ပြောင်းလဲမှု

ပြောင်းလဲမှု အရှိန်အဟုန် မြှင့်တင်ပါ

ပီတာအက်ဖ်ဒရပ်ကာ ~~~~ ခေါင်းဆောင်တစ်ဦး၏ကဏ္ဍမှာ မိမိ၏ လက်အောက်ငယ်သားများ အစဉ်အမြဲ ရွှင်ပြလန်းဆန်းနေစေရန်၊ ကောင်းသော အမြင်များရှိစေရန်နှင့် အပြောင်းအလဲ ဖြစ်လာပါက အစွမ်းကုန်လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေစေရန် ကြိုးပမ်းဖို့ဖြစ်သည်။ မန်နေဂျာအများစုက ဤတာဝန်များကို ယင်းတို့၏ အလုပ်မဟုတ်ဟု ယူဆကြသည်။ ယင်းတို့၏အလုပ်မှာ ကလေးထိမ်းရန် (ဝန်းထမ်းထိန်းရန်)၊ ပြဿနာရှင်းရန်နှင့် မီးငြှိမ်းသတ်ရန်တို့သာ ဖြစ်သည်ဟု ထင်ကြသည်။ ထို့အတွက်လည်း ယင်းတို့၏ပတ်ဝန်းကျင်တွင် ပြဿနာများနှင့် မီးများသာ ပြည့်နေသည်။

    အပြောင်းအလဲနှင့် ကြုံလာသည့်အခါ ဤအလုပ်မဟုတ်သည့် အရာများက ပေါ်လာကြသည်။ အရေးကြီးသည့်အချက်မှာ မိမိ၏ဝန်ထမ်းများအား စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ဖန်တီးပေးရန်နှင့် ပြောင်းလဲမှုအဆင့်ဆင့်အတိုင်း ဖြစ်လာမလာကို စောင့်ကြည့်ရန်သာ ဖြစ်သည်။

    မိမိ၏ဝန်ထမ်းများမှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် အောက်ပါအဆင့်လေးဆင့်ကို ဖြတ်သန်းသွားရမည် ဖြစ်သည်။ ဤအဆင့်လေးဆင့်ကို ယင်းတို့ လွန်မြောက်သွားစေရန် မိမိကသင်ယူကြိုးပမ်းရမည်။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်အဆင့်လေးဆင့်
(က) ကန့်ကွက်သည့်အဆင့်
    “ဤအပြောင်းအလဲက မကောင်းပါဘူး”
(ခ) မပြည့်မှီသေးသောအသိ အဆင့်
    “ဒီပြောင်းလဲမှုကို ကျွန်တော် မဖြေရှင်းချင်ပါဘူး”
(ဂ) ရှာဖွေလာသည့်အဆင့်
     “ဒီပြောင်းလဲမှုက ကျွန်တော့်အတွက် အလုပ်ဖြစ်လာအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ”
(ဃ) တန်းဝင်လာသည့် အဆင့်
      “ဒီပြောင်းလဲမှုက ကျွန်တော့်အတွက်ရော တခြားလူတွေအတွက်ရော ဘယ်လိုအလုပ်ဖြစ်အောင်လုပ်ရမလဲ ဆိုတာ ကျွန်တော်တွေးလို့ရပြီ”
        ဤဖြစ်စဉ် လေးဆင့်အနက် ပထမဆုံးအဆင့်ကို ဖြတ်ကျော်သွားရန် အချိန်အတော်ကြာယူရသည်။ ပြောင်းလဲမှုကို ဆန့်ကျင်လျှင် ထုပ်လုပ်နိုင်စွမ်းနှင့် စိတ်ဓာတ်ကျဆင်းသွားနိုင်သည်။ ပြောင်းလဲမှုကို ဆန့်ကျင်တတ်ခြင်းသည် လူ့သဘာဝဖြစ်သည်။ ရေချိုးခန်းထဲ ဝင်ရမှာလည်း ပျင်းသည်၊ ရေချိုးခန်းထဲရောက်သွားလျှင်လည်း ပြန်မထွက်ချင် ဖြစ်တတ်သည်။

    ခေါင်းဆောင်ကောင်းတစ်ယောက် အနေဖြင့် ဤဖြစ်စဉ်လေးဆင့်ကို အပြည့်အဝနားလည်ထားသင့်သည်။ ဤသို့နားလည်ထားမှ မိမိ၏လူများကို တန်းဝင်လာသည့် အဆင့်လေးသို့ ရောက်ရန် တွန်းပို့နိုင်မည် ဖြစ်သည်။ ပြောင်းလဲမှုဖြစ်စေရန် စွမ်းအင်အပြည့်အဝရှိဖို့ လိုသည်။ ပြောင်းလဲမှုကြောင့် ခေါင်းဆောင်အတွက်ရော ကုမ္ပဏီ တစ်ခုလုံးအတွက်ရော အလုပ်ဖြစ်မည်။

    ဤစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ပထမအဆင့်သုံးဆင့်ကို မည်ကဲ့သို့ကျော်လွန်မည်နည်း။ ပထမဦးစွာ မိမိကိုယ်ကို ပြင်ဆင်ထားရမည်။ ပြောင်းလဲမှုကို နားလည်ထားပြီးမှ ချဉ်းကပ်ရမည်။ စိတ်ပါဝင်စား၍ မှန်ကန်သောနည်းလမ်းဖြင့် မိမိ၏လူများအားချဉ်းကပ်ရမည်။ “အားကစားပွဲတစ်ခုကို အနိုင်ရခြင်းမှာ အနိုင်ရလိုသည့်ဆန္ဒကြောင့်မဟုတ်။ ကြိုတင်ပြင်ဆင်ထားလိုသော ဆန္ဒကြောင့်သာဖြစ်သည်” ဟု အားကစားနည်းပြဆရာများက ပြောလေ့ရှိသည်။

    မန်နေဂျာအများစုမှာ ဤနည်းအတိုင်းမလိုက်။ မိမိ၏လူများပြောင်းလဲမှု  လက်မခံသည်ကို နားလည်ထားသည့်အလျောက် သစ္စာရှိသည်ဟု ယူဆပြီးတောင်းပန်မှုပင် ပြုလုပ်သေးသည်။ဤပြောင်းလဲမှုမှာ မဖြစ်သင့်ဟုပင် ပြောလေသည်။
“ဒီအပြောင်းအလဲက မဖြစ်သင့်ပါဘူး၊ ဝမ်းနည်းပါတယ် ” ဟူသော စကားမျိုးပင် ဖြစ်သည်။

    ဌာနအတွင်း၊ ကုမ္ပဏီအတွင်း ပြောင်းလဲမှုပြုလုပ်ခြင်းသည် ကုမ္ပဏီအနေဖြင့် ပိုမိုစွမ်းဆောင်လာနိုင်ရန်၊ ထိရောက်လာစေရန် ဖြစ်သည်။ ပြောင်းလဲမှုကြောင့် ကုမ္ပဏီ၏ စွမ်းဆောင်အားတက်လာပြီး မိမိအတွက် အလုပ်ခိုင်မြဲမှုဖြစ်လာမည်ကို သဘောပေါက်ကြရမည်။

    ကုမ္ပဏီပြင်ပပြောင်းလဲမှုများလည်း ရှိတတ်သည်။ ဈေးကွက်အပြောင်းအလဲများ၊ အရောင်းပြဿနာများ ကဲ့သို့သော ပြင်ပအပြောင်းအလည်းများသည် ယှဉ်ပြိုင်ခြင်းတွင် ကြုံတွေ့ရမည့် အပြောင်းအလဲများနှင့် အတူတူပင်ဖြစ်ကြောင်း မိမိ၏အဖွဲ့သားများအား အလေးအနက်ထား၍ ပြောရမည်။

    မိုးရွာပါက ကွင်းပြင်ပေါ်ရှိ အသင်းနှစ်သင်းစလုံးအပေါ် ရွာချမည်သာဖြစ်သည်။ အပြောင်းအလဲနှင့် ရင်ဆိုင်နိုင်ခြင်းကို အကျင့်သဖွယ် ဖြစ်လာအောင်လုပ်ရမည်။ ပြောင်းလဲခြင်းက အစဉ်အမြဲ ဖြစ်နေမည်သာ ဖြစ်သည်။ ပြောင်းလဲမှုဖြစ်ချင်းကို မျှော်လင့်ရမည်။

ရဲညွန့် (မဟာဝိဇ္ဇာ – နိူင်ဆက်) ရေးသားထားသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

Related Posts