တွေ့လျှင် တွေ့ချင်း မေတ္တာရှိစေသောနည်း (အပိုင်း - ၂)

တွေ့လျှင် တွေ့ချင်း မေတ္တာရှိစေသောနည်း (အပိုင်း – ၂)

‘လူများနှင့် ဆက်သွယ်ရာတွင် ရယ်ရယ်ပြုံးပြုံး မလုပ်ဘဲ ခပ်တည်တည် ဆက်သွယ်တတ်သော လူများသည် အလုပ်လုပ်ရာတွင် အောင်မြင်ရန် ခဲယဉ်းကြောင်း ဂရုထား၍ ကြည့်ရှုမိသည်’ ဟု အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ကော်ပတ်ကုမ္ပဏီကြီးတစ်ခု၏ ညွှန်ကြားသူအဖွဲ့အစည်း ဥက္ကဌက ကျွန်ုပ်အား ပြောပြဖူးလေသည်။

‘ဝီရိယတစ်ခုတည်းသာလျှင် ကျွန်ုပ်တို့ကို အောင်မြင်ခြင်း၏ သော့ချက်ဖြစ်သည်’ ဟူသော စကားပုံဟောင်းကို ထိုဥက္ကဌကြီးသည် များစွာ မယုံကြည်ချေ။ ‘အလုပ်လုပ်ရာတွင် ရယ်လိုက် ပြုံးလိုက်နှင့် ရွှင်ရွှင်ပျပျ ဆက်သွယ်ပေါင်းသင်းကြသောကြောင့် အလုပ်ကြီးပွားလာတဲ့ လူတွေကို ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်၊ သူတို့ဟာ ကြီးပွားလည်းလာရော ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ရှုတည်တည်တွေ ဖြစ်လာကုန်ပါရော၊ ဒီတော့ သူတို့အလုပ်ဟာ ရှေးကလောက် မစည်ကားတော့ဘူး၊ မစည်ကားတော့ လုပ်ရတဲ့သူတွေကလည်း အလုပ်ထဲမှာ စိတ်မဝင်စားတော့ဘူး၊ အဲဒါနဲ့ စီးပွားပျက်ရတာပဲ’ ဟူ၍ ထိုဥက္ကဌကြီးကပင် ပြောပြဖူးလေသည်။

အခြားသောသူများက သင့်ကို ရွှင်ရွှင်ပျပျ လက်ခံစကားပြောရန် အလိုရှိခဲ့သော် အခြားသူများကိုလည်း သင်သည် ရွှင်ရွှင်ပျပျ ဆက်ဆံရပေမည်။ တနင်္ဂနွေတစ်ပတ်အတွင်း အခွင့်ရတိုင်း တစ်စုံတစ်ယောက်သောသူအား ပြုံးကာရယ်ကာ ဆက်သွယ်ပြီးလျှင် ထိုသို့ပြုံးခြင်းအတွက် မည်သည့်အကျိုးထူးများ ရရှိသည်ကို ကျွန်ုပ်၏ အတန်းထဲတွင် ပြန်လည်ပြောကြားရန် ထောင်ပေါင်းများစွာသော ကုန်သည်ကြီးငယ်တို့အား ကျွန်ုပ် မှာကြားဖူး၏။

ကျွန်ုပ်မှာကြားချက်အတိုင်း လိုက်နာဆောင်ရွက်သူတွင် မည်မျှအကျိုးထူးသည်ကို ကျွန်ုပ်တို့ ကြည့်ကြစို့။ နယူးယောက်မြို့ ကပ်အိတ်ချိန်း၏ အလုပ်သမားတစ်ဦးဖြစ်သူ ဝီလျံဘီစဆတိန်းဟတ်ထံမှ ပေးပို့လိုက်သောစာကို အောက်တွင် ဖော်ပြပါအံ့။ ထိုစာထဲတွင်ပါသော အချက်များသည် ထိုသူတစ်ဦးတည်း၏ အတွေ့အကြုံသာ ဖြစ်သည်မဟုတ်။ ရာပေါင်းများစွာသော အခြားသူများကိုလည်း ထိုအတွေ့အကြုံမျိုးကို တွေ့ရလေသည်။

ကျွန်တော် အိမ်ထောင်ကျခဲ့သည်မှာ ၁၈ နှစ်ကျော်ပါပြီ။ ထို ၁၈ နှစ်အတွင်း ကျွန်တော်၏ မိန်းမအပေါ်တွင် အလွန်ပြုံးခဲပါသည်။ အိပ်ရာမှထသည့် အချိန်ကစပြီး အလုပ်ဆင်းရန် အိမ်မှထွက်လာသည်အထိ စကားအခွန်း ၂၀ ပြည့်အောင် မပြောဖူးပါ။ ဘရော့ဒဝေးတစ်ဝိုက်မှာ ကျွန်တော်သည် မျက်နှာပေါက်အဆိုးဆုံး လူတစ်ယောက် ဖြစ်ပါသည်။

ပြုံးသည့်အလေ့အထကို စတင်လုပ်ရာတွင် တွေ့ရသော ကျွန်တော်၏ အဖြစ်အပျက်များကို ပြန်ပြောရမည်ဟူ၍ ဆရာ၏မှာကြားချက်အရ တနင်္ဂနွေ တစ်ပတ်မျှ ပြုံးသောအလေ့အထကို စမ်းကြည့်ရန် ကျွန်တော် စိတ်ကူးမိခဲ့ပါသည်။ ထိုသို့ စိတ်ကူးပြီး နောက်တစ်နေ့တွင် ကျွန်တော်သည် ဆံပင်ဖြီးနေစဉ် ကျွန်တော်၏မျက်နှာကို မှန်ထဲတွင် ကြည့်၍ ‘ဟေ့ကောင်၊ ဒီနေ့တော့ မင်းရဲ့မျက်နှာ ရှစ်ခေါက်ချိုးကြီးကို စွန့်ပစ်ရလိမ့်မည်၊ မင်း ပြုံးကွာ၊ ကဲ ပြောနေကြာတယ်၊ ခုကစပြီး ပြုံးတော့ဟေ့’ ဟု ကျွန်တော့်ကိုယ်ကို ကျွန်တော် အားပေးလျက် ရှိပါသည်။ ထိုနေ့တွင် နံနက်စာ စားကြသောအခါ ‘ခင်ရေ မင်္ဂလာ မနက်ဟေ့’ ဟု မျက်နှာချိုသွေးရင်း ကျွန်တော်ကပင် စ၍စကားပြောပါသည်။

ထိုကဲ့သို့ ပြုံးသည်ကို တွေ့ရသောအခါ ကျွန်တော်၏မိန်းမသည် အံ့အားသင့်သွားလိမ့်မည်ဟူ၍သာ ဆရာက သတိပေးလိုက်သော်လည်း ကျွန်တော်၏ ခါတိုင်းနှင့်မတူ အမူကွဲပြားခြင်းကို မြင်ရသောအခါ ကျွန်တော်၏မိန်းမသည် အံ့အားသင့်ရုံမက အတော်ပင် ထိတ်လန့်တကြား ဖြစ်၍ပင် သွားပါသည်။ ထို့ကြောင့် ရှေ့အဖို့တွင် ထိုနည်းအတိုင်း အချိုးပြင်ပါတော့မည်ဟု ကျွန်တော်၏မိန်းမကို ကတိပေးပြီး ပြင်လာခဲ့ရာ ယခုအခါ နှစ်လမျှ ရှိသွားပါပြီ။

ထိုနှစ်လအတွင်း ရှေးအခါများနှင့် မတူဘဲ ကျွန်တော်တို့မိသားစုတစ်စုမှာ ပို၍ စိတ်ချမ်းသာကြပါသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts