုံးပြရှာသည်။ သည်တော့မှ ကျွန်မတို့ သဘောပေါက်ရသည်။ စာသင်မည့်ဆရာမ ကသာ အိမ်အရောက်နောက်ကျ၍ တာဝန်ပေါ့ သူဖြစ်ချင်ဖြစ်ရမည်။ တပည့်မလေးက ကိုယ်ပိုင်ကားဖြင့် အေးအေးဆေးဆေးသွားနှင့်ပြီး စားပွဲပေါ်တွင် စာအုပ်တင်လျက် အသင့် ဖြစ်နေပေရော့မည်။

“ထွေးထွေးတစ်ယောက် ဘတ်စ်ကားမှရသေးရဲ့ လားမသိဘူး” မြမြသင်းက ထွက်သွားသောကေသီတို့ ကားလေးကိုကြည့် ပြီး စိတ်ပူပန်စွာ ပြောရှာပါသည်။ “အေးဟယ် လှိုင်လဲ ကြောင်သွားတာပဲ၊ ဒီလောက်အဆင်သင့် ကြီး တွေ့နေမှတော့ ကားနဲ့တစ်ခါတည်း ခေါ်သွားမယ် ထင်တာ ပေါ့၊ ပြီးတော့ ကိုယ့်ဆရာမပဲဟာ” ကိုအောင်နိုင် လိုက်ပို့ရင်တောင် တစ်ခါမှ ကားနဲ့လိုက်ပို့တာ မဟုတ်ဘူးကွ” “အေးနော်၊ ကိုယ်တော့ သူတို့ကိုကြည့်ပြီး ကိုယ့်တပည့်လေး တွေကို သတိရတယ်၊ ကိုယ်သွားရင် လမ်းထိပ်ကစောင့်ပြီး ထီး ယူရ ခြင်းယူရတာ အလုအယက်ပဲ၊ အပြန်ကျရင်လဲမလိုက်ပါနဲ့ဆို ပြောလို့မရဘူး၊ ဘတ်စ်ကားဂိတ်အထိ လိုက်လိုက်ပို့တယ်၊ တစ်ခါ တလေ ကျောင်းသားမိဘတွေတောင် ပါသေး၊ ဆရာမတို့ သူများတွေ က နောက်မှာ ပြောင်မှာ စိုးလို့တဲ့လေ”မြောက်ဥက္ကလာပတွင် မူလတန်းဆရာမ သွားလုပ်နေသော ခင်အေးရီက ပြောပြလေသည်။

“သူတို့ကဆရာမတစ်ယောက်လို ဆက်ဆံတာမှမဟုတ်ဘဲကွ၊ လခပေးထားတဲ့ အလုပ်သမားတစ်ယောက်လို သဘောထားတာပဲ” မြမြသင်းကမကျေမနပ်ပြောနေသည်။ ကျွန်မတို့သည် ရင်ထဲမှ ဝေဒနာကိုယ်စီဖြင့် ဘာမှ ဆက်မဝယ်မိကြတော့ဘဲ ပြန်လာခဲ့ကြပါ သည်။ ကြိုတင်စီစဉ်ထားသော ရှောက်သီးသုတ်နှင့် ကြာဆံဟင်းခါး စားရန်ကိုပင် သတိမရကြတော့ပါပေ။ထိုနေ့မှစ၍ ထွေးထွေးကို ညှိုးညှိုးငယ်ငယ်နှင့် တွေ့နေရ သည်။ ယခင်လို အားမာန်အပြည့်ပါသော စကားလေးများကိုပင် မကြားရတော့။ သို့သော် ကျူရှင်ပေးရန် သွားမြဲသွားသည်။ ကိုအောင် နိုင်ကလည်း လိုက်ပို့မြဲ လိုက်ပို့သည်။ထိုနှစ် နွေရာသီ ကျောင်းပိတ်ရက်တွင် ထွေးထွေးသည် သူ့နေရပ်သို့ ပြန်သွားသည်။ ခါတိုင်းနှစ်က ပြန်လေ့မရှိ။ ကျောင်း ဖွင့်ကာနီးမှ ထွေးထွေးဆီက စာရောက်လာသည်။ မိခင် နေမကောင်း၍ ရင်အုပ်မကွာ ပြုစုနေရကြောင်း၊ ရန်ကုန်တွင် သူ့တစ်ယောက်စာ အတွက် ရှာကြံနေ၍ဖြစ်သော်လည်း မိဘနှင့် မောင်ညီမလေးများကို ပစ်ထားသလို ဖြစ်နေရကြောင်း၊ ခုတော့ သူ့ရပ်ရွာလေးမှာပင်ကျောင်းဆရာမလုပ်၍ အိမ်၏ တာဝန်ကို ယူနေပြီဖြစ်ကြောင်းဖြင့် ရေးထားလေသည်။ ကျောင်းဖွင့်ရက်တွင် ကိုအောင်နိုင်တစ်ယောက် သတိတရဖြင့် မေးလာသောအခါ ကျွန်မတို့က သူ့စာလေးကို ပြလိုက်ရတော့သည်။

တကယ်တော့ ထွေးထွေးသည် နာကြည်း ဆွေးမြေ့သော ဝေဒနာတစ်ရပ်ဖြင့် တက္ကသိုလ်မြေကို ခွာသွားလေပြီဟု ကျွန်မတို့ နားလည်မိပါသည်။ ထွေးထွေး စိတ်နာသည်မှာ သူ့ဘဝကိုပဲလား၊ လူတွေကိုပဲလား၊ လောကကြီးတစ်ခုလုံးကိုပဲလား မပြောတတ်ပါပြီ။ထွေးထွေး တစ်ယောက် လှေလှော်ရင်း တက်ကျိုးခဲ့ရရှာပြီ တည်း။________________ညက အေးအေးဆေးဆေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသဖြင့် ကျွန်မ လန်းဆန်းစွာ နိုးလာခဲ့သည်။ သို့သော် အိပ်ရာမှ ထထချင်း မိုက်ကနဲမူးသွားပြီး ကြွေဇလုံရှိရာသို့ ပြေးကာ ဝေါ့ကန်အန်လိုက် မိသေးသည်။ “သူ့ကြည့်ရတာလဲကွာ မသက်သာလိုက်တာ၊ ရော့ ကော်ဖီ ပူပူလေးသောက်လိုက်” ကြည်မေဦးက ကော်ဖီခွက်ကို လှမ်းပေးသည်။ “မေဦး ကလပ်စ် မရှိဘူးလား” “ကိုးနာရီခွဲမှ” မေဦးက အေးအေးဆေးဆေး အလှပြင်နေသည်။ ထိုစဉ် မြမြသင်းက တံခါးလာခေါက်လေသည်။

“လှိုင် နိုးပြီလား၊ ဘာစားချင်လဲ၊ ညနေ လှည်းတန်းဈေးက ဝင်ဝယ်ခဲ့မယ်” “ပုဇွန်ချဉ်လေး စားရရင် ကောင်းမလားမသိဘူး” “ဝယ်ခဲ့မယ်လေ၊ ဒို့တွေအားလုံးသွားရင် လှိုင်တစ်ယောက် တည်း ပျင်းနေမှာပေါ့” “ရပါတယ်၊ နားအေးပါးအေး မနေရတာ ကြာပြီပဲ၊ စာဖတ်နေမှာပေါ့” “လှိုင်ဆာရင် ကိုယ့်ထမင်းချိုင့် ဖွင့်စားနော်” ထမင်းချိုင့်မှာစားသော ကြည်မေဦးက မှာသည်။ “ဒီလိုဆို ကိုယ်သွားတော့မယ်၊ အဆက်ကြီးကို သတိရပြီး တော့လဲ ငိုမနေနဲ့ဦး” “စိတ်ချသွားပါ မြမြရာ၊ မင်းတို့ရုံးမှာ အိမ်ငှားမယ့်သတင်းလေး ဘာလေများလဲ ရလိုရငြား စကားစပ်ကြည့်စမ်းပါနော်” မြမြသင်းသည် ရုံးတစ်ရုံးတွင် လုပ်အားပေးနေ့စား လုပ် နေရသည်။ နေ့စားမှ လစားဖြစ်နိုး၊ အလုပ်သင်ဖြစ်နိုး၊ ထိုမှတစ်ဆင့် အမြဲတမ်းရာထူးလေးများ ရနိုးဖြင့် ရန်ကုန်တွင် ကပ်နေရသူတစ်ဦး ပင် ဖြစ်လေသည်။ထိုစဉ် မိန်းကလေးတစ်ယောက် အခန်းထဲဝင်လာသည်။ ကျွန်မ မမြင်ဖူးသေးသော မျက်နှာသစ်တစ်ဦး ဖြစ်သည်။

“မမကြည်မေဦး ကျောင်းသွားရင် နွယ့်ကိုလဲ ခေါ်ပါနော်၊ နွယ်လဲ ကိုးနာရီခွဲ ကလပ်စ်တက်ရမယ်” မိန်းကလေးသည် ဖြူဖြူတုတ်တုတ်လေးဖြစ်သည်။တောက်ပ ရွှန်းသစ်သော မျက်နှာလေးနှင့် စကားပြောဟန်လေးမှာ ချစ်စရာကောင်းနေသည်။ အမူအရာကို ကြည့်၍ ကျောင်းသူ အသစ် ဖရက်ရှာလေး ဖြစ်မည်ဟု ကျွန်မတွေးလိုက်မိသည်။ “သူက ဖရက်ရှာလားကွ” မိန်းကလေးထွက်သွားသွားချင်း ကျွန်မက မေးလိုက်မိသည်။ “ဟုတ်တယ် ယူတို့ ပဲခူးဘက်ကပဲ၊ မော်လမြိုင်ကောလိပ် မှာ ရတာ မနေချင်လို့ ရန်ကုန်ကို ပြောင်းလာတယ်” “ ဪ” ကိုးနာရီခန့်တွင်မှ ကြည်မေဦးလည်း အလှပြင်ဆင်မှုကို အဆုံးသတ်ကာ ကျောင်းတက်ရန် ထွက်သွားသည်။ကျွန်မက အိမ်ရှင်နှင့်တွေ့ဆုံကာ ကျွန်မ တစ်လမျှ ပြန်နေမည့် အကြောင်းပြောပြီး အိမ်လခ ၃၀ ကို ပေးလိုက်သည်။“ဪ ဒါနဲ့ နီနီလှိုင်တို့ အိမ်ရှာနေတယ် ဆိုလားလို့” “ဟုတ်ပါတယ် အန်တီ” “ကန်လမ်းထဲမှာ အန်တီ ညီမဝမ်းကွဲအိမ်တစ်အိမ်ရှိတယ်။ သူတို့က နယ်ကို အလုပ်နဲ့ ပြောင်းသွားကြလို့ ခဏအားနေတယ်၊ အဲဒါ အမြဲတမ်းတော့ မငှားဘူးတဲ့၊ သူတို့ပြန်လာရင် ပြန်နေမယ်တဲ့။ ခဏတဖြုတ် နေချင်တဲ့သူရှိရင်၊ လူလဲနည်းမယ်ဆိုရင် တင်ထားလိုက် ပါတဲ့၊ အန်တီကို ပြောထားဖူးတယ်” “ဟုတ်လားအန်တီ၊ ဒီလိုဆို အဆင်ပြေတာပဲ၊ လှိုင်တို့လဲ တစ်ခြားအိမ်ရှာမရခင် ခဏပဲနေမယ်လေ၊ လူကတော့ နှစ်ယောက် တည်းနေမှာပဲ၊ နေမယ် အန်တီ နေမယ်၊ လှိုင်ဖုန်းဆက်ပြီး ပြောလိုက်ဦးမယ်နော်” ကျွန်မမှာ အိမ်ရမည်ဆို၍ ဝမ်းသာလုံးဆို့နေမိသည်။ ဘယ်လို အိမ်လဲ ဘာလဲ ဘာမျှမမေးမိ။ ကျွန်မအနေဖြင့် ကိုကိုနှင့် နှစ်ယောက် တည်း အိမ်သပ်သပ်နေရလျှင် ပြီးရော၊ အမိုးနှင့်အကာပါလျှင် ပြီးရော၊ အိမ်ဆိုလျှင် ပြီးရော သဘောထားကာ ကိုကို ရုံးသို့ ဖုန်းလှမ်းဆက်လိုက်သည်။

“ကိုကိုရေ လှိုင်တို့ အိမ်ရတော့မယ်သိလား” “ဟုတ်လား၊ ဘယ်မှာလဲလှိုင်” “ကန်လမ်းထဲမှာတဲ့” “ကန်လမ်းဆိုတာက ဘယ်မှာလဲ” ကျွန်မ အနီးရှိအိမ်ရှင်အဒေါ်ကြီးကို လှည့်မေးလိုက်ရသည်။ “ဟိုလေ၊ တံတားဖြူကန်လမ်းထဲမှာတဲ့ ကိုကိုရဲ့၊ ဟိုလေ ကိုကိုရယ်၊ လှိုင်တို့အဆောင် မရောက်ခင် လမ်းကြားလေးဟာလေ”ရပ်ကွက်က သန့်ရဲ့ လား လှိုင်ရယ်” ကိုကိုသည် နေရာရွေးလွန်းသူ ဖြစ်သည်။ မြို့လယ်ခေါင်မှာ အနေကြာ၍လည်း ရပ်ကွက်ဆင်ခြေဖုံးလိုဟာမျိုးတွင် သိပ်မနေချင်၊ လူတွေက သိပ်အဆင့်အတန်းနိမ့်တာပဲဟု ပြောလေ့ရှိသည်။ ကျွန်မ ကတော့ လူတွေ ပြွတ်သိပ်ကျပ်ညပ်နေသော မြို့လယ်ခေါင်ထက် အသက်ရှူရချောင်သော ရပ်ကွက်မျိုးကို ပိုနှစ်ခြိုက်မိသည်။

“အို ကိုကိုရယ်၊ ရပ်ကွက်က အရေးမကြီးပါဘူး၊ လှိုင်တို့ နှစ်ယောက်တည်း နေရဖို့က အရေးကြီးပါတယ်၊ ပြီးတော့ တစ်ခြား အိမ်ရှာမရခင် ခဏတဖြုတ်နေမှာပါ၊ ကိုကိုကြိုက်တဲ့အိမ်ရတော့ ပြောင်းကြတာပေါ့ကွယ်နော် နော်လို့” “ထားပါတော့လေ၊ အိမ်ကိုရော လှိုင်တွေ့ပြီးပလား” “ဟင်အင်းမတွေ့ရသေးဘူး၊ ညနေ ကိုကိုလာခဲ့လေ၊ အတူတူ သွားကြည့်ကြမယ်” “အိမ်က စပေါ် ဘယ်လောက်တင်ရမှာလဲ” “မသိသေးဘူး ကိုကိုရဲ့” “အိမ်လခကရော” “နေဦး မေးကြည့်ဦးမယ်” “လှိုင့်ဟာက ဘာများသိတာရှိလို့လဲ၊ ဒါနဲ့များ အလောတကြီး ဖြစ်နေလိုက်တာ” ကိုကိုက ကျွန်မကို အပြစ်တင်သလို ပြောနေပါပြီ။ ကျွန်မက လည်း ကျွန်မ၊ အိမ်ဆိုသည့်အသံ ကြားသည်နှင့်ပင် ဘာမျှ မမေး မစမ်းမိတော့။ အလောတကြီး ဖုန်းသာ ကောက်ကိုင်မိသည်။

“လှိုင်လဲ အိမ်ရမယ်ဆိုတာနဲ့ ဝမ်းသာလွန်းလို့ကိုကိုရေ၊ လှိုင် အားလုံးမေးထားလိုက်မယ်၊ ညနေလာခဲ့နော်” “ကောင်းပြီလေ၊ ဒါပဲနော်” ကိုကို ဖုန်းချရန် ဟန်ပြင်ချေပြီ။ “ဪ ဒါနဲ့ ကိုကို” ကျွန်မက တစ်စုံတစ်ရာကို သတိရကာ ပြန်ခေါ်လိုက်သည်။ “ဘာလဲလှိုင်” “ဟိုလေ နေ့တစ်နေ့မှာ နာရီပေါင်း ဘယ်နှစ်နာရီရှိသလဲလို့ မေးမလို့ပါ” ရုတ်တရက် ကိုကို့ဆီမှ ဘာသံမျှ မကြားရ။ အတန်ကြာမှ “ဪ လှိုင်ကလဲကွာ၊ လှိုင့်ကို ကိုကိုသတိရပါတယ်” ဟု ပြောတော့သည်။ ကျွန်မတို့ချစ်သူဘဝတွင် ကိုကိုက နေ့တိုင်း ဖုန်းဆက်သည်။ အဆောင်မှာ လာတွေ့ပြီး ပြန်သွားလျှင်လည်း အိမ်ရောက်တော့ ဖုန်းဆက်သေးသည်။ နံနက်အိပ်ရာက နိုးနိုးချင်း လမ်းထိပ်လက်ဖက်ရည်ဆိုင်မှ တစ်ခါဆက်သည်တဲ့။ ရုံးရောက်တော့ တစ်ခါဆက်သည်တဲ့။ လာခါနီးတော့ တစ်ခါဆက်ပြန်သည်။ ကျွန်မမှာ ဖုန်းခေါ်ပေးရသည့်အိမ်ရှင်ကို အားနာလှသဖြင့် ခဏခဏ ဖုန်းမဆက်ရန် ပြောရသည်။

ထိုအခါ ကိုကိုက “လှိုင့်ကို အချိန်တိုင်းမှာ သတိရနေတာကိုး၊ တစ်နေ့မှတစ်ခါပဲ တွေ့ရတော့ ကိုကိုအားမရလို့ပါကွယ်၊ ဒီနေ့တွေ့သွားပြီး နောက် နေ့ပြန်တွေ့ဖို့ စောင့်ရတာ အကြာကြီးပဲ၊ နေ့တစ်နေ့မှာ ၂၄ နာရီ ထဲရှိတာတောင် ကိုကိုမယုံချင်တော့ဘူး” ဟု ပြောတတ်ပါသည်။ ခုတော့ ကျွန်မက ပြန်အစဖော်ပေးသည်ကိုပင် ကိုကို ရုတ်တရက် သတိမရတော့ပါကလား။ကျွန်မသည် တစ်ယောက်တည်းပျင်းပျင်းနှင့် မြမြသင်းတို့ ပြန်အလာကိုစောင့်နေရသည်။ ကြည်မေဦး၏ ထမင်းချိုင့်ကို ဖွင့် ကြည့်ရာ ဘဲဥနှစ်ခြမ်းနှင့် ဂေါ်ဖီကြော် အနည်းငယ်တွေ့ရလေသည်။ အဆောင်မှာနေစဉ်က အစားအသောက် ဆင်းရဲလွန်း၍ စိတ်ညစ်ရ သည်။ ခုတော့ အသစ်အဆန်းပြန်ဖြစ်နေ၍ စားချင်သလိုလိုရှိလာ သည်။ နေမကောင်းဖြစ်ပြီးမှ ပထမဦးဆုံးအကြိမ်အဖြစ် လေး ငါး ဇွန်းမျှ စား၍ ဝင်သွားသည်။မြမြသင်းတို့ ပြန်လာတော့ ကျွန်မရေမိုးချိုး၍ အလှပြင်ပြီး လေပြီ။

“အံမယ် လူမမာက လှလို့ ပလို့ပါလား၊ အမိစားချင်တဲ့ ပုဇွန်ချဉ်ဝယ်ခဲ့တယ်၊ ခဏစောင့်ဦး ထမင်းချက်ရဦးမယ်” ကျွန်မသည် မြမြသင်းကို ကူညီ၍ ချက်ပေးနေသည်။ ကျွန်မရှိစဉ်က ချက်စားခဲ့သော အိုးခွက်ပန်းကန်လေးများလည်း ရှိနေသည်။ “မြမြရယ် မင်းရော အလုပ်ကလဲ ရေရေရာရာမရှိ၊ ရည်းစား သနာလဲ မရှိနဲ့ ရန်ကုန်မှာနေရတာ မပျင်းဘူးလား၊ ကိုယ့်မြို့ ကိုယ့်ရွာပြန်ပြီး ဆရာမလေး ဘာလေးလုပ်နေပါလား” ကျွန်မက တစ်နေ့တစ်နေ့ရုံးသွားလိုက်၊ အိမ်ပြန်လိုက်နှင့်ပင်ပန်း လှသော မြမြသင်းကိုကြည့်ကာ ပြောမိသည်။ “ကိုယ့်မှာ တစ်ခြား ရည်ရွယ်ချက်တစ်ခုရှိနေလို့ကွ” “ဘာရည်ရွယ်ချက်လဲ” “ရန်ကုန်မှာပဲ အလုပ်တစ်ခုခုလုပ်ရင်း စာရေးဆရာမ ဖြစ် အောင် လုပ်မယ်လို့” “စာရေးတာပဲကွာ၊ ဘယ်နေရာမှာနေနေ ရေးလို့ရပါတယ်၊ နယ်မှာနေပြီး စာရေးဆရာဖြစ်နေတာ ပုံလို့” “ဟုတ်တော့ ဟုတ်ပါတယ်၊ ရန်ကုန်မှာတော့ ပိုနီးစပ်တာ အမှန်ပဲကွာ၊ မဂ္ဂဇင်းတိုက်တွေ ကိုယ်တိုင်သွားပို့၊ ကိုယ်တိုင်သွားမေး၊ အဆက်အသွယ်လဲ ပိုကောင်းတာပေါ့ကွ” “ကိုယျတိုငျ သှားလောတာတို့ ၊ နားပူတာတို့လဲ ပါမှာပေါ့” “ဒါပေါ့ လေ၊ ဒါပေမယ့် အလုပ်တစ်ခုခု ရမယ်ဆိုရင်တော့ နယ်ကိုလဲသွားမှာပါပဲ၊ ခက်တာက အလုပ်က ဘယ်မှာမှ မရတာ” “အေးလေ၊ ရန်ကုန်မှာ အကြောင်းအမျိုးမျိုးနဲ့ နေနေကြတဲ့ မိန်းကလေးတွေ အများကြီးပဲနော်၊ နေတတ်ရင် ကောင်းပါတယ်၊ တိုးတက်ဖို့လမ်းစလဲ ရှိပါတယ်၊ မနေတတ်ရင်တော့ ပျက်စီးချင် စာရာကြီးပဲ” “မနေတတ်ရင်တော့ ဘယ်မှာနေနေ ပျက်စီးမှာပဲပေါ့ ၊ မနေ တတ်တဲ့ မိန်းကလေးတွေများနေတော့ ကိုယ်တို့လဲ ရောယောင်အထင်သေးခံရတာပဲ၊ ခုဆို တစ်ယောက်တည်း အလုပ်သွားရတာတောင် သိပ်မကောင်းတော့ဘူး၊ အချောင်ရမလားလို့ လိုက်ချင်တဲ့ လူတွေက ရှိသေးတယ်” “ရတဲ့ မိန်းကလေးတွေလဲ ရှိတာကိုး”

“ဒါပေါ့ကွ၊ တစ်ခါတစ်လေများ တစ်ချို့ယောက်ျားကလေး တွေက သူတို့ကိုယ်သူတို့ လူတတ် လူလယ်ကြီး ဖြစ်ကြောင်းပြချင် တာနဲ့ ၊ ငါသိပါတယ်ကွာ အဲဒီအမျိုးသမီးက စီကြီးပါ၊ လိုချင်ရင် အချိန်မရွေးရတယ်လို့ မကြားတကြား ပြောသံကြားရရင်လေ ဒေါသ ဖြစ်လွန်းလို့၊ လူကို အသားဆတ်ဆတ်တုန်နေတာပဲ” “ဟုတ်ပါရဲ့ နော်၊ တစ်ချို့က ကိုယ့်နှုတ်က ထွက်လိုက်တဲ့ စကားတစ်ခွန်းဟာ တစ်ဖက်သားမှာ ဘယ်လောက်ထိခိုက်သွားမယ် ဆိုတာ မတွေးကြဘူး” “မိန်းကလေးတွေကလဲ ခက်ပါတယ်၊ အဝတ်အထည် အသုံး အဆောင်တွေကလဲ အသစ်အဆန်းတွေက ပေါလွန်းတော့ အဲဒီနောက် လိုက်ရင်း လူပါ ပါတော့တာပဲ၊ ဒါထက် မင်းအချစ်တော် ကြည်မေဦး တစ်ယောက်လဲ ခု တော်တော် စိတ်ဓာတ်ကျနေပြီထင်တယ်” “ဟုတ်တယ်၊ နွယ်ဆိုတဲ့ ကောင်မလေးက သူနဲ့ ဘယ်လို ရင်းနှီးသွားတာလဲ” “သီတာနွယ်လား၊ သူ့မိဘတွေနဲ့ ကြည်မေဦးယောက်မနဲ့က သိတယ်ဆိုလား ကောင်မလေးလဲ မလွယ်ဘူး၊ ကြည်မေဦး ပါတီ တက်တာ လိုက်ချင်လို့တဲ့လေ”ကျွန်မတို့နှစ်ယောက်မှာ စကားမပြောရတာ ကြာပြီဖြစ်၍ ဦးတည်ရာပြောရင်း အတင်းအဖျင်းစုံသွားလေသည်။

ချက်ပြုတ် ပြီးစီးသောအခါ မြမြသင်းက ရေသွားချိုးသည်။ ပုဇွန်ချဉ်ကြော်နှင့် ဟင်းခါးရည်လေးမှာ စားချင့်စဖွယ်ဖြစ်သည်။ မကြာမီ လူများ စုံလာသည်။ မြမြသင်းတို့အခန်းမှာ လေးယောက်ခန်းဖြစ်သည်။ သီတာနွယ်လည်း သည်အခန်းထဲမှာနေသည်ကို သိရသည်။ သီတာ နွယ်ကိုကြည့်ပြီး ဘာကြောင့်မှန်းမသိ ကျွန်မ ထွေးထွေးကိုပင်သတိရ မိပြန်သည်။ ညကပင် ထွေးထွေးအကြောင်း တွေးမိသေးသည်။ သီတာနွယ်သည် ထွေးထွေးကဲ့သို့ပင် ငယ်သည်၊ နုသည်၊ ပြီးတော့ နွမ်းပါးပုံရသည်။ သို့သော် သီတာနွယ်က ထွေးထွေးထက်လှသည်။ ဆွဲဆောင်မှုရှိသည်။ ထွေးထွေးက စိတ်ဓာတ်ခိုင်မာသည်။ သီတာ နွယ်က ညွတ်ပျောင်းလွယ်သော ရုပ်မျိုးဖြစ်သည်။ “ကဲ ဘာတွေ တွေးနေသလဲ၊ ထမင်းစားကြစို့” သနပ်ခါးပင်လိမ်းပြီးနေသော မြမြသင်းက သတိပေးသည်။ ပြီးတော့ အနီးရှိ သံချောင်းတစ်ချောင်းဖြင့် သံဇကာတံခါးကို တောင်တောင်မြည်အောင် ခေါက်လိုက်သည်။ ထမင်းစုစားရန် အချက်ပေးခြင်းတည်း။ဟင်းကောင်းကျွေးကောင်း မဟုတ်သော်လည်း တစ်ယောက် တစ်မျိုးစုလိုက်သောအခါ ဟင်းအမယ်က စုံလှသည်။ စကား တပြောပြောနှင့် စား၍မြန်သည်။ ထမင်းဝိုင်းတွင် ခြောက်ယောက်ခန့် ပါဝင်သည်။ ကျန်လူများက ကိုယ့်အခန်းတွင် ကိုယ်စားကြသည်။ နီးစပ်ရာတွဲ၍ ထမင်းချိုင့်မှာစားသူက များသည်။ “အချစ်ရေ အချစ်ရေ” သည်လေချွန်သံကို ကျွန်မ ကောင်းကောင်း မှတ်မိပါသည်။ ကိုကိုလေချွန်သံပါ။ ယခင်က ကိုကိုလာတိုင်း ကျွန်မကို အဆောင်ရှေ့မှ လေချွန်၍ ခေါ်တတ်သည်။ ကိုကိုလေချွန်သံကို စာလုံးပေါင်းဖြင့် ကာရန်ယူလိုက်လျှင် “အချစ်ရေ အချစ်ရေ” ဟု အဓိပ္ပာယ်ရကြောင်း ကိုကိုက ပြောပြဖူးလေသည်။“လာပြီ” ကျွန်မက ကမန်းကတန်းလက်ဆေးကာ ပြေးထွက်သွားသည်။

“အမယ်လေးတဲ့ ကိန္နရီမောင်နှံကျနေတာပဲ၊ အခုမှ တစ်ညလေး ခွဲ ရသေး” နောက်မှ သူငယ်ချင်းများ ပြောကျန်ရစ်သည်ကို ကြားရပါ သည်။ “ကိုကို ထမင်းစားပြီးပြီလားဟင်၊ လှိုင်တော့ ထမင်းတွေဘာတွေ စားလို့ရနေပြီ ကိုကိုရဲ့၊ ဘွားမြင့်တို့ ကြီးကြီးသူဇာတို့က ဘာပြော သေးလဲဟင်၊ အိမ်သွားကြည့်ရအောင် ကိုကို၊ နေဦး အန်တီကို ခေါ်လိုက်ဦးမယ်” ။ကျွန်မတစ်ယောက်တည်း မေး၊ တစ်ယောက်တည်းပြောပြီး အန်တီကို ပြေးခေါ်ရသည်။ ကန်လမ်းထဲဝင်မိလျှင်ပင် ကိုကို့မျက်နှာက သဘောမကျ ဟန် ပေါ်နေလေသည်။ နေအိမ်များကစိပ်၍ ပြွတ်သိပ်နေသည်။ လမ်းကဆိုသည်။ အတော်ကြီးလျှောက်လာပြီးမှ အိမ်ကိုတွေ့ရသည်။ သည်နားတစ်ဝိုက်တွင်တော့ အိမ်ကကျဲသွားသည်။ ခြံနှင့်အိမ်လေးများ သပ်သပ်ယပ်ယပ်ရှိနေသည်။ ကျွန်မတို့ကိုပြသည့် အိမ်လေးမှာလည်း သစ်သားတစ်ထပ်အိမ်လေးဖြစ်ပြီး ခြံဝန်းလေးနှင့်ဖြစ်သည်။ ကင်ပွန်း ပင်၊ သရက်ပင်လေးများဖြင့် နေချင့်စဖွယ်ပင် ဖြစ်ပါသည်။

“ဒီအိမ်ပဲကွယ့်၊ စပေါ်လဲ သူတို့ သိပ်မယူပါဘူး၊ အိမ်လခ နှစ်လခလောက်ပဲ ကြိုတင်ထားပါတဲ့၊ အိမ်လခက ငါးဆယ်တည်း ပဲလေ၊ အိမ်မပျက်စီးအောင်သာ ထားတာပါ။ သူတို့လိုချင်ရင် ပြန် ယူမှာပဲ၊ ဒါကြောင့် အန်တီလဲ လူတိုင်းကို မတင်ရဲဘူး၊ တော်ကြာ ဆင်းမပေးရင် ဒုက္ခ” “အို စိတ်ချပါ အန်တီ၊ အန်တီတို့ ပြန်လိုချင်တဲ့အခါသာ ပြော၊ လှိုင်တို့ ဖယ်ပေးပါ့မယ်၊ တစ်ခြားမှာလဲ ရှာဦးမှာပါ။ ဘယ့်နှယ်လဲ ကိုကို၊ နေမယ်မဟုတ်လားဟင်” “နေတာပေါ့ကွယ်” ကိုကိုက ငမ်းငမ်းတက်ဖြစ်နေသော ကျွန်မကို သဘောမကျ သလို ကြည့်ကာ အေးအေးဆေးဆေးပင် ပြောပါသည်။ ကျွန်မတို့ ပြန်လာပြီး အဆောင်ရှေ့တွင် ထိုင်မိသည်။ “ဘွားမြင့်ကတော့ ပြောတယ်၊ သူလဲ ဒီကျဉ်းကျဉ်းကျပ်ကျပ် ထဲ ဘယ်နေချင်ပါ့မလဲတဲ့၊ ဒေါ်သူဇာကတော့ သူတို့ကို စိတ်ကောက် ပြီး ဆင်းသွားတာလို့ ထင်နေတယ်” “လှိုင် ဘယ်သူ့ကိုမှစိတ်မကောက်ပါဘူးကိုကို၊ စိတ်ကောက် စရာအကြောင်းလဲ မရှိပါဘူး၊ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေချင်တာတစ်ခုပဲ ရှိပါတယ်၊ ပြီးတော့ လှိုင်တို့မှာ သားသမီးလဲ ရှိလာဦးမှာ မဟုတ်လား” “ဟုတ်ပါတယ်လေ၊ လှိုင်လဲ နေကောင်းပြီး စိတ်ပျော်လာအောင် နေလိုက်ဦး၊ လကုန်တော့ ကိုကိုတို့ ပြောင်းကြတာပေါ့၊ ဟုတ်လား” “ကောင်းပါပြီလေ၊ ကိုကို့သဘောပါ၊ လှိုင့်မှာ ကိုကိုပဲ အားကိုးနေရတာပါ ကိုကိုရယ်၊ လှိုင့်ကို နားလည်ပါ”

အပိုင်း(၃)ဆက်လက်ရေးသားပါဦးမည်။

စာရေးဆရာမ မိုးမိုး (အင်းလျား) ရေးသားသော ပျောက်သောလမ်းမှာ စမ်းတဝါး စာအုပ်မှ ကူးယူဖော်ပြသည်။

OpenMoreOnline

Related Posts