ပိုင်ဆိုင်သူများ

ပိုင်ဆိုင်သူများ နှင့် ခံရသူများကို ခွဲခြားသိပါ။

မိမိက တွန်းအားပေးသူများသည် ယင်းတို့ဘာသာ အမျိုးအစားနှစ်မျိုး ကွဲသွားလိမ့်မည်။ ပထမ အမျိုးအစားမှာ ပိုင်ဆိုင်သူများ (Owner) နှင့် ဒုတိယ အမျိုးအစားမှာ ခံရသူများ (Victims) တို့ ဖြစ်ကြသည်။

ဤကွဲပြားခြားနားချက်ကို စာရေးသူ Steven ရေးသားသော သင့်ကိုယ်သင် ပြန်လည်တီထွင်ခြင်း (Re-invention Yourself) စာအုပ် (Revised Edition, Career Press, 2005) တွင် တွေ့ရှိနိူင်သည်။ ပိုင်ဆိုင်သူများသည် မိမိတို့၏ ပျော်ရွှင်မှုအတွက် အပြည့်အဝ ကြိုးပမ်းဆောင်ရွက်သူများ ဖြစ်ပြီး ခံရသူများသည် အကြောင်းကံ မလှသည့် အဖြစ်သနစ်များတွင်သာ အစဉ်အမြဲ နစ်မြုပ်နေကြကြောင်း ယင်းစာအုပ်တွင် အသေးစိတ် ဖော်ပြထားသည်။ 

ပိုင်ဆိုင်သူများသည် ကိုယ်ပိုင်စိတ်ဓာတ် ရှိကြသည်။ မည်သည့်အခြေအနေမျိုးကိုမဆို တုံ့ပြန်တတ်ကြသည်။ ခံရသူများသည် အခြေအနေကို ပြစ်တင်ကြသည်။ တခြားလူကိုလည်း အပြစ်တင်ကြသည်။ ခံရသူများသည် ဆက်ဆံရေးတွင် ကတ်သီးကတ်ဖဲ့နိူင်ကြသည်။ 

ဆွေးနွေးပွဲ တစ်ခုတွင် ကုမ္ပဏီတစ်ခု၏ စီအီးအိုဖြစ်သူ မားကတ်စ်သည် စာရေးသူ စတိဗ်အနားသို့ ရောက်လာပြီး……..

“ ကျွန်တော့လက်အောက်က လူတွေထဲမှာ ခံရသူတွေ အများကြီးပဲ ” ဟု ပြောလာသည်။

“ ဒါကတော့ဗျာ…. အခုခေတ် အမေရိကန် ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ”

“ ဟုတ်ပါတယ်။ ကျွန်တော်လည်း သိပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ ‘ ခံရသူတွေ ’ ဖြစ်နေတယ်ဆိုတာ သူတို့ကို သိစေချင်တယ်” 

“ ဒါဆိုရင် တစ်ခုခု စမ်းကြည့်ပါလား။ သူတို့ ‘ ခံရသူ’ စိတ်ထားမရှိတဲ့ အချိန်မှာ စိတ်ဓာတ်တက်ကြွအောင် လုပ်ပါ။ ‘ ပိုင်ဆိုင်သူ’ အပြုအမူကို ထောက်ပြပါ။ သူတို့ တက်ကြွပြီး ကိုယ့်ဟာကိုယ် တုံ့ပြန်လုပ်လာတဲ့အခါ အသိအမှတ်ပြုတဲ့ စကားပြောပါ”

“ ကျွန်တော့်မှာက ‘ ပိုင်ဆိုင်သူတွေ’ ရော၊ ‘ ခံရသူတွေ’ ရော နှစ်မျိုးစလုံး ရှိနေတော့ ဒီနှစ်မျိုးကို တစ်မျိုးစီ ခွဲခြားဆက်ဆံရမှာလား”


“ ပိုင်ဆိုင်သူ စိတ်ထားရှိတဲ့လူတွေကို ဆက်ဆံတဲ့အခါ ထူးထူးထွေထွေ နည်းလမ်းတွေ သုံးဖို့မလိုပါဘူး။ သူတို့ကို နားလည် တန်ဖိုးထားတယ် ဆိုတာပဲ ပြပါ။ ခံရသူ စိတ်ထားရှိတဲ့ လူတွေနဲ့တော့ စိတ်ရှည်ဖို့လိုတယ်။ သူတို့ရဲ့ ခံစားချက်တွေကို နားထောင်ပေးပါ။ သူတို့ရဲ့ ခံရသူအမြင်တွေကို မပြောဘဲ သူတို့ကို ကိုယ်ချင်းစာကြောင်းပြောပါ။ တခြားအမြင်တစ်ခုကို ပြောပြပါ။ ဒီအမြင်ကြောင့် ရလာမယ့် ရလဒ်တွေကို သူတို့ကိုယ်တိုင် သိမြင်ပါစေ”

“ ဒီလိုဆိုရင် ခင်ဗျားတို့ ကိုယ်တိုင်လာပြီး ‘ ပိုင်ဆိုင်သူ သဘောထား’ နဲ့ ပတ်သတ်လို့ ဆွေးနွေးပွဲလေး လာလုပ်ပေးပါလား”

“ ပိုင်ဆိုင်သူ အတွေးအခေါ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ကိုယ်တိုင်လာပြီး သင်တန်းပေးရင်တောင်မှ ခင်ဗျားတို့က နေ့စဉ် ဦးဆောင်ဖို့ လိုတယ်။ အဲ့ဒီလို မလုပ်ရင် ကိုယ့်အတွက် အရှုံးနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်။ သူတို့ကို ဦးဆောင်နိူင်ဖို့ ကိုယ့်ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေကို စဉ်းစားပါ။ ကိုယ်ပိုင်နည်းလမ်းတွေကို ပေါင်းပြီး ပုံစံတစ်ခုဖော်ပါ။ မန်းမှုတ်ပြီး မှုတ်လို့ရတဲ့ နည်းလမ်းမရှိဘူး။ ဆုံးဖြတ်ချက်ပဲ လိုတယ်။ ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့၊ တီထွင်ဖန်တီးနိူင်စွမ်းရှိတဲ့၊ လန်းဆန်းတက်ကြွတဲ့ လက်အောက်ငယ်သားတွေ လိုချင်တယ်ဆိုရင် ဆုံးဖြတ်ချက် ပြတ်သားရမယ်။ ကိုယ်လုပ်ရမယ့် အခြေခံ အကျဆုံး အချက်သုံးချက်က 
(၁) ပိုင်ဆိုင်သူ အတွေးအခေါ်တွေကို ကိုယ်မြင်သလောက် မျှဝေပေးပါ။
(၂) မိမိဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်မှုအတွက် တာဝန်အပြည့်ယူရမယ်။
(၃) မိမိဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်မှုအတွက် တာဝန်အပြည့် ယူရမယ် ”

ဤသို့ပြောလိုက်သည့်အခါ စီအီးအိုမားကတ်စ်မှာ စိတ်ပူသွားပုံရသည်။ ပြောသမျှ အားလုံးကို သိပ်သဘောပေါက်ပုံ မရသေး။ 

“ အခု…….ခဗျားက ဘယ်လို အခက်အခဲ ဖြစ်နေတာလဲ” ဟု စတိဗ်က မေးလိုက်သောအခါ …….
“ စိတ်မဆိုးပါနဲ့ဗျာ ”
“ ဟာ….ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ”
“ ဒီလိုဆိုရင် ကျွန်တော်က မှန်ကန်တဲ့ အတွေးအခေါ် ဆုပ်ကိုင်ထားတဲ့ စိတ်ဆိုးစရာ လူတစ်ယောက် ဖြစ်မနေဘူးလား၊ ဒီပုံစံနဲ့ ဘယ်လိုလုပ်ပြီး ‘ ခံရသူ ’ တစ်ယောက်ကို ပြောင်းလဲလို့ ရမှာလဲ ” 

“ ဒီလိုလည်း မဟုတ်သေးဘူးလေ။ စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ပကတိမှန်ကန်မှုကို လက်ကိုင်ထားပါ။ ရိုးဖြောင့်ပါ။ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွနေပါ။ အခွင့်အရေးတွေနဲ့ ဖြစ်လာနိူင်တာကို အာရုံစိုက်ပါ။ ပကတိ မှန်ကန်မှုကို အာရုံစိုက်ပါ။ နှိမ့်ချပြောတာ၊ အတင်းပြောတာတွေ ရှောင်ပါ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရတော့ ခင်ဗျားကိုယ်တိုင်က ‘ ပိုင်ဆိုင်သူ ’ တစ်ဦးအဖြစ် စံနမူနာ ဖြစ်ရမယ်။ ‘ ပိုင်ဆိုင်သူ ’ ဖြစ်ကြောင်း ပြရမယ်။ ပိုင်ဆိုင်သူ သဘောတရားတွေကို မျှဝေရမယ်။ တခြားလူတွေမှာ ဒီသဘောတရားတွေ ရှိ၊ မရှိ သိရမယ်။ အထူးသဖြင့် အစည်းအဝေးတွေမှာ ကိုယ်က ‘ ပိုင်ဆိုင်သူ ’ ပုံစံနဲ့ သွားနေတယ်ဆိုတာ ပြရမယ်။ ကိုယ့်ဝန်ထမ်းတွေလည်း ‘ခံယူသူ’ ပုံစံနဲ့ ခပ်ခက်ခက် ဖြစ်လာလိမ့်မယ်။ ခံရသူ ဖြစ်တယ်ဆိုတာ မရိုးသားခြင်း တစ်မျိုးပဲ။ ခြယ်လှယ်မှုတစ်ခုပဲ”

“ ကောင်းပါပြီ။ ကျွန်တော်သဘောပေါက်ပြီ။ ကျွန်တော်လုပ်နိူင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်စဉ်းစားနေတဲ့ ဝန်ထမ်းသစ်တစ်ယောက်ရှိတယ်။ အစပိုင်း လအနည်းငယ်အတွင်း တော်တော်လေးကောင်းတယ်။ အခုတော့ တွေဝေပြီး ပုံမှန် မဟုတ်တော့ဘူး။ သူ့ကို ‘ ပိုင်ဆိုင်သူ ’ အသိလေး ဘယ်လို သွင်းပေးရင် ကောင်းမလဲ ”

“ အဲဒီလို တိုက်ရိုက်ကြီး သွင်းပေးလို့ မရဘူး။ ‘ ပိုင်ဆိုင်သူအသိ’ ကို ‘ ပိုင်ဆိုင်သူ ’ ကသာ ကြီးထွားအောင် လုပ်လို့ရတယ်။ သူ့ဆီမှာ ပိုင်ဆိုင်သူ အသိကလေး ရှိလာအောင် အားပေးရမယ်။ အာဟာရ ပေးရမယ်၊ ပျိုးထောင်ပေးရမယ်၊ အဲဒါတွေ လုပ်လိုက်ရင် သူ့ဆီမှာ ‘ ပိုင်ဆိုင်သူအသိ ’ ကြီးထွားလာမယ်။ ကိုယ့်ဥယျာဉ်ထဲက ပန်းပွင့်လေး တစ်ပွင့်လိုပဲပေါ့”  

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသားထားသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားသည်။ 

Related Posts