စားသုံးသူက ဘာတွေ ရမှ ကျေနပ်မှာလဲ

စားသုံးသူက ဘာတွေ ရမှ ကျေနပ်မှာလဲ

ကျွန်မတို့က စားသုံးသူဦးထိပ်ထားပြီး ပြောဆိုကြရာမှာ စားသုံးသူကျေနပ်မှုပေးဖို့အတွက် ဘယ်လိုလုပ်ရမလဲ။
စားသုံးသူတွေက ဘာတွေရမှ ကျေနပ်ကြမှာလဲ စတဲ့မေးခွန်းတွေကို မေးဖို့လိုအပ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လာရင် အရည်အသွေးဆိုင်ရာ ဘာသာရပ်တွေမှာ ဒီကိစ္စကို လေ့လာတင်ပြပြီးဖြစ်ပါတယ်။
စားသုံးသူက ဘာရမှ ကျေနပ်မှာလဲဆိုရင် သူတို့လိုအပ်တာစကားရပ် ငါးလုံးရှိတယ်လို့ဆိုကြပါတယ်။
အဲဒီစကားရပ်ငါးလုံးက ‘Q’ ရယ်၊ ‘C’ ရယ်၊ ‘D’ရယ်၊ ‘S’ ရယ်၊ ‘M’ရယ် ဖြစ်ပါတယ်။
Q ဆိုတာက ‘Quality’ အရည်အသွေးကို ပြောတာပါ။
C ဆိုတာက ‘Cost’ ဈေးနှုန်းကို ပြောတာပါ။
D ဆိုတာက ‘Delivery’ ကြာမြင့်ချိန်ကို ပြောတာပါ။
S ဆိုတာက ‘Safety’ လုံခြုံမှုကို ပြောတာပါ။
M ဆိုတာက ‘Mind’ စိတ်ကောင်းစေတနာကောင်းရှိဖို့ကို ဆိုတာပါ။
စားသုံးသူဟာ အဲဒီအချက်ငါးချက်ကို လိုချင်ကြပါတယ်။ ဒီအချက်ငါးချက်ကို သဘောတွေ့ရင် သူတို့ဟာ အိပ်သွန်ဖာမှောက်လုပ်တတ်တဲ့ သဘောတောင်ရှိပါတယ်။ ဒါကြောင့် စားသုံးသူမျှော်လင့်တဲ့ အချက်ငါးချက်အကြောင်းလေ့လာကြရအောင်ပါ။


အရည်အသွေး

စားသုံးသူဟာ ပိုက်ဆံမတတ်နိုင်ရင်သာနေရမယ်၊ ပိုက်ဆံရှိရင် အရည်အသွေးကောင်းကောင်းပဲ လိုချင်တာပါ။ ကုန်တိုက်ပေါ်ရောက်နေတဲ့ စားသုံးသူဟာ သူမဝယ်နိုင်တာ မတတ်နိုင်တာ နောက်ထား၊ ပစ္စည်းအရည်အသွေး ကောင်းမကောင်းကို ဖင်လှန်ခေါင်းလှန်ကြည့်တာများပါတယ်၊ ပထမ အရည်အသွေးကို ကြည့်ပြီးမှ၊ တံဆိပ်ကို ကြည့်ပြီးမှ ကပ်ထားတဲ့ ဈေးနှုန်းကို ကြည့်တတ်ကြတာပါ။
ဆုပေးပွဲ အခမ်းအနားတစ်ခုမှာ တီဗွီစက်တစ်လုံး ဆုရတာတော့ အမှန်ဘဲ၊ ဒါပေမယ့် ဆုရသူဟာ သူရတဲ့ တီဗီစက်က တရုတ်လုပ်တာလား၊ ဂျပန်လုပ်တာလားဆိုတာ အရင်ကြည့်တာပါ။ စားသုံးသူဟာ မတတ်နိုင်ရင်နေရမယ်၊ သူလိုချင်တာကတော့ အရည်အသွေးရှိတဲ့ ပစ္စည်းပါပဲ။


ဈေးနှုန်း

စားသုံးသူဟာ အရည်အသွေးကို အဓိကတော့ ထားတာပဲ၊ ဒါပေမယ့် ဈေးနှုန်းကိုလဲ သက်သက်သာသာရှိစေချင်တယ်၊ ဒီတော့ ပစ္စည်းကောင်းတာချင်းအတူတူဆို ဘယ်ဟာက ဈေးသက်သာလဲဆိုတာ ကြည့်ပြီး ဈေးသက်သာတာကို ရွေးတာဟာ စားသုံးသူလုပ်လေ့ လုပ်ထရှိတာပါပဲ၊ ဒီတော့ ကုန်ပစ္စည်းထုတ်လုပ်ရာမှာ ဈေးနှုန်းကို အမြဲစဉ်းစားရပါ့မယ်၊ ဈေးနှုန်းဟာ ကုန်ထုတ်လုပ်မှုစရိတ်နဲ့လည်း ဆိုင်နေပါတယ်။ ခေတ်မီ အရည်အသွေးဆိုင်ရာ ပညာရပ်တွေမှာ အလုံးစုံအရည်အသွေးပျိုးထောင်ဖို့ ကုန်ထုတ်စရိတ်တွေ လျှော့ချရေးကိစ္စတွေကို အရည်အသွေးဆိုင်ရာ ပညာရှင်ကြီးများဖြစ်တဲ့ ဒင်းမ်မီးတို့က စောစောထဲက စဉ်းစားခဲ့ကြတာဖြစ်ပါတယ်။
အရည်အသွေးတည်ဆောက်ဖို့ ကုန်ထုတ်လုပ်မှု ကိစ္စတစ်လျှောက်လုံးမှာ ချွတ်ချော်တမ်းပါးမှု သုညဖြစ်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ကိစ္စတွေဟာ ဈေးနှုန်းလျှော့ချဖို့အတွက် နည်းစနစ်ကောင်းတွေ ဖြစ်ပါတယ်။


ကြာမြင့်ချိန်

နောက်ကိစ္စတစ်ခုက စားသုံးသူက ဘာကိုမှ မစောင့်ချင်ပါဘူး၊ အချိန်နှင့်တပြေးညီဆိုတဲ့ စကားတောင်မှ ရှိပါတယ်။ လူမမာအတွက် ဆေးဝါးလိုတယ်ဆိုရင် ဆေးဝါးချက်ချင်းရမှ အသက်ကယ်နိုင်မှာပေါ့၊ ခရီးသွားရာမှာလဲ ခရီးသည်က စောင့်မနေချင်ဘူး၊ အခုပဲသွားချင်ပါတယ်၊ ဘတ်စ်ကားမှတ်တိုင်မှာ ဘယ်တော့လာမှန်းမသိတဲ့ ကားကို လည်ပင်းတရှည်ရှည်နှင့် ဘယ်သူမှ မစောင့်ချင်ကြပါဘူး၊ ပိုက်ဆံနည်းနည်းပိုကုန်ချင်ကုန်ပါစေ ချက်ချင်းပဲသွားချင်ကြတာပါ။ သာရေး၊နာရေး ကိစ္စတွေမှာ အချိန်ဆွဲလို့ မရ၊ အချိန်မစောင့်နိုင်တာတွေရှိပါတယ်။
ဟိုတယ်အခန်းငှားရာမှာ စားသုံးသူဟာ သူနေဖို့ အခန်းကို ချက်ချင်းလိုချင်တာပါပဲ။ အခန်းရဖို့ တစ်နာရီလောက် ဘယ်သူမှ မစောင့်ချင်ကြဘူး၊ ထမင်းဆိုင်၊ စားသောက်ဆိုင်တွေမှာလဲ ဒီလိုပါပဲ၊ မှာပြီးရင် စားချင်ကြတာပဲ၊ ထမင်းဟင်းစားရဖို့ အကြာကြီးစောင့်နေရင် နောက်တစ်ခါ ဒီထမင်းဆိုင်မှာ စားဖို့ ရွေးချယ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် စားသုံးသူလိုအင်ထဲမှာ အချိန်မီမြန်မြန်ဆန်ဆန်ဆိုတဲ့ ကိစ္စတွေရှိလို့ မိမိပစ္စည်းရောင်းချင်ရင် အချိန်ကိုလဲ အလေးထားရမှာ ဖြစ်ပါတယ်။
ဒီတော့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီအနေနဲ့ မိမိလုပ်ငန်းအရည်အသွေးမြှင့်တင်ဖို့ ဆောင်ရွက်ရာမှာ (၁)အရည်အသွေး၊ (၂)ဈေးနှုန်း၊ (၃)အချိန်ဆိုတာကို ကိုယ့်အဖွဲ့အစည်းအတွင်း ပြန်လည်သုံးသပ်ရဲ့လားဆိုတာကို စဉ်းစားကြရပါမယ်။
ခရီးသည်က သူချိန်းထားတဲ့ နေရာကို အချိန်မီသွားချင်တယ်၊ မထသကားက ဟိုနားထိုးရပ်၊ ဒီနားထိုးရပ်ဖြစ်နေမယ်၊ လမ်းခရီးကားဘီးပေါက်လို့  လဲနေရမယ်၊ စက်ရပ်သွားလို့ ဝိုင်းတွန်းကြပါဦးဆိုရင် အရည်အသွေးရှိတယ်လို့ ဘယ်ခေါ်ပါ့မလဲ။ ဒါ့အပြင် မော်တော်ကားခတွေက အဆမတန်ဈေးကြီးနေရင် ကားဈေးသက်သာတဲ့ ကားရှိရင်ပြောင်းစီးသွားမှာပါပဲ၊ နောက်တစ်ချက်က ခုနကျွန်မပြောသလို ဘတ်စ်ကားမှတ်တိုင်မှာ ဘယ်သူမှ အကြာကြီး စောင့်မနေလိုကြပါဘူး။
အခု ကျွန်မပြောတဲ့ အရည်အသွေး၊ ဈေးနှုန်းနှင့် အချိန်ကာလဟာ စားသုံးသူတွေရဲ့ လိုအင်ဖြစ်ပါတယ်။ ဒီလိုအင်ကို ဝန်ဆောင်မှုမှာရော ပစ္စည်းထုတ်လုပ်ရာမှာပါ ဂရုစိုက်ကြရပါမယ်။


လုံခြုံမှု

စားသုံးသူများအတွက် မလွဲမသွေ တာဝန်ယူရမှာက အဲဒါက စားသုံးသူတွေရဲ့ လိုအင်ပါ။ တဖန်လိုအင် အပြင် ကျွန်မတို့ဟာ စားသုံးသူအပေါ်ဘာတာဝန်ယူရမှာလဲဆိုတာ ရှိပါတယ်။ ဒါကဘာလဲဆိုတော့ လုံခြုံမှုဟာလဲ အရေးကြီးပါတယ်၊ မီးရထား၊ လှေ၊ သင်္ဘော၊ ကူးတို့၊ မော်တော်၊ မြင်းလှည်း၊ ဆိုက်ကားတို့နဲ့ ခရီးသွားရာမှာ ခရီးသည်များက လုံခြုံမှုကိုလဲ ဂရုစိုက်ကြပါတယ်။ လူတိုင်းဟာ ဘယ်သူမှ အသက် အန္တရာယ်ရှိတာကို မလိုချင်ကြပါဘူး အသက်အန္တရာယ်ကင်းတဲ့ လမ်းကို ရွေးသွားလေ့ရှိပါတယ်။
ဟိုတယ်တွေမှာ ဆိုရင် ကြမ်းပြင် အနိမ့်၊ အမြင့်ကလေးရှိရင်တောင် တည်းခိုတဲ့ သူချော်လဲမှာစိုးလို့ သတိပေးထားတတ်ကြပါတယ်။ ရန်ကုန်မြို့မှ ဘတ်စ်ကားအချင်းချင်းတိုက်လို့ မတော်တဆဖြစ်ပွားတာကို ခရီးသည်က ရှောင်လိုကြပါတယ်၊ အပေါက်ဝမှာ စီးတာ၊ ကားလေးတွေ အပြိုင်မောင်းတာ တစ်စီးနဲ့ တစ်စီးကျော်တက်တာတို့ဟာ အန္တရာယ်မကင်းကြပါဘူး။
ကျွန်မတို့နိုင်ငံဟာ တရုတ်ပြည်ကလုပ်တဲ့ ပစ္စည်းတွေကို အတော်များများဝယ်ယူအသုံးပြုတဲ့ နိုင်ငံဖြစ်ပါတယ်။ မကြာသေးခင်က တရုတ်က ထုတ်တဲ့ နို့မုန့်ကို မတိုက်ရဲကြတော့ဘူး၊ ဒါ့ကြောင့် လုပ်ငန်းကိစ္စများကို ဆောင်ရွက်ရာမှာ လုပ်ငန်းခွင် အန္တရာယ်ကင်းဖို့က အဓိက ဆိုပြီး သတိပေးစာတမ်း ရေးထားကြပါတယ်။


စိတ်ကောင်းရှိဖို့

နောက်တစ်ချက်က စိတ်ပိုင်းဆိုင်ရာ ကိစ္စဖြစ်ပါတယ်၊ ဝန်ဆောင်မှုပေးရာမှာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းထုတ်လုပ်ရာမှာပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာအထူးအရေးကြီးပါတယိ။စိတ်ကောင်းစေတနာကောင်းနဲ့ ထုတ်ဖို့လိုပါတယ်။ စိတ်ကောင်းနဲ့ ထုတ်လုပ်မှ ပစ္စည်းကောင်းရတာ ဖြစ်ပါတယ်။ စိတ်ထားမကောင်းရင် သူထုတ်တဲ့ ပစ္စည်းဟာလဲ ဘယ်လိုမှ မကောင်းနိုင်ပါဘူး၊ ရန်ကုန်ခရီးသွားဘတ်စ်ကားများပေါ်မှာ ယာဉ်မောင်းရော၊ စပယ်ယာရော၊ ခရီးသည်များသာမက အုပ်ချုပ်သူ၊ ကြီးကြပ်သူတွေကပါ စိတ်ကောင်းစေတနာကောင်းထားကြမယ်ဆိုရင် ရန်ကုန်ခရီးသွား လုပ်ငန်းဟာလဲ ချောမွေ့ပြေပြစ်နေမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုမကျန်ပြောချင်တာက စက်ရုံဝန်ထမ်းထက် ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းက ပိုအရေးကြီးပါတယ်။ တရုတ်က ထွက်တဲ့နို့မုန့်တွေ အဆိပ်ဖြစ်တာဖြစ်တာပဲ၊ ထုတ်လုပ်လိုက်တဲ့ သူနဲ့စားသုံးသူ တိုက်ရိုက်တွေ့ဖို့ဆိုတာ ခဲယဉ်းပါတယ်၊ ဒါပေမယ့် ဝန်ဆောင်မှုကိစ္စမှာ ခေါင်းညှပ်တဲ့သူက ဂရုမစိုက်လို့ အညှပ်ခံနေတဲ့သူရဲ့ နားရွက်ထိသွားမယ်ဆိုပါစို့၊ ပြဿနာက ချက်ချင်းဖြစ်တာပါ။
ဒါကြောင့် ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေဟာ စိတ်ရှည်သည်းခံရုံသာမက လုပ်ငန်းကျွမ်းကျင်ဖို့၊ ဂရုတစိုက်ရှိဖို့လိုပါတယ်၊ စိတ်ရှည်ဖို့ သည်းခံဖို့၊ ဂရုတစိုက်ရှိဖို့၊ ကိစ္စအရပ်ရပ်ရဲ့ အချုပ်က စိတ်ကောင်းစေတနာကောင်းထားရှိဖို့ ဖြစ်ကြောင်း တင်ပြရပါတယ်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts