နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း (ဇာတ်သိမ်းပိုင်း)

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၄)

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၄) “ဟိတ် … ရွာသာကြီးအုပ်စုတွေ ဆေး လာထုတ်သလား” “ကြည့်စမ်း မွန်ဇော်၊ နေနိုင်လိုက်တာဟာ၊ တို့ဆီတောင် လာမလည်ဘူး”

“အိပ်မက်ထဲမှာတော့ ခဏခဏ ရောက်တယ် မိုးအေးရဲ့” “တော်ပါဟာ … နင်က သိပ်စိမ်းတာပဲ၊ ဒါထက် ဆေးခန်းမှာ အဆင်ပြေရဲ့လား” “မိုးကလည်း မေးနေရသေးတယ်၊ သူ့လက်ထဲမှာ ကာကွယ်ဆေး ထိုးဖို့ ရေခဲဘူးကြီးနဲ့လေ” “ဟုတ်တယ် စန္ဒာ၊ ငါ ဒီကနေ အပြန် အင်းစိန်မှာ ကာကွယ်ဆေး ဝယ်ရမှာ” ရွှေတိဂုံဘုရားလမ်းက ဆေးဆိုင်မှာ တစ်လတစ်ခါ ဆေးထုတ်ရင်း သူငယ်ချင်းတွေ ဆုံကြလျှင်တော့ ငယ်ဘဝကို ပြန်ရောက်သွားရသလို ရှိသည်။ ရွာသာကြီး၊ ဆယ်မိုင်ခြံ၊ အစာအာဟာရဆိုင်ရာ ဒီပလိုမာသင်တန်းမှ သူငယ်ချင်းများ၊ ဆေးဆိုင်ဖွင့်ထားသော မွန့်လိုပင် ဆေးခန်း ထိုင်နေသည့် သူငယ်ချင်းများနှင့် ဆုံရသောအခါ ရေဆင်းဆည်ဘေးက စာသင်ရက်များကို တမ်းတ လွမ်းဆွတ်ရလေသည်။

“ငါ့ဆီ လာတဲ့ Case တစ်ခုကွာ၊ ခွေးကြီး နာမည်က ‘ဗိုက်ကား’ တဲ့၊ Heart Failure ကြောင့် Ascites ရေဖျဉ်းဆွဲပြီး ရောက်လာတာ၊ ရောဂါအကြောင်း ငါ သေချာ ရှင်းပြပြီး Digoxin၊ Laxis၊ Slow K ဆေးဝယ်တိုက်ဖို့ ရေးပေးလိုက်တော့ ပိုင်ရှင် အန်တီကြီးက ‘လူတွေလိုပဲ ကုရတာပဲနော်’ လို့ ပြောတယ်၊ သူတို့အိမ်မှာ နှလုံးရောဂါသမား ရှိနေလို့ ဆေးတွေကို သိနေကြတယ်” “ဟုတ်တယ် မွန်ရဲ့၊ အရင်ကဆို ခွေးတွေ၊ ကြောင်တွေ နေမကောင်းရင် သေမှာပဲ ဆိုပြီး ပစ်ထားကြတာ၊ ခုတော့ တိရစ္ဆာန်လေးတွေ နေမကောင်းရင် ဆေးကုရတယ် ဆိုတဲ့ အသိမျိုးနဲ့ အမြင် ကျယ်လာကြပါပြီကွာ” “ငါတို့လဲ ကျောင်းပြီးမှ စာပိုဖတ်ဖြစ်နေတယ်၊ ခေါင်းက အစ အမြီး အဆုံး အထွေထွေကု ဆရာဝန်ကြီး ဆိုတော့ ဟဲ … ဟဲ စာမဖတ်လို့ မဖြစ်ဘူး အိဝေ၊ ဆေးခန်းမှာလည်း Case မလာတဲ့ အချိန် ဆိုရင် စာဖတ်တဲ့ ဆရာဝန်လေ” ရသမျှ အချိန်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံ ဖလှယ်ရင်း၊ တစ်ယောက် ဘဝကို တစ်ယောက် အပြန်အလှန် အားကျရင်း၊ ကိုယ့်ဘဝလမ်းမှာ ကိုယ့်ဘာသာလျှောက်ရင်း အချိန်ကာလတွေကို တဖြည်းဖြည်း ကျော်ဖြတ်လာခဲ့သည်။

‘ဇော်’ ဆေးကုခန်းကို ဗဟိုပြုပြီး သုဝဏ္ဏ စုပေါင်းအိမ်ရာ၊ သင်္ဃန်းကျွန်း ရန်ကုန်သစ် တစ်ခွင်ကိုသာမက ငမိုးရိပ် တစ်ဖက်ကမ်းအထိ ခရီးနှင်ခဲ့ဖူးသည်။ နောင်တစ်ချိန်မှာ ‘အဲဒီ နေရာတွေအားလုံး မာမီ ခြေရာတွေချည်းပဲ’ ဟု ဝံ့ကြွား ဂုဏ်ယူနိုင်လောက်သည်။ မွန် တတ်ထားသည့် အသိပညာတို့ကို အလျဉ်းသင့်တိုင်း ဖြန့်ဝေပေးမိသလို စရိုက်အမျိုးမျိုး၊ လူအမျိုးမျိုး၊ ဘဝအခြေအနေ အမျိုးမျိုးကိုလည်း ထိတွေ့နားလည်ခဲ့ရသည်။ သို့နှင့်ပင် ဖိုးတုတ်၊ ဆီဇာ၊ နီတာ၊ ဘော်ဖြူ၊ ရမ်ဘို စသောခွေးကလေးများကို လည်းကောင်း၊ လေးခွ မှန်ရာက မျက်လုံး ထုတ်ပစ်လိုက်ရသော မိပေါက်နှင့် ဖိုးဝါဝါ၊ ပြည့်ဖြိုး၊ ရွှေဝါ၊ ဖြူမ၊ သားသားကြီး၊ ဖိုးငယ်၊ မိုက်ကယ်ဂျက်ဆင် စသော ကြောင်ကလေးများကို လည်းကောင်း၊ ကျွဲ၊ နွားက စ၍ ကြက်တူရွေး၊ သာလိကာ အဆုံး ‘ပေးရှင့်’ များကို လည်းကောင်း ရင်းနှီးကျွမ်းဝင်ခဲ့ချေပြီ။ အောင်မြင်မှု၊ လက်လွှတ်ဆုံးရှုံးမှုတွေ ကြားမှာ မွန်လည်း ရင့်ကျက်မှု ပိုလာရသည်။ တစ်ခါတလေတွင် ကောင်းကင်ပြာနှင့် တိမ်ဖြူလွှာတို့ကို မော့ကြည့်ရင်း ‘ငါ့အတွက် သာယာတဲ့ ညနေခင်းပေါင်း များစွာ ပျောက်ဆုံးခဲ့တာ ကြာပြီပဲ’ ဟု ကဗျာဆန်ဆန် တွေးချင် တွေးမိလေသည်။ မသိကျိုးကျွန် ပြုထားသည်မှာ ကြာပြီ ဖြစ်သော ပန်းချီကားတွေ၊ စုတ်တံတွေ၊ ကဗျာစာအုပ်တွေကို အမှတ်မထင် တွေ့ရလျှင် မွန့်ကို လှောင်ပြောင်နေကြသလို ခံစားရပြန်သည်။

“အောင်မြင်နေတဲ့ သူတွေကို သွားမေးကြည့်၊ မအောင်မြင်ခင်မှာ အိပ်ချင်တိုင်း မအိပ်၊ စားချင်တိုင်း မစား၊ ပျော်ချင်တိုင်း မပျော်ဘဲ ဆန္ဒကို မျိုသိပ်ခဲ့ရတဲ့ အကြောင်းတွေကို မြိန်ရေရှက်ရေ ပြောပြကြလိမ့်မယ်”

ဆိုသည့် ဖေဖေ့ စကားသည်သာ မွန်၏ စိတ်ဖြေသိမ့်ရာ ဖြစ်ရင်း နောက်တစ်နေ့အတွက် အင်အားဆက်ခဲ့ရသည်ပဲ။ ရသည့် ဝင်ငွေထဲမှ ဘွားဘွား၊ ဖေဖေနှင့် မေမေတို့ကို တစ်လ တစ်ခါ ကန်တော့ချိန်၌ မွန့်စိတ်ထဲမှာ ကြည်နူးချမ်းမြေ့သည့် ပီတိတစ်မျိုး ဖြစ်ပေါ်ရလေသည်။ ငါ့သမီး သေးသေးကွေးကွေးကို သည်လောက် ဇွဲရှိမယ် မထင်ခဲ့ဘူးဟု မေမေက ပြောတော့ မွန် ကျေနပ်အားရစွာ ပြုံးနေမိသည်။ “ညီမလေးက ခုမှ ချွေတာရကောင်းမှန်း သိလာတာ ဖေဖေရဲ့” “အံမယ် မကြီးနော်၊ မွန် ဘယ်တုန်းကမှ မဖြုန်းပါဘူး၊ သုံးတာပါ” စကားနိုင်လုကာ ပြောရသော်လည်း စနစ်တကျ သုံးစွဲတတ်လာသည်မှာ အမှန် ဖြစ်သည်။ သူ့အလုပ်နှင့်သူ မအားလပ်သည့်ကြားက အဖော်လိုက်ပေးမည်ဟု ပြောသော မကြီးကို “ပင်ပန်းပါတယ်၊ မလိုက်ပါနဲ့” ဟု မွန် နှစ်သိမ့်ခဲ့ဖူးသည်။ တစ်ယောက်စာ လမ်းစရိတ် မုန့်ဖိုး ပိုကုန်မှာ စိုးသည့် အတွင်းစိတ်ကို နားလည်လျှင် မကြီး ဘယ်လောက် ဒေါကန်မည် မသိ။

ကြည်ဇင်နှင်း ရေးသားထားသော နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts