နေပူမိုးရွာ အပိုင်း (၇)

နေ‌ပူမိုးရွာ အပိုင်း (၇)

နေ‌ပူမိုးရွာ အပိုင်း (၇) – သူသည် ကျီးမနိုးပွဲလုပ်သူများနှင့်အတူ ရောယောင်၍လိုက်ရင်း အခြေအနေကြည့်သည်။ ဘယ်အိမ်ကိုဝင်လျှင် ချောင်မလဲဟု အကဲခတ်သည်။ တဖြည်းဖြည်း လူပါးလာသည်။ ကျီးမနိုးပွဲ လုပ်သူများလည်း မောပြီး လူစု ကွဲကုန်ပြီ။ တန်ဆောင်တိုင်ပွဲကြည့်ရာမှ ပြန်လာသော လူအချို့သာ ကျန်တော့သည်။

သူက အိမ်တစ်အိမ်ကို ရွေးထားသည်။ ခြံဝင်းကလေးထဲက အိမ်တစ်အိမ်။ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်း ရှိသဖြင့် အကာအကွယ် ကောင်းကောင်းရသည်။ အခြားအိမ်တွေနှင့်လည်း နည်းနည်းလှမ်းသည်။ အဆင်ပြေဆုံးအချက်က အိမ်ထဲမှာ လူတစ်ယောက်မျှ မရှိခြင်းပင်။ ထိုအိမ်မှ မိသားစု ထွက်အလာတွင် သူဘေးမှ မယောင်မလည်လိုက်ရင်း ပြောသံဆိုသံ နားထောင်ခဲ့သည်။ ထိုအိမ်ကလူများသည် မြို့ထဲမှာ တန်ဆောင်တိုင်ပွဲ လျှောက်ကြည့်ကြမည်။ ပြီးတော့ မြို့ထဲမှာအိပ်မည်။ အိမ်ပြန်လာမည် မဟုတ်။ အေးအေးဆေးဆေး ဖောက်ဝင်ရုံသာ။ လူရှင်းအောင် စောင့်သည်။ နှစ်နာရီကျော်မှပင် လူခြေတိတ်သွား၏။ သစ်ပင်ရိပ်များကို အကာအကွယ်ယူပြီး ခြံဝင်းထဲ ဝင်သည်။ အိမ်နားကို အသာကပ်သည်။ အိမ်ရှေ့တံခါးကို သော့ခတ်ထား၏။ သော့က ဖွင့်ဖို့မလွယ်။ ပြီးတော့ အိမ်ရှေ့ဆိုတော့ လူမြင်နိုင်သည်။

အိမ်ဘေးကို ကွေ့လာခဲ့သည်။ ပြတင်းပေါက်တွေ အခြေအနေကို ကြည့်သည်။ သိပ်မလွယ်။ အိမ်က သစ်ကောင်း ဝါးကောင်းတွေနှင့် ဆောက်ထားသဖြင့် ခိုင်ခံ့သည်။ နောက်ဖေးဘက် လှည့်ခဲ့ပြန်သည်။ နောက်ဖေးတံခါးပေါက်၏ အခြေအနေကိုကြည့်သည်။ တံခါးက မူလတံခါးမဟုတ်။ အသစ်ပြန်ပြင်ထားခြင်း ဖြစ်သည်။ ဟာကွက်၊ ပျော့ကွက်တွေ ရှိနေသည်။ နာရီဝက်လောက် နည်းမျိုးစုံသုံးပြီး ကြိုးစားကြည့်ရာ တံခါးပွင့်သွားသည်။ အိမ်ထဲသို့ ဝင်လိုက်သည်။ အေးအေးဆေးဆေး ကိုယ်ကြိုက်ရာပစ္စည်းတွေ ရွေးယူရုံသာ ရှိတော့သည်။ ကြည့်ရတာ အဖိုးတန်ပစ္စည်းတွေရှိမည့်အိမ်မျိုး။ ကံကောင်းလျှင် အတွင်းပစ္စည်းတွေတောင် ရနိုင်သည်။

သူစိတ်ကူးဖြင့် ရွေးချယ်ကြည့်သည်။ ဝန်ကျဉ်းကျဉ်းဖြင့် အလုပ်ဖြစ်မည့်ပစ္စည်း။ တိုင်ကပ်နာရီ၊ ကက်ဆက်၊ မီးပူ၊ စားပွဲတင်ပန်ကာ၊ ဒီထက်ပိုပြီး အဆင်ပြေနိုင်တာက ရွှေထည်လက်ဝက်ရတနာနှင့် ငွေသား။ အိပ်ခန်းထဲ ဝင်မွှေဖို့ ဆုံးဖြတ်လိုက်သည်။ အိပ်ခန်းတံခါးကိုလည်း သော့ခတ်သွားသည်။ သို့ရာတွင် သော့က အကောင်းစားမဟုတ်။ နည်းနည်းပါးပါး ကလိလိုက်ရုံဖြင့် ပွင့်သွားသည်။ အိပ်ခန်းထဲ ဝင်သည်။ လက်နှိပ်ဓာတ်မီးဖြင့် ဝေ့ကြည့်သည်။ ခုတင်ခြေရင်းမှာ ဗီရို၊ သော့ခတ်ထားပုံမရ။ ဗီရိုကို အသာဆွဲဖွင့်သည်။ အထဲမှာ အဝတ်အစားတွေချည်း။ အံဆွဲနှစ်လုံးကို ဆွဲဖွင့်သည်။ စာရွက်စာတမ်းတွေ။ နည်းနည်းတော့ စိတ်ပျက်သွားသည်။ ဘာပဲဖြစ်ဖြစ် ရှိကိုရှိရမည်ဟု တွေးလိုက်ပြန်သည်။ လက်နှိပ်ဓာတ်မီးဖြင့် ဟိုဟိုဒီဒီ ထိုးကြည့်သည်။ အခန်းထောင့်မှာ ကျွန်းသေတ္တာကလေးတစ်လုံး။ အာမခံသော့ဖြင့် ခတ်ထားသည်။ ကျိန်းသေပြီ။ ဒါပဲ ဖြစ်ရမည်။ သေတ္တာလိုက် မ သွားလျှင် ကောင်းမလား။ ဖွင့်ပြီး အထဲက ပစ္စည်းကို ထုတ်ယူလျှင် ကောင်းမလား။ သေတ္တာလိုက် ယူသွားလျှင် လမ်းမှာ သူများတွေ မသင်္ကာစရာဖြစ်နိုင်သည်။ ပြီးတော့ သေတ္တာထဲက ပစ္စည်းက သူလိုချင်တာ မဟုတ်ဘဲ စာချုပ်စာတမ်းတွေ ဘာတွေ ဖြစ်နေလျှင် အလကားဖြစ်နေမည်။

အချိန်လည်းရသဖြင့် ဖွင့်ကြည့်မည်ဟု စိတ်ကူးလိုက်သည်။ စိတ်ချလက်ချ လုပ်နိုင်အောင် အခန်းတံခါးကို အသာကလေး စေ့လိုက်သည်။ “ချောက် …” အသံတစ်သံ ကြားရသည်။ သူ ထိတ်ခနဲ ဖြစ်သွား၏။ တံခါး ချက်ကျသွားသည့် အသံ။ တံခါးကို ဆွဲဖွင့်ကြည့်သည်။ မရ။ သူ ခေါင်းနပန်းကြီးသွား၏။ သွားပြီ …။ အခန်းထဲမှာ ပိတ်မိနေပြီ။ သေတ္တာကိုဖွင့်ဖို့တောင် သတိမရတော့။ တံခါးကို နှဲ့ပြီး ဖွင့်ကြည့်သည်။ မရ။ ခိုင်လိုက်တဲ့ တံခါး။ ထွက်ပေါက်များ ရှိမလားဟု လက်နှိပ်ဓာတ်မီးနှင့် ဟိုဟိုဒီဒီ ထိုးကြည့်သည်။ ပြတင်းပေါက်လည်း မရှိ။ အခန်းနံရံကို ကျော်ထွက်ရအောင်ကလည်း သံဇကာနှစ်ထပ်နှင့် အခိုင်အခံ့ ကာရံထားသည်။ သူ ဇောချွေးတွေ ပြန်လာ၏။

“မင်း ထွက်လို့မရဘူးပေါ့ …” “ရတာပေါ့ကွ …” “ဘယ်လိုထွက်တာလဲ …” “ဟား ဟား … မင်းတို့တောင် မစဉ်းစားမိဘူး မဟုတ်လား၊ ငါလည်း ရုတ်တရက်မို့ လန့်ဖျပ်ပြီး ထူပူသွားလို့ မစဉ်းစားမိတာ … ရှင်းရှင်းလေးပဲကွ၊ ချက်ကျသွားတဲ ကလန့်က အတွင်းဘက်ကဟာပဲ … အဲဒါကို သတိမထားမိလိုက်တာ၊ နောက်မှ ငါ့နှယ် ကြောင်လိုက်တုံးလိုက်တာလို့ သတိရပြီး ချက်ကို ဆွဲဖွင့်ပြီး ထွက်လာရတာပေါ့ …” “အေးဟ၊ ဟုတ်သားပဲ …” တစ်ကိုယ်တော် ဘကြိုင်က ခေါင်းတညိတ်ညိတ်လုပ်၍ ပြုံးရင်း “အဲဒါပဲကွ … လူဆိုတာ တစ်ခါတစ်ခါ ကြောင်တတ်တယ်၊ ငါတို့သူခိုးဆိုတဲ့ကောင်တွေက အိမ်အပြင်ကနေ အတွင်းကို ဖောက်ထွင်းဖို့သာ စိတ်ဝင်စားတာ … အိမ်ထဲကနေ အိမ်ပြင်ကို ထွက်ဖို့ စိတ်ဝင်စားတာမဟုတ်ဘူး … ပြီးတော့ … အခိုင်အခံ့ ပိတ်ထားတဲ့ တံခါးတွေကို ခက်ခက်ခဲခဲ အပြင်ကနေ ဖွင့်ဖို့သာ စိတ်ကူးထားကြတာကိုး၊ အထဲကနေ အပြင်ကို အလွယ်တကူ ထွက်လို့ရတာကို မေ့မေ့နေတတ်တယ် … ငါတို့ အလုပ်ကလည်း သူများတွေနဲ့ ပြောင်းပြန်ကိုးဟ”

“ဒါနဲ့ နေစမ်းပါဦး လှေကားရ … မင်း သေတ္တာကော ရခဲ့လား” “ဘယ်ရမလဲကွာ … တံခါးဖွင့်လို့ ရတာနဲ့ ဝမ်းသာအားရ ပြေးထွက်လာမိတာ၊ ဘာပစ္စည်းမှ ယူခဲ့ဖို့ သတိမရဘူး …” “ဟား ဟား … ဒါမှ တကယ်ကြောင်တာ၊ ဒါကြောင့်လည်း မင်းကို ကြောင်လိမ်လှေကားလို့ ခေါ်တာပဲ”

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts