ဆော့ခရတ္တိ

ဆော့ခရတ္တိ ၏ အကြိုက်နှင့် အကောင်း အယူအဆ နိဒါန်း

အောက်ဖော်ပြပါ စာပိုဒ်များသည် ဂေါ့ဂျိယ ကထာမှပင် ဖြစ်သည်။ စကားဝိုင်းတွင် ဆိုဖီဆရာကြီး ဂေါ့ဂျိယအပြင် ဂေါ့ဂျိယ၏ တပည့်များဖြစ်ကြသော ပေါလနှင့် ကာလိကလိတို့က  တစ်ဖက်၊ ဆော့ခရတ္တိက တစ်ဖက် စကားဆိုကြသည်။ ဆော့ခရတ္တိ သည် ဆိုဖီဆရာကြီး ဂေါ့ဂျိယနှင့် ရှေးဦးစွာ စကားဆိုခဲ့သည်။ ထို့နောက် ပေါလနှင့် စကားဆိုခဲ့သည်။ ထို့နောက် ပေါလနှင့် စကားဆိုခဲ့သည်။ အောက်ပါစာပိုဒ်များတွင် ကာလိကလိနှင့် စကားဆိုသည်ကို တွေ့နိုင်ပါသည်။

လူတကာကို အုပ်စိုးချင်သောသူသည် လူကောင်းဖြစ်သင့်သည်။ လူကောင်းသည် မိမိ၏စိတ်ကို မိမိအုပ်စိုးနိုင်သောသူ ဖြစ်သည်။ မိမိကိုယ်ကို မိမိအောင်သူ အတ္တဇယပုဂ္ဂိုလ် ဖြစ်သည်။ ဆော့ခရတ္တိက ထိုသို့ဆိုရာ ကာလိကလိသည် ထိုအဆိုကို မကြိုက်ချေ။ မိမိ၏စိတ်ကို မိမိအုပ်စိုး၍ ချိုးနှိမ်ထားခြင်းသည် မသင့်၊ လူ့သဘာဝ၌ တောင့်တသောစိတ် ရှိသည်။ တောင့်တသောစိတ်ကို မချိုးနှိမ်အပ်။ တောင့်တသည်ကို ရအောင် ပြုရမည်။ တောင့်တလိုက်၊ ရအောင်ပြုလိုက် နေရခြင်းသည် ဘဝသုခ ဖြစ်သည်။ တောင့်တသည်ကို ရအောင်ပြုရခြင်းသည် ကောင်းသည်။ တောင့်တသည်ကို ရ၍ နှစ်သက်သာယာခြင်းဖြစ်လျှင် ကောင်းသည်။ ကိုယ့်အကြိုက်ဖြစ်လျှင် ကောင်းသည်။ ကာလိကလိက ထိုသို့ ပြန်၍ဆိုသည်။

ထိုအခါ ဆော့ခရတ္တိက နှစ်သက်စရာနှင့် အကောင်းသည် မတူ။ အကြိုက်နှင့် အကောင်းသည် မတူ။ နှစ်သက်ခြင်းခံရသော အရာတိုင်းသည် အကောင်းမဟုတ်။ အကြိုက်ခံရသော အရာတိုင်းသည် အကောင်းမဟုတ် ဟု ပြန်၍ ချေပသည်။ ထိုအချိန်မှစ၍ ဆော့ခရတ္တိနှင့် ကာလိကလိတို့သည် စကားဝိုင်းတွင် အဆိုအချေ ပြုကြသည်။ နှစ်သက်စရာတိုင်းသည် အကောင်းဖြစ်၏ ဟု ဆိုသော ကာလိကလိ၏ အဆိုကို ဆော့ခရတ္တိက ချေပရာတွင် (၁) လူတစ်ယောက်တွင် အကောင်းနှင့်အဆိုးတို့သည် တစ်ပြိုင်နက် မဖြစ်တတ်၊ တစ်လှည့်စီဖြစ်တတ်ကြောင်း၊ နှစ်သက်ခြင်းနှင့် နာကျင်ခြင်းတို့သည်ကား တစ်လှည့်စီမဖြစ်တတ်၊ တစ်ပြိုင်နက် ဖြစ်တတ်ကြောင်း၊ ထို့ကြောင့် နှစ်သက်စရာနှင့် အကောင်း မတူနိုင်ကြောင်း၊ (၂) နှစ်သက်ခြင်း ခံစားမှုနှင့် နာကျင်ခြင်း ခံစားမှုတို့သည် လူကောင်း၌လည်း ရှိ၍ လူညံ့လူဆိုး၌လည်း ရှိကြောင်း၊ အကယ်၍ နှစ်သက်ခြင်းခံရသော အရတိုင်းသည် အကောင်းဖြစ်လျှင် နှစ်သက်သော ပညာရှိသူနှင့် (ဝါ) နှစ်သက်သော လူကောင်းနှင့် မည်သို့မျှ မခြားကြောင်း၊ နှစ်သက်စရာနှင့် တွေ့လျှင်ဖြစ်စေ နာကျင်စရာ တွေ့လျှင်ဖြစ်စေ လူညံ့က ပို၍ နှစ်သက်ခြင်း နာကျင်ခြင်း ဖြစ်တတ်ကြောင်း၊ လူညံ့က လူကောင်းထက်ပင် သာ၍ကောင်း၏ ဟု အထင်မှားစရာ ဖြစ်ကြောင်း၊ (၃) အချို့သော နှစ်သက်စရာများသာ ကောင်း၍ အချို့သော နှစ်သက်စရာများသည် ဆိုးသဖြင့် အကောင်းအဆိုးတို့ကို ရွေးတတ်ကြအောင် ဝိဇ္ဇာ အသိတရားထူး ရှိဖို့ လိုအပ်ကြောင်းတို့ကို ဆော့ခရတ္တိက တင်ပြခဲ့သည်။

ကာလိကလိသည် ဆော့ခရတ္တိ ၏ တပည့်တစ်ဦး ဖြစ်သော်လည်း ပညာကို လိုလားလှသောကြောင့် မဟုတ်၊ ဝစနာလင်္ကာရကို တတ်ချင်သောကြောင့် ဖြစ်သည်။ ဝစနာလင်္ကာရကို တတ်ချင်သည်မှာလည်း ထောမနာသြဇာတို့ကို ရလိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ပေါလကဲ့သို့ပင် မောက်မာသည်ဟုလည်း ဆိုသည်။ စိတ်တိုတတ်၍ ဇွတ်အတင်း ပြောတတ် လုပ်တတ်သည်ဟုလည်း ဆိုသည်။ ကာလိကလိ၏ မောက်မာခြင်း၊ စိတ်တိုခြင်း၊ ဇွတ်အတင်းပြောခြင်းတို့ကို ပလေးတိုးသည် သရော်ချင်ပုံရသည်။ ထို့ကြောင့် ဆော့ခရတ္တိ၏ နှုတ်အမူအရာတွင် သရော် အပြောသဘောကို ပလေးတိုးက ထည့်ထားသည်ဟု ဆိုနိုင်ပါသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

# Open More Online

Related Posts