တွေ့လျှင် တွေ့ချင်း မေတ္တာရှိစေသောနည်း (အပိုင်း - ၁)

တွေ့လျှင် တွေ့ချင်း မေတ္တာရှိစေသောနည်း (အပိုင်း – ၁)

နယူးယောက်မြို့တွင် တည်ခင်းကျွေးမွေးသော ညစာစားပွဲတစ်ခုသို့ များမကြာမီက ကျွန်ုပ် တက်ရောက်ခဲ့၏။ ထိုညစာစားပွဲသို့ တက်ရောက်သော အမွေပစ္စည်း အတော်ရထားသူ မိန်းမတစ်ဦးသည် တွေ့သမျှသော လူတိုင်းက သူ့အား မေတ္တာရှိစေလိုသော ဆန္ဒရှိ၏။ ထိုမိန်းမသည် အဖိုးတန်စိန်၊ ပတ္တမြား၊ ပုလဲ စသည်တို့ဖြင့် တစ်ကိုယ်လုံးကို ဆင်ယင်၍ ထားသော်လည်း သူ့မျက်နှာကို အနည်းငယ်မျှ ပြုပြင်ပေးရမှန်း မသိချေ။ သူ့မျက်နှာသည် အောက်သိုးသိုးနိုင်လှ၏။ တစ်ကိုယ်ကောင်း ကြံစည်ချင်စိတ် ပေါ်လွင်နေ၏။ မိန်းမတစ်ယောက်တွင် အဝတ်အစားထက် မျက်နှာထားက ပို၍ အရေးကြီးကြောင်းကို ယောက်ျားတိုင်းလိုလို သိသော်လည်း ထိုမိန်းမကား မသိချက် ဆိုးရွားလှ၏။ (စကားမစပ် သင့်မိန်းမသည် ဝတ်ကောင်းစားလှကို ပူဆာလျှင် ပြန်ပြောနိုင်အောင် ဤစာကြောင်းကို မှတ်ထားပါ။)

သူ့အပြုံးသည် ဒေါ်လာတစ်သန်းတန်သည်ဟု ချားရွပ်သည် ကျွန်ုပ်အား ပြောဖူး၏။ သူသည် အမှန်ကို အနည်းငယ် လျှော့ပြောကောင်း ပြောပေမည်။ အကြောင်းမူကား သူ၏ လူရည်သန့်မှု၊ မြတ်နိုးဖွယ် အမူအရာ၊ လူကြိုက်များအောင် လုပ်နိုင်သော စွမ်းရည်တို့သည် သူ၏ ထူးကဲသော အောင်မြင်ခြင်း၏ အကြောင်းရင်းများပင်တည်း။ သူ၏ လူရည်သန့်မှုတွင် ကြည်နူးစရာ အချက်တစ်ခုသည်ကား လူများကို စွဲအောင်လုပ်နိုင်သော သူ့အပြုံးပင် ဖြစ်လေသည်။

တစ်ခါက ကျွန်ုပ်သည် မောရစ်ရှဗဲလီးယားနှင့် သွားရောက်တွေ့ဆုံ၏။ အမှန်အတိုင်းပြောရလျှင် သူ့ကို တွေ့လျှင် တွေ့ချင်း အတော်စိတ်ပျက်သွား၏။ သူ့ကိုကြည့်ရသည်မှာ မျက်နှာမကြည်မသာနှင့် ရှိပြီးလျှင် စကားကိုလည်း ဟက်ဟက်ပက်ပက် မပြောသောကြောင့် ကျွန်ုပ် မျှော်လင့်ချက်နှင့်များစွာ ကင်းဝေးလျက်ရှိ၏။ သို့ရာတွင် ပြုံးလိုက်သောအခါ တိမ်တိုက်များအကြားမှာ လထွက်လာဘိသကဲ့သို့ သူ၏ မျက်နှာသည် အတော်ကြည်လင်၍ လာ၏။ အကယ်၍သာ မောရစ်ရှဗဲလီးယားသည် ဤကဲ့သို့ မပြုံးတတ်ခဲ့သော် ယခုလောက်ရှိလျှင် ပဲရစ်မြို့တော်တွင် သူ၏မိဘရိုးရာအလုပ်ဖြစ်သော လက်သမားအလုပ်ကို လုပ်နေရသည်မှာ ကြာလှပေပြီ။

အပြောထက် အလုပ်သည် ပို၍ ထင်ရှား၏။ ပြုံးပြရုံနှင့် ‘ခင်ဗျားကို မေတ္တာရှိပါသည်၊ ခင်ဗျားဟာ ကျွန်တော့်ကို စိတ်ချမ်းသာစေချင်ပါသည်၊ ခင်ဗျားနှင့် တွေ့ရတာ အလွန်ဝမ်းသာပါသည်’ ဆိုသော စကားများကို တစ်ဖက်သားသို့ပြောပြီး ဖြစ်လေသည်။

ခွေးများသည် သူတို့ အရှင်သခင်များကို မြင်ကြသောအခါ လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြသောကြောင့် အရှင်သခင်များကလည်း သူတို့၏ ခွေးများကို မြင်ကြသောအခါ အလွန်ဝမ်းသာကြလေသည်။

မပြုံးချင် ပြုံးချင်နှင့် ပြုံးရမည်လား။ မဟုတ်ပါ။ ထိုကဲ့သို့ ပြုံးလျှင် ဝမ်းထဲက မပါကြောင်းကို မြင်ရသူတိုင်း သိမည်ဖြစ်၏။ မချိပြုံးပြုံးရသော အပြုံးမျိုးကို ကျွန်ုပ်တို့ မနှစ်သက်။ ကျွန်ုပ် တိုက်တွန်းနေသော အပြုံးသည် ဝမ်းထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်လာသော တကယ့်အပြုံးပင် ဖြစ်သည်။ မြင်သူတိုင်း မနှစ်သက်သည့် အူထဲကမပါသော အပေါ်ယံပြုံးခြင်းမျိုး မဟုတ်ပေ။ မည်သည့်ကိစ္စနှင့်ပင် ဆက်သွယ်စေကာမူ အပြုံးခံရသူတိုင်းက ပြုံးသူ၏ အလိုသို့ မလိုက်လျောဘဲ မနေနိုင်အောင် အဖိုးတန်အပြုံးမျိုးကိုသာ ကျွန်ုပ် တိုက်တွန်းခြင်းဖြစ်သည်။

‘ချစ်စဖွယ်ကောင်းအောင် ပြုံးတတ်အောင် မိန်းကလေးတစ်ဦးကိုရလျှင် ၁၀တန်း မအောင်ချင်နေပါစေ၊ မျက်နှာသေကြီးနဲ့နေတဲ့ ပါရဂူဘွဲ့ရသူထက် ဒီမိန်းကလေးဟာ ပိုပြီး ဈေးရောင်းတဲ့ နေရာမှာ အဖိုးတန်မှာပဲ’ ဟူ၍ နယူးယောက်ရှိ ကုန်စုံတိုက်ကြီးတစ်ဆိုင်၏ မန်နေဂျာကြီးက ကျွန်ုပ်အား ပြောပြဖူး၏။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts