hapeye

ဒါကိုမလုပ်လျှင် ချောက်ကျမည် (အပိုင်း – ၄)

သက်သေပြပါအံ့။ ခရိုက်ဇလာ မော်တော်ကားကုမ္ပဏီသည် မစ္စတာရုစဗဲ့အတွက် အထူးမော်တော်ကားတစ်စီး ဆောက်လုပ်ရ၏။ ဒဗလျူအက်ဖ် ချိန်ဗာလိန် နှင့် မော်တော်ကားစက်ပြင်ဆရာတစ်ဦးတို့ကိုယ်တိုင် ထိုမော်တော်ကားကို သမ္မတမင်း၏အိမ်တော်သို့ အရောက်ပို့ကြ၏။ အိမ်တော်တွင် တွေ့ကြုံခဲ့ရပုံအလုံးစုံကို ချိန်ဗာလိန်သည် အောက်ပါအတိုင်း ရေးသားပို့လိုက်သည်။

ကျွန်တော်တို့၏ မော်တော်ကားကို မည်ကဲ့သို့မောင်းရမည်ကို သမ္မတမင်း ရုစဗဲ့အား ကျွန်တော်က သင်ပေးရသော်လည်း လူများကို မည်ကဲ့သို့ မိမိဘက်ပါအောင် ဆွဲရမည်ကို သမ္မတမင်းက ကျွန်တော့်အား သင်ပြလိုက်ပါသည်။

အိမ်တော်သို့ရောက်သောအခါ သမ္မတမင်းသည် အလွန်ရွှင်ပျလျက်ရှိသည်ကို ကျွန်တော်တို့ တွေ့ရပါသည်။ ကျွန်တော်၏နာမည်ကိုခေါ်၍ ဖော်ဖော်ရွေရွေ ခရီးဦးကြိုဆိုပါသည်။ သမ္မတမင်းအပေါ်တွင် ကျွန်တော်၏အထူးကျေနပ်ချက်သည် အခြားမဟုတ်ပါ။ ကျွန်တော်တို့က ပြောရန် ပြသရန်ရှိသော ကိစ္စများတွင် အထူး စိတ်ပါလက်ပါရှိခြင်းပင် ဖြစ်ပါသည်။ မော်တော်ကားကို အခြား အကူအညီမပါဘဲ လက်တစ်ခုတည်းနှင့်သာ မောင်းနိုင်အောင် စီစဉ်ထားသည်ဖြစ်ရာ မော်တော်ကားကို ပြသနေစဉ် လူတစ်စုသည် မော်တော်ကားကို ဝိုင်း၍ ကြည့်နေကြပါသည်။ ‘ဒီမော်တော်ကားဟာ သိပ်ပြီး အံ့သြဖို့ကောင်းတာပဲ၊ ခလုတ်ကလေး နှိပ်လိုက်ရုံနဲ့ မော်တော်ကားဟာ ထွက်သွားတာပဲ၊ အထူးဂရုစိုက်ပြီး မောင်းနေဖို့တောင် မလိုဘူး၊ သိပ်ဟုတ်တာပဲ၊ ဘယ့်နှယ်က ဘယ်လိုဖြစ်ပြီး ဒီခလုတ်ကလေးနှိပ်ရုံနဲ့ ကားထွက်သွားနိုင်တယ်ဆိုတာကို ကျုပ်တော့ စဉ်းစားလို့ မရဘူး၊ ဒီကားကို အားလုံးဖြုတ်ပြီး ဘယ်နှယ့်ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ကြည့်နိုင်ရင် ဘယ်လောက်ကောင်းမလဲလို့ ကျုပ်တွေးနေတယ်’ ဟု သမ္မတမင်းက ပြောပြလေသည်။

သမ္မတမင်း၏ မိတ်ဆွေများက မော်တော်ကားကို ချီးမွမ်းကြသောအခါ သူတို့၏ရှေ့တွင်ပင် ‘မစ္စတာ ချိန်ဗာလိန်၊ ဒီကားကို ခုလို အထူးကောင်းမွန်အောင် အချိန်ကုန် လူပန်းခံပြီး ဂရုတစိုက် ပြုလုပ်ပေးတဲ့အတွက် ခင်ဗျားတို့ကို အထူးတလည် ကျေးဇူးတင်ပါတယ်၊ ဒီကားကို လုပ်ရတာ တယ်မလွယ်လှဘူး’ ဟု ရုစဗဲ့သည် ပြောပြီးနောက် ကျွန်ုပ်တို့ အထူးတလည် ဂရုတစိုက် လုပ်ထားသည်ဟု သူထင်သော အရာဟူသရွေ့ကို သူသည် ချီးမွမ်းလျက်ရှိပါသည်။ ထို့နောက် မော်တော်ကားတွင် ထူးဆန်းအံ့သြဖွယ်ကောင်းသော နေရာများကို သမ္မတကတော်ကြီးနှင့် အခြားအရေးပါအရာရောက်သော လူကြီးများကို ကိုယ်တိုင်ပြသပါသည်။ ကပ္ပလီတံခါးမှူးကိုပါခေါ်၍ ‘ဟေ့ ဂျော့ ဟောဒီ အဝတ်အစားတွေထည့်တဲ့ သေတ္တာတွေကို မင်းဂရုစိုက်ရလိမ့်နော်’ ဟု မော်တော်ကားတွင် တပ်ဆင်ထားသော အဝတ်အစားထည့်သည့် သေတ္တာများကို လက်ညှိုးနှင့် ထိုးပြရင်း ပြောပါသည်။

မော်တော်ကားကို မောင်းသည့်နည်းများကို သင်ပြပြီးသောအခါ ‘ကဲ မစ္စတာ ချိန်ဗာလိန် ပြည်ထောင်စု ဘဏ္ဍာရေး ရန်ပုံငွေကော်မတီ အစည်းအဝေးကို အစောင့်ခိုင်းထားတာ နာရီဝက်လောက် ရှိသွားပြီ၊ ကျုပ် သွားလိုက်ဦးမှပဲ ထင်တယ်’ ဟု သမ္မတမင်းသည် ကျွန်တော်တို့အား ပြောကြားပါသည်။

အိမ်တော်သို့ ကျွန်တော်တို့နှင့်အတူတူ မော်တော်ကားပြင်သမားတစ်ဦးကိုလည်း ခေါ်သွားသည်ဖြစ်ရာ ထိုသူကိုလည်း သမ္မတမင်းနှင့် မိတ်ဖွဲ့ပေးပါသည်။ ထိုသူသည် ရှက်ကိုးရှက်ကန်းနိုင်သောကြောင့် သမ္မတမင်းသို့ စကားမပြောဘဲ နောက်ကွယ်က နေပါသည်။ ကျွန်တော်တို့ စကားပြောနေစဉ် ထိုသူ၏နာမည်ခေါ်သံကို သမ္မတမင်းသည် တစ်ကြိမ်မျှသာ ကြားလိုက်ရသော်လည်း အစည်းအဝေးသို့ သွားခါနီးတွင် ထိုစက်ပြင်သမားအား သူ၏နာမည်ကို ခေါ်၍ လက်ဆွဲနှုတ်ဆက်ပါသည်။ ထို့နောက် အိမ်တော်သို့ ယခုကဲ့သို့ ဂရုတစိုက် လာရောက်အကျိုးဆောင်သည့်အတွက် ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြောကြားလိုက်ပါသေးသည်။ ထိုစကားကို လောကွတ်လုပ်ပြီး ပြောသည်မဟုတ်ပါ။ ဝမ်းထဲက အဟုတ်ကျေးဇူးတင်သောကြောင့် ပြောသည်ဟု ကျွန်တော်ဖြင့် ယုံကြည်ပါသည်။

နယူးယောက်မြို့သို့ ပြန်ရောက်၍ ရက်အနည်းငယ် ကြာသောအခါ ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော သမ္မတမင်း ရုစဗဲ့၏ ဓာတ်ပုံတစ်ပုံကို ကျွန်တော် ရရှိပါသည်။ ထိုဓာတ်ပုံနှင့်အတူတူ ကျွန်တော်၏ကူညီခြင်းကို ကျေးဇူးတင်ရှိကြောင်း စာတိုကလေးတစ်စောင် ပါလာသေးပါသည်။ ထိုမျှ သေးငယ်သော အလုပ်ကလေးများကို လုပ်ရန် မည်ကဲ့သို့ အချိန်ရကြောင်းကို ကျွန်တော်ဖြင့် တွေး၍မရနိုင်အောင် ရှိပါသည်။ တစ်ဖက်သား မေတ္တာရှိအောင် လုပ်ရန်အတွက် အလွယ်ကူဆုံးနှင့် အရေးကြီးဆုံးနည်းများအနက် နည်းကောင်းတစ်လက်သည် ထိုတစ်ဖက်သား၏နာမည်ကို မှတ်မိအောင် လုပ်၍ ထိုသူအား မိမိကိုယ်ကိုမိမိ အထင်ကြီးခွင့်ရအောင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်းကို ရုစဗဲ့ကိုယ်တိုင် သိရှိသော်လည်း ကျွန်ုပ်တို့အထဲမှ ဘယ်နှဦးလောက် ထိုနည်းကို ကိုယ်တိုင် စမ်းသပ်ကြည့်ရှုဖူးပါသနည်း။

သူစိမ်းတစ်ရံစာ လူတစ်ဦးနှင့် မိတ်ဖွဲ့ပေးသောကြောင့် ကျွန်ုပ်တို့ထိုင်၍ စကားပြောကြပြီးသော် ထိုလူ ထသွားသောအခါ သူ၏နာမည်ကို မမှတ်မိတော့ချေ။ ‘မဲဆန္ဒရှင်တစ်ဦး၏နာမည်ကို မှတ်မိခြင်းသည် နိုင်ငံရေးကျွမ်းကျင်မှုဖြစ်၍ ထိုနာမည်ကို မေ့ပစ်ခြင်းသည် ထိုနိုင်ငံရေးသမား ဇာတ်မြှုပ်ခြင်းပင်ဖြစ်သည်’ ဆိုသော စကားသည် နိုင်ငံရေးသမားတိုင်း လိုက်နာရမည့် သင်ခန်းစာများတွင် ပထမသင်ခန်းစာပင် ဖြစ်လေသည်။ နာမည်များကို မှတ်မိအောင် ပြုလုပ်ခြင်းသည် နိုင်ငံရေးတွင်သာမဟုတ်၊ ကုန်ရောင်းကုန်ဝယ်မှု၊ ပေါင်းသင်းဆက်ဆံမှုများတွင်လည်း ထပ်တူထပ်မျှလောက် အရေးပါလေသည်။

ကမ္ဘာကျော် နပိုလီယန်၏နည်းသည် အလွန်လွယ်ကူလေသည်။ အကယ်၍ သူ့ထံသို့ အခစားရောက်လာသောသူ၏ နာမည်ကို ကောင်းစွာ မကြားရလျှင် ‘နာမည်က ဘယ်သူပါတဲ့’ ဟူ၍ မေးသည်။ ထိုသူ၏နာမည်သည် ထူးခြားသော နာမည်တစ်ခု ဖြစ်ခဲ့လျှင် ‘ဒီနာမည်ကို ဘယ့်နှယ် စာလုံးပေါင်းလဲ’ ဟူ၍ ကပ်မေးလေသည်။ စကားပြောနေစဉ် နာမည်နှင့်တကွ ထိုလူ၏ပုံပန်းသဏ္ဍာန်တို့ကို အဖန်တလဲလဲ စိတ်ထဲတွင် မှတ်လျက်ရှိ၏။

အကယ်၍ ထိုလူသည် အရေးပါအရာရောက်သော လူတစ်ဦးဖြစ်ခဲ့လျှင် ထို့ထက်ပင် ဂရုစိုက်သေး၏။ မည်ကဲ့သို့ ဂရုစိုက်သနည်းဆိုသော် ဧကရာဇ်မင်းမြတ်သည် အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်သောအခါ ထိုသူ၏နာမည်ကို စက္ကူတစ်ခုပေါ်တွင် ရေးသား၍ စိတ်ထဲတွင်ကောင်းစွာ မှတ်မိသည့်တိုင်အောင် ထိုနာမည်ကို အာရုံစိုက်ထားသည်။ စိတ်ထဲတွင် စွဲလောက်ပြီဟု ထင်ရသောအခါ စက္ကူကို ဆုတ်ပစ်လိုက်၏။ ဤနည်းအားဖြင့် ထိုသူ၏ နာမည်ကို နားရော မျက်စိရော အာရုံထဲတွင် စွဲနေအောင် ပြုလုပ်ခဲ့၏။

ဤနည်းများကို လေ့လာရန်မှာ အချိန်ကုန်သည်ကား မှန်ပါ၏။ အီမာဆန်ကလည်း ‘ယဉ်ကျေးသိမ်မွေ့ခြင်းသည် ကိုယ်နှုတ်အမူအရာကို အနည်းငယ် အပင်ပန်းခံ၍ စောင့်ထိန်းခြင်းပင် ဖြစ်သည်’ ဟု ဆိုထားလေသည်။ ထို့ကြောင့် သင့်ကို လူကြိုက်များစေလိုလျှင် လောကတွင် သုတိ အသာယာဆုံးသောအသံသည် မိမိ၏နာမည်ကို လူတစ်ယောက်က ခေါ်လိုက်သောအခါ ကြားရသောအသံပင် ဖြစ်ကြောင်း သတိပြုပါ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts