စာဖတ်လို့ စာစီကုံးမယ် (အလယ်တန်း)

စာဖတ်လို့ စာစီကုံးမယ် (အလယ်တန်း)

အလယ်တန်းရောက်လာတဲ့ အခါ ခေါင်းစားစရာတွေ အများကြီး ပေါ်လာပါပြီ။ ကောင်မလေးချောချောလေးတွေ၊ ဘော်ဒါဘော်ကျွတ်တွေ၊ အတန်းလစ်တာတွေ၊ ဂိမ်းခိုးဆော့တာတွေ၊ ရန်ပွဲတွေ၊ အခန့်မသင့်ရင် ဆေးလိပ်တွေနဲ့ မူးယစ်ဆေးတို့ရဲ့ အန္တရာယ်တွေကလည်း ရှိပါတယ်။ အာရုံတွေ ထွေပြားလာပြီး လမ်းကြောင်းမမှားဖို့ အရမ်းကို အရေးကြီးနေတဲ့ အချိန်ပါ။ ဒါတွေကို ကာကွယ်ဖို့ အရမ်းကို ကောင်းတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ စာဖတ်ခြင်းပါပဲ။ ဒါပေမယ့် ကျောင်းသားတို့အတွက် စာဖတ်ဖို့ အချိန်ဆိုတာ ပျောက်နေပါတယ်။ မနက်စောစောထ၊ အတန်းပိုင်ကျုရှင်သွား။ ရေမိုးချိုး၊ ကျောင်းသွား။ ပြန်လာ၊ ပြီးတော့ ကျူရှင်ဆက်သွား။ ကျူရှင်က ပြန်လာ၊ တီဗီကြည့်ချင်ကြည့်၊ ဂိမ်းဆော့ချင်ဆော့၊ ပြီးရင် အိပ်။


အကို ဒါတွေကို ဖြတ်သန်းလာသူ တစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင်တော့ ဘာပြောပေးရမှန်းတောင် မသိလောက်အောင်ပါပဲ။ ဖေဖေမေမေတို့က ဆုလိုချင်ကြပါတယ်။ အဆင့် ၁ တွေ ၂ တွေ ကြားမှာ ဝါဒီတွေ ပွားနေကြပါပြီ။ အဲတော့ အတန်းပိုင်ကျုရှင် တက်ရပါပြီ။ ကျောင်းကလည်း မတက်လို့မရ။ ညနေပိုင်းကျရင်လည်း သူများတွေတက်နေကြတော့ ကိုယ်လိုက်မတက်ရင်လည်း ညံ့ရာကျသွားမယ်။ ပညာတွေပဲ ချို့တဲ့ကုန်တော့မလို၊ မတက်ရင်ပဲ ဉာဏ်ရည်ချို့တဲ့နေသလိုလိုနဲ့။ အဲဒီတော့ တက်ရပြန်ပြီ။ အားလုံးလည်း ပြီးရော ကလေးတွေမှာ လျှာထွက်နေပြီ။ စာဖတ်ဖို့ ဆိုတာဝေးရောပဲ။ ဒါတွေကို အမှန် အမှား ပြောမနေတော့ပါဘူး။ ဆုံးဖြတ်ဖို့က မေမေဖေဖေ တို့ရဲ့ တာဝန်ပါ။ ကလေးတွေက ပြုသမျှ နုကြရတာပဲ မလား။ အမှန်အတိုင်း ပြောရရင်တော့ သင့်ကလေး စာမဖတ်သေးသရွေ့ စာစီစာကုံးရေးတတ်မှာမဟုတ်သလို ဆိုးသွမ်းမှုတွေရဲ့ အညှီအဟောက်ကို ခံရဖို့ ရာနှုန်းများနေတုန်းပါပဲ။ အဲတာကိုတော့ သိထားဖို့လိုပါလိမ့်မယ်။


 အချိန်မရလည်း ကြိုးစားပြီး စာဖတ်ပါ။


စာဖတ်တဲ့သူတစ်ယောက်အတွက် စာစီစာကုံးက သက်တောင့်သက်သာဖြစ်သလောက် မဖတ်တဲ့သူအတွက်တော့ ဆေးခါးကြီးပါပဲ။
စာဖတ်တဲ့ နေရာမှာ ပြင်ပစာတွေအပြင် စံအရေးအသားတွေ ဖြစ်တဲ့ စာစီစာကုံးစာအုပ်တွေလည်း ဖတ်သင့်ပါတယ်။ တစ်နေ့ တစ်ပုဒ် မှန်မှန်ဖတ်ပေးတာတော့ အကောင်းဆုံးပါ။ ဖတ်နေရင်းနဲ့ ရင်ထဲကို မှန်သွားတဲ့ စာကြောင်းတွေ့ရင် အရောင်ကောက်ခြယ်လိုက်ပါ။ အချိန်ရသလို ရောင်စုံ စာကြောင်းလေးတွေကို ပြန်ဖတ်ပေးပါ။


တကယ်တော့ အလယ်တန်းမှာ စာစီစာကုံး ရေးဖို့ အခွင့်အရေး သိပ်မများလှပါဘူး။ စာမေးပွဲတွေမှာလည်း မေးလေ့မေးထ သိပ်မရှိပါဘူး။ ဒါကြောင့်လည်း ကလေးတွေ အရေးအသား ချို့တဲ့ကုန်ပါတယ်။ ပြိုင်ပွဲတွေ လာလုပ်ရင် ဝင်သာပြိုင်လိုက်ပါ။ ရှက်နေတာ ကြောက်နေတာ တို့ကမှ ရှက်စရာပါ။ အစွမ်းမရှိရာကျပါတယ်။ ဆုမရလည်း ဝင်သာပြိုင်ပါ။


နောက်တစ်ခု ရှိပါသေးတယ်။ ရေးနေကျ သူပဲ ရွေးခေါ်တဲ့ ပြဿနာပါ။ တစ်ခါတစ်လေ ပြိုင်ပွဲလုပ်ဖို့ အချိန်မရှိတော့တဲ့ အခါ လုပ်လေ့လုပ်ထရှိတဲ့ အရာပါ။ ဒါက ကလေးတွေရဲ့ ကြိုးစားချင်စိတ်ကို ဖျက်ဆီးတာပါပဲ။ အဲလို ကြုံရရင်တော့ ပြောင်ပြောင်တင်းတင်းပဲ ပြောလိုက်ပါ။ သားလည်း ပြိုင်ပါဦးမယ် လို့လေ။


တကယ်တော့ ပြိုင်ပွဲတွေကလည်း အရေးအသားတိုးတက်စေမယ့် အရာတွေပါ။ ဆုရသွားပြီဆိုရင်တော့ တကယ်ကို အားတက်သွားပါတယ်။ စာစီစာကုံးအတွက် အရှိန်တစ်ခုရသွားတဲ့ သဘောပါ။ အဲအတွက် မကြောက်ပါနဲ့။ ဘာလာလာ ပြိုင်သာပြိုင်ပါလို့ ပြောချင်ပါတယ်။


နောက်ဆုံးအနေနဲ့ကတော့ ညီတို့ ညီမတို့ စာဖတ်ပါ။ စာရေးပါ။ ပြိုင်ဆိုင်ပါ။ အကျိုးရလဒ်ကို အထက်တန်းကျရင်တွေ့ပါလိမ့်မယ်လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျာ။

Written by Swan Htet (HapEye.Net)

Related Posts