ဆော့ခရတ္တိ

ဆော့ခရတ္တိ ၏ အကြိုက်နှင့် အကောင်း အယူအဆ (အပိုင်း – ၁)

စာပိုဒ် (က)
ဆော့ခရတ္တိ ။     ။ 
အချင်း ကာလိကလိ၊ မည်သည့်အရာမျှပင် ရစေကာမူ နှစ်သက်သာယာစရာဖြစ်လျှင် ကောင်း၏၊ (ဝါ) ကြိုက်လျှင် ကောင်း၏ ဟု အသင် ဆိုသည်။ အသင်၏အဆိုကို ပြန်၍ စဉ်းစားပါဦး။ အကယ်၍ အသင်၏ အဆို မှန်ခဲ့သည်ရှိသော် ရှက်စရာ ကြောက်စရာ ကောင်းသောအမှုတို့ကို ပြုမိမှားကြပေတော့မည်။

(အဖန်တလဲလဲ ယားလိုက်၊ အဖန်တလဲလဲ အယားဖျောက်လိုက် နေရခြင်းသည် နှစ်သက်သာယာစရာ ဖြစ်သလော ဟု ဆော့ခရတ္တိက မေးဖူးရာ နှစ်သက်သာယာစရာဖြစ်၏ ဟု ကာလိကလိက ဇွတ်အတင်းဆိုခဲ့သောကြောင့် ဖြစ်သည်။)

ကာလိကလိ။     ။ ဆော့ခရတ္တိ၊ ထိုအယူသည် အသင်၏ အယူသာပါ။

ဆော့။     ။ ကာလိကလိ၊ နှစ်သက်သာယာစရာ ဖြစ်လျှင် ကောင်း၏၊ (ဝါ) အကြိုက်သည် အကောင်းဖြစ်၏ ဟု အသင် အကယ်ယုံနေပါသလော။

ကာ။     ။ ကျွန်ုပ် အကယ်ယုံသောကြောင့် ဆိုခြင်းပါ။

ဆော့။     ။ ကောင်းပါပြီ။ အသင် အကယ်ယုံသည်ဖြစ်လျှင် ထိုအဆိုကို ဆက်၍ ဆွေးနွေးချင်သည်။

ကာ။     ။ ဆွေးနွေးပါ။

ဆော့။     ။ ရှေးဦးစွာ အသင့်ကို ကျွန်ုပ် မေးချင်သည်။ လောက၌ အသိတရား ဟု ခေါ်သော အရာသည် ရှိပါသလော။

ကာ။     ။ ရှိသည်ပါ့။

ဆော့။     ။ ထို့ပြင် အသိတရားနှင့် ယှဉ်သော သူရသတ္တိသည် ရှိ၏ ဟု အသင် အခုနက ဆိုခဲ့သည်၊ ဟုတ်ပါသလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ ထို့ပြင် အသိတရားနှင့် သူရသတ္တိတို့သည် တစ်ခုနှင့် တစ်ခု မတူကြဟုလည်း အသင်ဆိုခဲ့သည်၊ ဟုတ်ပါသလော။

ကာ။     ။ ဟုတ်ပါသည်။ ဆိုခဲ့ပါသည်။

ဆော့။     ။ ကောင်းပြီ။ မေးချင်ပါသေးသည်။ နှစ်သက်သာယာစရာနှင့် အသိတရားတို့သည် တစ်ခုနှင့်တစ်ခု တူကြပါသလော။ တခြားစီလော။

ကာ။     ။ ဖြစ်မှ ဖြစ်ရလေ။ တခြားစီပါ၊ မဟာကဝိ ဆော့ခရတ္တိ။

ဆော့။     ။ ထို့ပြင် သူရသတ္တိနှင့် နှစ်သက်သာယာစရာတို့ကိုလည်း တစ်ခုနှင့်တစ်ခု မတူကြဟု အသင် ဆိုမည်လော။

ကာ။     ။ ဆိုမည်ပါ့။

ဆော့။     ။ ကောင်းပြီ။ အသင့်စကားတို့ကို ထောက်သော် ဤသို့ မှတ်ရတော့မည်။ နှစ်သက်သာယာစရာ ဖြစ်လျှင် ကောင်း၏၊ (ဝါ) နှစ်သက်သာယာစရာနှင့် အကောင်းတို့သည် တူကြ၏။ အသိတရားနှင့် သူရသတ္တိတို့သည် တစ်ခုနှင့် တစ်ခုလည်း မတူကြ၊ နှစ်သက်သာယာစရာနှင့်လည်း မတူကြ ဟု အာခါနိယန် ရပ်ကြီးသား ကာလိကလိက ဆိုခဲ့ပြီ ဟု မှတ်လိုက်ရတော့မည်၊ ဟုတ်ပါစ။

ကာ။     ။ မှတ်လိုက်ပါတော့။ ထိုအဆိုကို အာလောပိခိအရပ်သား ဆော့ခရတ္တိက မည်သို့ ပြောချင်ပါသနည်း။ ထိုသို့သော ဆော့ခရတ္တိ သဘောကျပါ၏လော။

ဆော့။     ။ ထိုသို့သော ဆော့ခရတ္တိက သဘောမကျပါ။ အာခါနိယန် ရပ်ကြီးသား ကာလိကလိသည် သူကိုယ်တိုင် အမှန်ကို သိလာသောအခါ သဘောကျမည် မဟုတ်ပါ။ ကောင်းပါပြီ။ မေးပါဦးမည်။ အကောင်းနှင့် အညံ့ အဆိုးတို့သည် ဆန့်ကျင်ဘက် ဖြစ်၏ ဟု အသင် ယူပါသလော။

ကာ။     ။ ယူပါသည်။

ဆော့။     ။ ကျန်းမာခြင်းနှင့် အနာရောဂါတို့သည် ဆန့်ကျင်ဘက် ဖြစ်သကဲ့သို့ အကောင်းနှင့် အညံ့အဆိုးတို့လည်း ဆန့်ကျင်ဘက် ဖြစ်သည် ဟု ဆိုလျှင် ထိုနှစ်ခုသည် တသီးတခြားစီ ရပ်တည်နေကြသော အရာများသာ ဖြစ်ကြရလိမ့်မည်။ ဆိုလိုသည်မှာ ထိုနှစ်ခုသည် လူတစ်ဦးတစ်ယောက်တွင် တစ်ချိန်တည်း၌ မရှိနိုင်၊ တစ်ချိန်တည်း၌ မချုပ်ငြိမ်းနိုင် ဟု ဆိုရလိမ့်မည်။

စာပိုဒ် (ခ)

ကာ။     ။ ဆော့ခရတ္တိ၊ ပသို့နည်း။ မည်သည့်အချက်ကို အသင် ဆိုချင်သောကြောင့်နည်း။

ဆော့။     ။ ရှင်းလာပါလိမ့်မည်။ မေးသည်ကို ဖြေပါဦး။ ကိုယ်ခန္ဓာ၌ ဖြစ်တတ်သော အရာတစ်ခုကို အသင် သတိထား၍ ကြည့်ဖူးရာသည်။ တစ်ဦးတစ်ယောက်သောသူ၏ မျက်စိ၌ မျက်စိနာစွဲကပ်နိုင်ပါသလော။

ကာ။     ။ စွဲကပ်နိုင်သည်ပါ့။

ဆော့။     ။ ထိုအခါ ထိုမျက်စိကို မျက်စိကောင်း ဟု ဆိုနိုင်ပါမည်လော။

ကာ။     ။ အဘယ်မှာ ဆိုနိုင်အံ့နည်း။

ဆော့။     ။ ကောင်းပြီ၊ မျက်စိနာပျောက်သွားလျှင် ပသို့ဆိုမည်နည်း။ မျက်စိနာ ပျောက်သွားသည်နှင့် တစ်ပြိုင်နက် မျက်စိအကောင်း သဘောပါ ပျောက်သွားပါသလော။ မျက်စိနာရော မျက်စိအကောင်းသဘောပါ ပျောက်သွားပါသလော။ မျက်စိနာရော မျက်စိအကောင်းသဘောရော တစ်ချိန်တည်း၌ ပျောက်သွားကြပါသလော။

ကာ။     ။ အဘယ်မှာ ဖြစ်နိုင်အံ့နည်း။

ဆော့။     ။ ဟုတ်သည်ပါ့၊ ဖြစ်နိုင်သည် ဟု ဆိုလျှင် ရယ်ဖွယ်ကြီးပေပါ့။

ကာ။     ။ ရယ်ဖွယ်ကြီးပါ့။

ဆော့။     ။ မျက်စိနာ ရောက်လာသောအခါ မျက်စိအကောင်းသဘောသည် ပျောက်သွားရမည်သာ။ မျက်စိနာ ပျောက်သွားသောအခါ မျက်စိ၏ အကောင်းသဘောသည် ရောက်လာရမည်သာ။ ထို့ကြောင့် အကောင်းနှင့် အညံ့အဆိုးတို့သည် တစ်လှည့်စီသာ ရှိတတ်ကြ၏ ဟု ဆိုရလိမ့်မည်။ ဆိုရမည်လော။

ကာ။     ။ သဘောကျပါသည်။ ဆိုပါ။

ဆော့။     ။ အားကောင်းခြင်းနှင့် အားနည်းခြင်းတို့သည်လည်း တစ်လှည့်စီပင် မဟုတ်ပါလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ မြန်ခြင်းနှင့် နှေးခြင်းတို့သည်လည်း ထိုသဘောအတိုင်းပင် မဟုတ်ပါလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ မြန်ခြင်းနှင့် နှေးခြင်းတို့သည်လည်း ထိုသဘောအတိုင်းပင် မဟုတ်ပါလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ ထိုနည်းတူစွာ အကောင်းနှင့် သုခတို့သည် လည်းကောင်း၊ ဆန့်ကျင်ဘက်ဖြစ်ကြသော အညံ့အဆိုးနှင့် သောကပရိဒေဝတို့သည်လည်းကောင်း ရှိသည့်အခါ၌ တစ်လှည့်စီ ရှိ၍ မရှိသည့်အခါ၌ တစ်လှည့်စီ မရှိ ဟု ဆိုရလိမ့်မည်။ ဆိုရမည်လော။

ကာ။     ။ ဆိုနိုင်ပါသည်၊ ဆိုပါ။

ဆော့။     ။ ကောင်းပြီ။ တစ်ချိန်တည်း၌ ရှိတတ်သည်လည်း ဖြစ်၍ တစ်ချိန်တည်း၌ မရှိတတ်သည်လည်း ဖြစ်သော အရာများကို အသင်တွေ့သည် ဖြစ်လျှင် ထိုအရာများသည် အကောင်းနှင့် အညံ့အဆိုးတို့ မဖြစ်နိုင် ဟု ယူရတော့မည်။ ဟုတ်ပါသလော။ အချင်းကာလိကလိ၊ အသင် စဉ်းစား၍ ဖြေပါတော့မည်။ ဟုတ်ပါသလော။ အချင်းကာလိကလိ၊ အသင် စဉ်းစား၍ ဖြေပါ။

ကာ။     ။ ကျွန်ုပ် သဘောတူပါသည်။

စာပိုဒ် (ဂ)

ဆော့။     ။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ဆိုခဲ့ကြသော စကားတို့ကို ပြန်၍ ကောက်ချင်သည်။ ဆာလောင်မွတ်သိပ်ခြင်းသည် နှစ်သက်သာယာစရာလော၊ နာကျင်စရာလော။ အသင် မည်သို့ ဆိုခဲ့ဖူးပါသနည်း။

ကာ။     ။ နာကျင်စရာ ဟု ကျွန်ုပ် ဆိုခဲ့သည်။ သို့ရာတွင် ဆာလောင်မွတ်သိပ်သောအခါ စားလိုက်ရခြင်းသည် နှစ်သက်သာယာစရာ ဖြစ်သည်။

ဆော့။     ။ ထိုသဘောကို ကျွန်ုပ်လည်း သိပါသည်။ သို့ရာတွင် ဆာလောင်မွတ်သိပ်ခြင်းကိုကား နာကျင်စရာ ဟုပင် ဆိုရလိမ့်မည်။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ ရေငတ်ခြင်းသည်လည်း နာကျင်စရာပင် မဟုတ်ပါလော။

ကာ။     ။ ဟုတ်ပါသည်၊ နာကျင်စရာပါ။

ဆော့။     ။ အလားတူသော သာဓကများကို ထုတ်ပြဖို့ လိုတော့မည် မထင်ပါ။ သဘောမှာ တောင့်တခြင်းဟူသမျှသည် နာကျင်စရာ ဖြစ်သည်၊ ဟုတ်ပါသလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ ကောင်းပြီ၊ ဆက်၍ မေးပါဦးမည်။ ရေငတ်နေခိုက် ရေသောက်ရခြင်းကို နှစ်သက်သာယာစရာ ဟု အသင် ဆိုမည်ပါ့။ ဟုတ်ပါသလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ အထက်စကားတွင် ရေငတ်ခြင်းကို နာကျင်စရာဟု အသင် ဆိုခဲ့သည်။ ဟုတ်ပါသလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ ထို့ပြင် ရေသောက်ရခြင်းကို နှစ်သက်သာယာစရာ ဟုလည်း အသင် ဆိုခဲ့သည်။ ဟုတ်ပါသလော။

ကာ။     ။ ဆိုခဲ့ပါပြီ။

ဆော့။     ။ ထိုသို့တပြီးကား၊ နှစ်သက်သာယာခြင်းကို မည်သည့်နေရာ၌ တွေ့နိုင်သနည်း။ ရေသောက်ခြင်း ပြုနေမှု၌ တွေ့ရမည် မဟုတ်ပါလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ ထို့ပြင် ရေငတ်နေသောအချိန်၌ တွေ့ရခြင်း မဟုတ်ပါလော။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ ထိုသို့ဖြစ်လျှင် နာကျင်နေသောအချိန်၌ နှစ်သက်သာယာခြင်းကို တွေ့ရခြင်း ဖြစ်သည်ဟု မဆိုနိုင်ပြီလော။

ကာ။     ။ ဆိုနိုင်သည်ပါ့။

ဆော့။     ။ ထိုသို့ဖြစ်လျှင် ဤသို့ ကောက်ရလိမ့်မည်။ ရေငတ်၍ ရေသောက်ခိုက်တွင် နာကျင်ခြင်းနှင့် နှစ်သက်သာယာခြင်းတို့သည် ရေသောက်သူ၌ တစ်ချိန်တည်းတွင် ရှိနေကြသည် ဟု ကောက်ရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရေငတ်၍ ရေသောက်နေသောသူ၌ နာကျင်ခြင်းခံစားမှုနှင့် နှစ်သက်သာယာခြင်း ခံစားမှုတို့သည် တစ်ချိန်တည်း၌ ဖြစ်ပေါ်၍ ရှိနေကြသောကြောင့် ဖြစ်သည်။ ထို ခံစားမှုနှစ်ခုသည် မည်သည့် စိတ်ပိုင်း၌ဖြစ်စေ၊ မည်သည့်ရုပ်ပိုင်း၌ပင် ဖြစ်စေ တစ်ချိန်တည်း၌ ဖြစ်ပေါ်၍ ရှိနေတတ်ကြသောကြောင့် ဖြစ်သည်။ ဟုတ်ပါသလော။

ကာ။     ။ ဟုတ်ပါသည်။

စာပိုဒ် (ဃ)

ဆော့။     ။ ကောင်းပြီ။ အကောင်းနှင့် အညံ့အဆိုးတို့သည် တစ်ချိန်တည်း၌ မရှိတတ်ကြ ဟု ဆိုခဲ့ကြပြီ။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ သို့ရာတွင် နာကျင်ခြင်း ခံစားမှု ရှိနေသောအချိန်တွင် နှစ်သက်သာယာခြင်း ခံစားမှု ရှိနေသည် ဟုလည်း ဆိုခဲ့ကြပြီ။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ ထိုသို့ဖြစ်လျှင် ဤသို့ ယူရလိမ့်မည်။ နှစ်သက်သာယာခြင်း ဖြစ်သည်ဆိုတိုင်း အကောင်းကို ရသည်မဟုတ်၊ နာကျင်ခြင်းဖြစ်သည်ဆိုတိုင်း အညံ့အဆိုးကို ရသည်မဟုတ်။ ထို့ကြောင့် နှစ်သက်သာယာစရာနှင့် အကောင်းတို့သည် မတူကြ၊ (ဝါ) အကြိုက်နှင့် အကောင်းတို့သည် မတူကြ ဟု ယူရလိမ့်မည် မဟုတ်ပါလော။ ကာလိကလိ ပသို့နည်း။

ကာ။     ။ ဆော့ခရတ္တိ ၊ အသင်သည် အဘယ်ကြောင့် ကွေ့လည်ကြောင်ပတ် ပြောနေသနည်း။ ကျွန်ုပ် သိချင်စမ်းပါဘိ၏။

ဆော့။     ။ ကာလိကလိ၊ အသင် သိပါသည်။ အသင် မသိချင်ယောင်ဆောင်နေခြင်းသည် ဘူးပေါ်သလို ပေါ်လာပါလိမ့်မည်။ အသင်၏ အပြစ်တင် လိမ္မာပါးနပ်ပုံသည်လည်း ဘူးပေါ်သလို ပေါ်လာပါလိမ့်မည်။ အချင်း ကာလိကလိ ဆက်၍ ဖြေကြည့်ပါဦး။ ရေသောက်နေခိုက်တွင် ရေငတ်သော နာကျင်ခြင်းနှင့် ရေသောက်သော နှစ်သက်သာယာခြင်းတို့သည် သောက်ရင်းသောက်ရင်း တစ်ချိန်တည်း၌ ချုပ်ငြိမ်းသွားတတ်ကြသည် မဟုတ်ပါလော။

ကာ။     ။ ဆော့ခရတ္တိ၊ မည်သည့်အချက်ကို အသင် အလိုရှိ၍ ဆိုနေပါသနည်း။ ကျွန်ုပ် မသိတော့ပါ။ ကျွန်ုပ် မဖြေချင်ပါ။

ဂေါ့ဂျိယ။     ။ အချင်း ကာလိကလိ၊ အသင် မငြင်းသင့်ပြီ။ ကျွန်ုပ်တို့ကို ထောက်ထားသောအားဖြင့် မေးသည်ကို ဖြေလိုက်ပါဘိ။ အဆိုအချေ ပြုကြမှသာ အမှန်ကို သိလာကြမည် ဖြစ်သည်။

ကာ။     ။ အချင်း ဂေါ့ဂျိယ၊ ဆော့ခရတ္တိ သည် အသေးအနုပ် မဟုတ်မဟတ် မေးခွန်းမျိုးကို တစ်မေးတည်း မေးနေချင်သူ ဖြစ်သည်။ ချက်ကောင်းကိုင်၍ သူ ချေပနိုင်သော အချက်တစ်ခုခုကို သူ ရသည်အထိ မေးနေချင်သူ ဖြစ်သည်။

ဂေါ့။     ။ အချင်း ကာလိကလိ၊ မေးပါစေ၊ မည်သို့မျှ မဖြစ်နိုင်ပါ။ သူ့အမေးကို အသင်က စောဒကတက်ဖို့ မလိုပါ။ သူ့နည်းနှင့်သူ မေးပါစေ။

ကာ။     ။ ကောင်းပါပြီ၊ ဆော့ခရတ္တိ ၊ ဂေါ့ဂျိယက မေးစေချင်နေသည်။ ထို့ကြောင့် အသင်၏ ဗုံမဟုတ် ပတ်မဟုတ် အသေးအနုပ် မေးခွန်းများကို ထုတ်ပါလော့။

ဆော့။     ။ အချင်း ကာလိကလိ၊ ကျွန်ုပ်သည် အသင့်ကို အပုံကြီး အားကျပါဘိ၏။ အောက်သက် အသေးအငယ်မှစ၍ အစဉ်အတိုင်း ကျကျနန မှန်မှန်ကန်ကန် သင်ယူခြင်း မပြုပါဘဲလျက် အကြီးအကျော်တို့ကို အသင် တတ်ပြီးမြောက်ပြီး ဖြစ်နေပြီ။ လောက၌ ထိုသို့ ဖြစ်နိုင်စရာ အကြောင်းမရှိ ဟု ကျွန်ုပ် ထင်ခဲ့မိသည်။ အသင့်အဖို့ ဖြစ်နိုင်နေသဖြင့် အသင် ကံကောင်းစွ။ သို့ရာတွင် အသင် မဖြေချင်၍ မဖြေဘဲ ထားခဲ့သော မေးခွန်းကိုပင် ကျွန်ုပ် ထပ်၍ မေးပါရစေ။ ရေသောက်နေခိုက်တွင် ရေငတ်သော နာကျင်ခြင်းနှင့် ရေသောက်သော နှစ်သက်သာယာခြင်းတို့သည် သောက်ရင်းသောက်ရင်း တစ်ချိန်တည်း၌ ချုပ်ငြိမ်းသွားကြသည် မဟုတ်ပါလော။

ကာ။     ။ ချုပ်ငြိမ်းသွားကြပါသည် ဟုသတတ်။

ဆော့။     ။ ကောင်းပါပြီ။ ထို့ပြင် ဆာလောင်မွတ်သိပ်ခြင်း ဖြစ်နေခိုက်၌လည်း ပသို့နည်း။ လိုချင်တောင့်တနေခိုက်လည်း ပသို့နည်း။ အလိုဖြည့်နေခိုက်တွင် လိုချင်တောင့်တမှု ဖြစ်သော နာကျင်ခြင်းနှင့် အလိုပြည့်လာမှု ဖြစ်သော နှစ်သက်သာယာခြင်းတို့သည် တစ်ချိန်တည်း၌ ချုပ်ငြိမ်းကြပါသလော။

ကာ။     ။ ချုပ်ငြိမ်းကြသည်ပါ့။

ဆော့။     ။ ထိုသို့ဆိုလျှင် နှစ်သက်သာယာခြင်းနှင့် နာကျင်ခြင်းတို့သည် ချုပ်ငြိမ်းသောအခါ တစ်ပြိုင်နက် ချုပ်ငြိမ်းတတ်ကြသည် ဟု ဆိုရမည်ပါ့။

ကာ။     ။ ဆိုပါ။

ဆော့။     ။ သို့ရာတွင် အကောင်းနှင့် အညံ့အဆိုးတို့ကား တစ်ချိန်တည်း၌ မချုပ်ငြိမ်းကြ ဟု ကျွန်ုပ်တို့ ဆိုခဲ့ကြပြီ။ ထိုသို့ပင် အသင်  ဆိုချင်ပါသေးသလော။

ကာ။     ။ ဆိုချင်လျက်ပင်။ အသင်က မည်သို့ ဆက်စပ်၍ ကောက်ချင်ပါသနည်း။

ဆော့။     ။ အကောင်းသည် နှစ်သက်သာယာစရာနှင့် (ဝါ) အကြိုက်နှင့် မတူဟု လည်းကောင်း၊ အညံ့အဆိုးသည် နာကျင်စရာနှင့် မတူဟု လည်းကောင်း ကောက်၍ ရပါသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်သက်သာယာခြင်း၊ နာကျင်ခြင်းတို့၏ သဘောနှင့် အကောင်း အညံ့အဆိုးတို့၏ သဘောတို့သည် တစ်မျိုးစီ ဖြစ်ရာ နှစ်သက်သာယာခြင်းနှင့် နာကျင်ခြင်း တစ်တွဲသည် တစ်ပြိုင်နက် ချုပ်ငြိမ်းတတ်ကြသည် ဖြစ်သော်လည်း အကောင်းနှင့် အညံ့အဆိုးတစ်တွဲသည် တစ်ပြိုင်နက် မချုပ်မငြိမ်းတတ်ကြသောကြောင့် ဖြစ်သည်။ ထိုအခါ နှစ်သက်သာယာခြင်းနှင့် (ဝါ) အကြိုက်နှင့် အကောင်းတို့သည် တူကြ၏ ဟု အဘယ်မှာ ဆိုနိုင်အံ့နည်း။ နာကျင်ခြင်းနှင့် အညံ့အဆိုးတို့သည် တူကြ၏ ဟု အဘယ်မှာ ဆိုနိုင်အံ့နည်း။ အသင် စဉ်းစားချင်သေးသည် ဖြစ်လျှင် ဤသဘောကို တစ်မျိုး စဉ်းစားနိုင်သေးသည်။ စဉ်းစားနိုင်ကြအောင် ကျွန်ုပ်က ဤသို့ စ၍ မေးမည်။ အဆင်းလှခြင်း ရှိသောကြောင့် အဆင်းလှသူသည် အဆင်းလှ၏ ဟု ဆိုနိုင်သကဲ့သို့ အကောင်းရှိသောကြောင့် ကောင်းသောသူသည် ကောင်း၏ ဟု ကျွန်ုပ် ဆိုချင်သည်။ အသင်ကော ဆိုမည်လော။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

# Open More Online

Related Posts