တုံ့ပြန်ပြောဆိုခြင်း

တုံ့ပြန်ပြောဆိုခြင်း ကို အစဉ်အမြဲ ပြုလုပ်ပါ။

စီမံခန့်ခွဲရေး အတိုင်ပင်ခံ
တုံ့ပြန်ပြောဆိုခြင်း ဟု ဆိုရာ၌ အကျိုးအကြောင်း၊ အဆိုးအကောင်း ဝေဖန်မှုပါသော တုံ့ပြန်ပြောဆိုမှု (Feedback) ကို ဆိုလိုသည်။ လူသားများအားလုံး တုံ့ပြန်စကားကို လိုလားတောင့်တကြသည်။

သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦးအား လျစ်လျူရှုကြည့်ပါ။ ပထမ သူ့ကို ဂရုစိုက်ဖို့ တောင်းဆိုမည်။ ဆက်ပြီး လျစ်လျူရှုပါက ကျကွဲသံတစ်ခုခု၊ သို့မဟုတ် အော်ငိုသံကို ကြားရပါလိမ့်မည်။ တုံ့ပြန်ပြောဆိုမှု၊ အာရုံပေးမှုသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ တုံ့ပြန်မှု မပြုသည်ထက် ပို၍ကောင်းသည်။

ဤသဘောတရားသည် ကလေးများနှင့် သာမက လူကြီးများနှင့်လည်း သက်ဆိုင်သည်။ အကျဉ်းထောင်များတွင် အရက်စက်ဆုံးသော အပြစ်ပေးသည့်ပုံစံမှာ တစ်ဦးတည်းခွဲ၍ အချုပ်ချထားခြင်း ဖြစ်သည်။ အကျဉ်းထောင် အများစုမှာ ဤအခြေအနေမျိုး မဖြစ်အောင် တစ်နည်းနည်းတော့ လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် အကျဉ်းချခံရသူ၏ အမူအကျင့်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပေးခြင်းမျိုး ဖြစ်သည်။ 

‘ အာရုံခံစားမှု ဖြတ်တောက်ထားသည့်အခန်း ’ (Sensory Deprivation Chamber) တွင် နေကြည့်ကြပါစို့။ မှောင်မည်းပြီး ပိုးအိမ်ကဲ့သို့ အခန်းမျိုး၊ ခန္ဓာကိုယ် အပူချိန်လောက်ရှိသည့် ဆားရေထဲတွင် စိတ်နေရမည်။ အခန်းအတွင်း အလင်းရောင် လုံးဝမရှိ။ မည်သည့်အသံမျှ မကြားရ။ အပန်းပြေစေရန် စီစဉ်ဖန်တီးထားသော အခန်းဖြစ်သည်။ အမှန်တကယ်တွင် ခေတ္တခဏမျှ အညောင်းအညာ ပြေသွားသည်ဟု ထင်ရသော်လည်း အချိန်ကြာမြင့်စွာ မနေနိူင်။ 

တစ်နေ့တွင် ယင်းအပန်းဖြေအခန်းတစ်ခန်းကို စောင့်ရသူသည် အလုပ်တွင် တရားမျှတမှု မရှိသည့် အကြောင်းတစ်ခုကြောင့် ဒေါပွပြီး အပြင်သို့ ထွက်သွားလေသည်။ လာရောက်အပန်းပြေသူ ဧည့်သည်တစ်ဦးမှာ SDC အခန်းထဲတွင် တစ်ဦးတည်း ပိတ်မိ၍ ကျန်ခဲ့လေသည်။ နာရီအတော်ကြာတော့မှ ကယ်ယူ၍ အပြင်သို့ ထုတ်ယူပြီး ဆေးရုံတင်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ တကယ်တော့ ထိုပုဂ္ဂိုလ်မှာ ကိုယ်ကာယအားဖြင့် ထိခိုက်မှုခံရခြင်း မဟုတ်ဘဲ အာရုံတုံ့ပြန်မှုများ ကင်းမဲ့ခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံခဲ့ရခြင်း ဖြစ်သည်။ 

မိမိ၏ အာရုံများအား ပြင်ပမှ တုံ့ပြန်မှု မရှိသောအခါ မိမိ၏ စိတ်က အာရုံတုံ့ပြန်မှုများကို ထင်ယောင်ထင်မှား အတွေးအမြင်များအဖြစ် ဖန်တီးလိုက်သည်။ ထိုအချိန်တွင် ဖြစ်ပေါ်ခံစားရသော ကယောင်ချောက်ချားဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်းများကြောင့် သာမန်လူတစ်ယောက်သည် ရူးသွပ်သွားသည်အထိ ဖြစ်သွားနိူင်သည်။ 

အလားတူပင် မိမိစီမံခန့်ခွဲမှုများအား အမြဲတစေ တုံ့ပြန်ပြောဆိုမှု ပြုလုပ်ပါ။ ဤကဲ့သို့ ထင်မြင်ယူဆချက်ပေးခြင်း၊ ဝေဖန်ပြောဆိုခြင်းများ ကဲ့သို့သော တုံ့ပြန်မှုများ မပေးပါက မိမိ၏ လက်အောက်ငယ်သားများ၏ စိတ်ထဲတွင် စိုးရိမ်မှုများ ဝင်လာမည် ဖြစ်သည်။ ဝန်ထမ်းများအား စစ်တမ်းကောက်လေ့လာချက်များအရ ‘ ယုံကြည်စိတ်ချရခြင်းနှင့် ဆက်သွယ်ရေး ’ သည် အဖွဲ့အစည်းတစ်ခု ချောမွေ့စွာ လှုပ်ရှားနိူင်ဖို့အတွက် အရေးကြီးသော အချက်များထဲတွင် ပါဝင်သည်။ 

အိမ်ထောင်စု တစ်စုအတွင်းသို့ ဝင်ကြည့်ပါဦး။ ညနေခင်း အခမ်းအနားတစ်ခုသို့ သွားရန်အတွက် ခင်ပွန်းသည်က ဇနီးအား အဆင်သင့်ပြင်ထားရန် ပြောလိုက်သည်။
“ ဒီအပေါ် အင်္ကျီက ကျွန်မနဲ့ လိုက်လား ” ဟု ဇနီးသည်က မေးသည့်အခါ – 
“ ကောင်းတယ် … ကောင်းတယ် … သွားကြစို့ ” ဟု ခင်ပွန်းက ပြန်ပြောလိုက်သည်။
“ ဒီအင်္ကျီက ကျွန်မနဲ့ သိပ်မလိုက်ပါဘူး။ လိုက်မယ့်အင်္ကျီ ရှာတော့လည်း မတွေ့ဘူး” 
လူ့သဘော သဘာဝက တစ်ခါတရံ မှန်ကန်သော ဝေဖန်မှုကိုပဲ လိုလားသည်။ စစ်မှန်သော ထင်မြင်ချက်ကို မျှော်လင့်တတ်သည်။ ဖြေသိမ့်စကား၊ အားပေးစကားဖြင့်သာ မလုံလောက်။ 

မိမိ၏ လက်အောက်ငယ်သားများအား တွန်းအားပေးဖို့ အခက်အခဲရှိနေကြသည့် မန်နေဂျာများသည် တုံ့ပြန်မှုပေးရာတွင် အားနည်းသော မန်နေဂျာများ ဖြစ်တတ်သည်။
“ ကျွန်တော်တို့ လုပ်ထားတာ ဘယ်လိုနေလဲ ”
“ အင်း … မသိသေးဘူး။ Printer ထုတ်မကြည့်ရသေးဘူး။ ဒီလကတော့ အဆင်ပြေမယ်လို့ တွက်ထားတာပဲ။ အသေအချာတော့ မသိသေးဘူး။”

ဤကဲ့သို့ မရေရာ မသေချာသော တုံ့ပြန်ဖြေဆိုမှုများကို ပေးတတ်သည့် မန်နေဂျာများမှာ မိမိတို့၏ လက်အောက်ငယ်သားများအား အောင်မြင်ရေး လမ်းကြောင်းပေါ်သို့ တက်လာဖို့ အားပေးရာတွင် အလွန်အားနည်းသော မန်နေဂျာများသာ ဖြစ်သည်။ တုံ့ပြန်ပြောဆိုမှုကို စဉ်ဆက်မပြတ် ပြုလုပ်ရမည်။ မိမိ၏ လူများထံမှ အကျိုးတရားကောင်းများ ထွက်ပါက မိမိသည်လည်း စီမံခန့်ခွဲနိူင်သူတစ်ဦး ဖြစ်မည်။ ကိုယ့်အလုပ် ကိုယ်လုပ်သူဖြစ်မည်။ တုံ့ပြန်ပြောဆိုပါက မိမိ၏ လူများသည် ယင်းတို့၏ အရည်အသွေး အမှန်ကို သိရှိနေမည် ဖြစ်သည်။ 

ရဲညွန့် (မဟာဝိဇ္ဇာ – နိူင်ဆက်) ရေးသားထားသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

Related Posts