တစ်ခါတုန်းက ကာနက်ဂျီနှင့် ဂျော့ပူလမင်းတို့သည် အိပ်ခန်းမီးရထားတွဲလုပ်ငန်းတွက် ဗိုလ်လုလျက်ရှိကြရာတွင် သံမဏိဘုရင် ကာနက်ဂျီသည် အထက်ပါနည်းကောင်းကို အသုံးပြုခြင်းအားဖြင့် မိမိ၏အလိုဆန္ဒကို ပြည့်ဝစေခဲ့ဖူးလေသည်။
အန်ဒရူးကာနက်ဂျီပိုင်သော ဆင်ထရယ် ထရန်စပို့တေးရှင်း ကုမ္ပဏီသည် ပူးလမင်းကုမ္ပဏီနှင့် ဈေးပြိုင်၍ ရောင်းလျက်ရှိကြ၏။ သူတို့နှစ်ဦးစလုံးသည် ယူနီယံ ပစိဖိတ် မီးရထားကုမ္ပဏီသို့ အိပ်ခန်းမီးရထားတွဲများကိုရောင်းရန် အလုအယက် ကြိုးစားလျက်ရှိကြ၏။ ထိုသို့ အလုအယက်ရောင်းရာတွင် တစ်ဦးထက်တစ်ဦး လျှော့၍ရောင်းရသောကြောင့် အမြတ်မကျန်ချေ။ တစ်နေ့တွင် ကာနက်ဂျီနှင့် ပူးလမင်း နှစ်ဦးစလုံးတို့သည် ယူနီယံပစိဖိတ် မီးရထားကုမ္ပဏီ၏ ညွှန်ကြားသူများနှင့် တွေ့ဆုံရန်အတွက် နယူးယောက်သို့ သွားကြ၏။ တစ်ညနေစောင်းအချိန်တွင် စိန့်နိကိုလတ် ဟိုတယ်တွင် သူတို့နှစ်ဦး တွေ့ဆုံကြရာ ကာနက်ဂျီက ‘မစ္စတာ ပူလမင်း ကျုပ်တို့နှစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အရူးပြန်လုပ်နေကြတာနဲ့ မတူဘူးလား’ ဟု စတင်ပြောဆို၏။ ‘ခင်ဗျား ဘာကို ဆိုချင်တာလဲ’ ဟု မစ္စတာ ပူလမင်းက ပြန်တုံ့လေ၏။
ထိုအခါ ကာနက်ဂျီသည် သူ၏စိတ်ထဲတွင်ရှိသော လုပ်ငန်းနှစ်ခု ပူးပေါင်းရေးကို ပြောပြလေသည်။ တစ်ဦးနှင့်တစ်ဦး ဤကဲ့သို့ အတိုက်အခံလုပ်နေခြင်းထက် အတူတူလုပ်ခြင်းက နှစ်ဦးစလုံးတွင် ပို၍ အကျိုးရှိမည့်အကြောင်းကို အားပါးတရ ပြောပြ၏။ ထိုသို့ပြောဆိုနေစဉ် ပူးလမင်းသည် ကောင်းစွာ နားထောင်နေသော်လည်း ကာနက်ဂျီပြောသမျှစကားတို့ကို ကောင်းစွာ မယုံကြည်သေးချေ။ နောက်ဆုံးတွင် ‘နှစ်ခုပေါင်းပြီးလုပ်လျှင် ကုမ္ပဏီကို ဘယ်လိုပေးမှာလဲ’ ဟု မေးရာ ‘ပူးလမင်းနန်းတော် ကားကုမ္ပဏီ လို့ခေါ်မှာပေါ့’ ဟု ကာနက်ဂျီက သွက်လက်စွာ ပြန်ပြော၏။ ‘ကဲလေ ကျွန်တော့်အခန်းထဲ ကြွပါဦး၊ ဒီကိစ္စကို ဆွေးနွေးသေးတာပေါ့’ ဟု ကာနက်ဂျီက ဖိတ်ခေါ်လေ၏။ သူတို့ဆွေးနွေးချက်သည် သံမဏိလုပ်ငန်းတွင် ရာဇဝင်တွင်တော့သည်။
မိတ်ဆွေသင်္ဂဟတို့၏ အမည်နှင့်အလုပ်လုပ်ဖော် လုပ်ဖက်တို့၏အမည်ကို မှတ်ရုံသာ မမှတ်ဘဲ သူတို့၏ ဂုဏ်ကိုလည်း တင်ပေးခြင်းသည် ကာနက်ဂျီ၏ လူများပေါ်တွင်လည်း ‘ခေါင်းဆောင်’ နိုင်သော နည်းကောင်းတစ်ခု ဖြစ်လေသည်။ သူ၏အလုပ်သမားများစွာတို့၏နာမည်ကို ကောင်းစွာမှတ်မိသော ဉာဏ်အတွက် ကာနက်ဂျီသည် များစွာဂုဏ်ယူလေသည်။ သူကိုယ်တိုင် ကြီးကြပ်အုပ်ချုပ်နေစဉ် သူ၏သံမဏိအလုပ်ရုံများတွင် အလုပ်သမားများသည် သပိတ်မမှောက်ဖူးချေဟူ၍ ကာနက်ဂျီသည် ဂုဏ်ယူကာ ပြောကြားဖူးလေသည်။
ပဒါးရူးစကီးသည် သူ၏ ကပ္ပလီစားပွဲထိုးကို မစ္စတာကော့ပါး ဟူ၍ အမြဲတမ်းခေါ်လေ့ရှိသည်။ စန္ဒရားတီးပွဲများကျင်းပရန် သူသည် အမေရိကန်ပြည်သို့ ၁၅ ကြိမ်လောက် လာရောက်ဖူးလေသည်။ အမေရိကန်ပြည်တွင် တစ်နေရာမှ တစ်နေရာသို့ သီးသန့်မီးရထားတွဲစီး၍ ခရီးသွားလေသည်။ စန္ဒရားတီးပွဲများသည် သန်းခေါင်ယံအချိန်မှ ပြီးသော်လည်း ထိုစားပွဲထိုးသည် သန်းခေါင်ယံအချိန်ထိ စောင့်၍ ဂရုတစိုက် စားပွဲထိုးလေသည်။ အမေရိကန်သားများက ကပ္ပလီအစေခံများကို ‘ဂျော့’ ဟု ခေါ်သကဲ့သို့ ပဒါးရူးစကီးသည် သူ၏ စားပွဲထိုးကို တစ်ခါဖူးမျှ ဂျော့ဟူ၍ မခေါ်ချေ။ မစ္စတာ ကော့ပါးဟူ၍ ခေါ်ခြင်းကို သူ၏ စားပွဲထိုးကလည်း နှစ်သက်၏။
လူတို့သည် မိမိတို့၏ နာမည်တွင် အလွန်ဂုဏ်ယူကြပေသည်။ ထို့ကြောင့် မည်မျှပင် ကုန်ကျစေကာမူ အကုန်ခံ၍ မိမိ၏နာမည်များကို တွင်ရစ်အောင် ကြိုးစားကြလေသည်။ တစ်ခါတုန်းက ပြပွဲသမားကြီး ပီတီဘားနမ်း ဆိုသူ အဘိုးကြီးတစ်ဦး ရှိ၏။ သူ့တွင် သူ၏နာမည်ကို ဆက်ခံမည့် သားယောက်ျား တစ်ယောက်မျှမရှိသောကြောင့် သူ၏ မြေးယောက်ျားကလေး စီအိပ်ဆီလေးအား ‘ဘားနမ်းဆီလေး’ ဟု နာမည်ပြောင်းရန်အတွက် ဒေါ်လာပြားပေါင်း နှစ်သောင်းငါးထောင်ကို ပေးခဲ့ဖူး၏။
နှစ်ပေါင်း ၂၀၀ လောက်က လူချမ်းသာများသည် သူတို့၏ နာမည်များကို အမှတ်တရဖြစ်အောင် စာအုပ်များကို သူတို့အတွက် ရေးသားပါသည်ဟူ၍ ဖော်ပြရန် စာအရေးဆရာများကို ငွေပေး၍ ခိုင်းဖူးလေသည်။ မိမိတို့၏ နာမည်များ ကွယ်ပျောက်သွားမည်ကို သည်းမခံနိုင်သောလူများသည် သူတို့၏အမည် တွင်ကျယ်ရစ်စေရန်အတွက် သူတို့၏ နာမည်များနှင့် စာကြည့်တိုက်ကြီးများ၊ ပြတိုက်ကြီးများ ဆောက်လုပ်လှူဒါန်းကြလေသည်။ အက်စတားနှင့် လီနော့ ဆိုသူတို့သည် သူတို့၏ နာမည်များဖြင့် နယူးယောက် ပတ်ဘလစ် စာကြည့်တိုက်တွင် စာအုပ်များကို လှူခဲ့ဖူးလေသည်။ ဘင်ဂျမင်အော့တမန်နှင့် ဂျေပီ မော်ဂန်တို့သည်လည်း သူတို့၏ နာမည်များနှင့် မက်ထရို ပိုလိတန်ပြတိုက်တွင် ပစ္စည်းအမြောက်အမြား လှူခဲ့ဖူးလေသည်။ ဘုရားရှိခိုးကျောင်းတိုင်းလိုလိုပင် ပြတင်းပေါက်များတွင် တပ်ဆင်ထားသော ရောင်စုံမှန်များတွင် လှူဒါန်းသူများ၏ နာမည်များ ဖော်ပြထားသည်ကို တွေ့နိုင်၏။
များစွာသောလူတို့သည် အသိမိတ်ဆွေများ၏ နာမည်များကို မမှတ်မိရခြင်းအကြောင်းမှာ တခြားကြောင့်မဟုတ်၊ ထိုနာမည်များကို မှတ်မိစေရန် မိမိတို့၏ စိတ်ထဲတွင် ထပ်ကာတလဲလဲ ပြန်လှန်မှတ်သားခြင်း မပြုသောကြောင့်ပင် ဖြစ်သည်။ ထိုသို့ မလုပ်နိုင်သော လူစုသည် အချိန်မအား၍ ဤသို့ ကြိုးစားရန် ခဲယဉ်းပါသည်ဟု ဆင်ခြေပေးကြ၏။ သို့ရာတွင် ထိုလူစုသည် သမ္မတမင်း ဖရန့်ကလင်ဒီရုစဗဲ့ထက် ပို၍ အလုပ်ရှုပ်မည် မထင်ပါ။ သမ္မတမင်းသည် မိမိနှင့်တစ်ခါမျှသာ တွေ့ဖူးသော မော်တော်ကား စက်ပြင်ဆရာ၏ နာမည်ကိုပင် မှတ်မိအောင် ကြိုးစားခဲ့ဖူး၏။