ဆော့ခရတ္တိ

ဆော့ခရတ္တိ ၏ ဝစနာလင်္ကာရ အယူအဆနိဒါန်း (အပိုင်း ၂)

( ဆော့ခရတ္တိ နှင့် ဆိုဖီဆရာကြီး ဂေါ့ဂျိယတို့ ပြောဆိုကြသော ဝစနာလင်္ကာရ ပညာ၏သဘောနှစ်ခုကို ပြခဲ့ပြီ။ အောက်ပါစာပိုဒ်တွင် ဆော့ခရတ္တိ နှင့် ဆိုဖီဆရာကလေး ပေါလတို့ ပြောဆိုကြသော ဝစနာလင်္ကာရ၏ သဘောအကြောင်းကို တွေ့နိုင်သည်။ ဂေါ့ဂျိယသည် ဆိုဖီဆရာပီပီ အထင်ကြီးသူ ဖြစ်သော်လည်း အသက်ကြီး၍ သိမ်မွေ့သူလည်းဖြစ်ရာ ဆော့ခရတ္တိသည် ဂေါ့ဂျိယကို ရိုသေလေးစားသည်။ ထို့ကြောင့် ဆော့ခရတ္တိ၏ နှုတ်အမူအရာတွင် သိမ်သိမ်မွေ့မွေ့ မေးမြန်းစိစစ်သော သဘောပေါ်အောင် ပလေးတိုးက ရေးခဲ့သည်ဟုဆိုသည်။ ပေါလသည် အထင်ကြီးသူလည်းဖြစ်သည်။ ပျိုသူလည်းဖြစ်သည်။ စကားပြောမောက်မာသူလည်းဖြစ်သည်။ ထို့ကြောင့် ဆော့ခရတ္တိ၏ နှုတ်အမူအရာတွင် သရော်တော်တော် မေးမြန်းစိစစ်သော သဘောပေါ်အောင် ပလေးတိုးက ရေးခဲ့သည်ဟုဆိုသည်။ အောက်ပါစာပိုဒ်တွင် ဝစနာလင်္ကာရ၏ သဘောကိုပင်ထပ်၍ ဖွင့်ဆိုထားသည်။ ဖွင့်ဆိုရာတွင် ဆော့ခရတ္တိ၏ သရော်တော်တော် အပြောသဘောကို အကဲခတ်ကြည့်နိုင်သည်။)

ပေါလ    ။    ။ ဆော့ခရတ္တိ ၊ အသင်၏အမေးကို ဂေါ့ဂျိယမဖြေနိုင်ဟု အသင်အထင်ရှိနေသည်။ ကောင်းပြီ။ အသင်၏ အမေးကိုပင် အသင့်အားပြန်၍ မေးမည်။ အသင်ဖြေပါ။ ဆော့ခရတ္တိ၊ ဝစနာလင်္ကာရဟူသည် အဘယ်နည်း။

ဆော့    ။    ။ အချင်းပေါလ၊ ဝစနာလင်္ကာရသည် မည်ကဲ့သို့သော အတတ်ပညာဖြစ်သနည်းဟု အသင်ဆိုလိုပါသလော။

ပေါ    ။    ။ ဆိုလိုသည်။ မည်ကဲ့သို့သော အတတ်ပညာနည်း။ ဖြေပါ။

ဆော့    ။    ။ မှန်သောစကားကို ကျွနု်ပ်ဆိုပါမည်။ အချင်းပေါလ၊ ဝစနာလင်္ကာရသည် မည်သည့်အတတ်ပညာမျှ မဟုတ်ပါ။ ကျွနု်ပ် ထိုသို့ပင်အယူရှိသည်။

ပေါ    ။    ။ ပသို့နည်း။ ဝစနာလင်္ကာရသည် အတတ်ပညာမဟုတ်ဟုအသင်ကဆိုလျှင် မည်ကဲ့သို့သော အရာနည်း။

ဆော့    ။    ။ ယခုတလောတွင် အသင်ရေးသောကျမ်းကို ကျွနု်ပ်ဖတ်လိုက်မိသည်။ ထိုကျမ်းတွင် အတတ်ပညာဂိုဏ်းထဲသို့ သွင်းလိုက်ပြီဟုအသင့်ရွှေဉာဏ်ဖြင့် အသင့်အလိုအတိုင်း ပြဌာန်းခဲ့သော အရာတမျိုးပါပေတည်း။

ပေါ    ။    ။ ပသို့နည်း။ ရှင်းပါအုံး။

ဆော့    ။    ။ ရှင်းပါမည်၊ အချင်းပေါလ၊ ထိုအရာသည် ကျင်လည်ခြင်းတစ်မျိုးသာပါ။

ပေါ    ။    ။ သြ၊ ဝစနာလင်္ကာရကို ကျင်လည်ခြင်းတစ်မျိုးဟု အသင်ယူထားသည်ပါ့။

ဆော့     ။    ။ ထိုသို့ပင်ယူထားသည်။ အသင်တစ်မျိုးယူချင်လျှင် ယူနိုင်ပါသည်။

ပေါ    ။    ။ ကောင်းပြီ။ မေးပါအုံးမည်။ မည်သည့်ကိစ္စ၌ ကျင်လည်ခြင်းပေနည်း။

ဆော့    ။    ။ သူတစ်ပါးကိုပျော်အောင်၊ သူတစ်ပါးသဘောကျအောင် ပြုရာမှာ ကျင်လည်ခြင်းပါ့။

ပေါ    ။    ။ ဝစနာလင်္ကာရတွင် လူခပ်သိမ်းသဘောကျအောင် ပြုလုပ်နိုင်သော သဘောရှိသည်ဟုဆိုလျှင် ဝစနာလင်္ကာရကို နူးညံ့သိမ်မွေ့သော ပညာဟု မဆိုနိုင်ပြီလော။

ဆော့    ။    ။ ပေါလ၊ လောဘမကြီးပါနှင့်။ ဝစနာလင်္ကာရ၏ သဘောကိုမျှ ကျွနု်ပ်က မဖြေရသေးခင် ဝစနာလင်္ကာရကို နူးညံ့သိမ်မွေ့သောပညာမဟုတ်နိုင်ပြီလောဟု အဘယ်ကြောင့် မေးခွန်းသစ် ထပ်၍ထုတ်သနည်း။

ပေါ    ။    ။ ဝစနာလင်္ကာရကို ကျင်လည်ခြင်းတစ်မျိုးဟု အသင်ကလည်း အဘယ်ကြောင့် ဆိုခဲ့သနည်း။

ဆော့    ။    ။ လောကြီးပြန်ပါပြီ။ အသင်သည် ဝစနာလင်္ကာရဆရာတစ်ဦးဖြစ်သည့် အားလျော်ညီစွာ သူတစ်ပါး သဘောကျအောင် ပြုထိုက်ပါသည်။ ယုတ်စွအဆုံး ကျွနု်ပ် သဘောကျအောင် အားထုတ်ပါဦး။

ပေါ    ။    ။ ကောင်းပါပြီ။

ဆော့    ။    ။ ပေါလ၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်စီရင်တတ်ခြင်းကို မည်ကဲ့သို့သော အတတ်ပညာဖြစ်သနည်းဟု ကျွနု်ပ်ကို မေးကြည့်စမ်းပါ။

ပေါ    ။    ။ ကောင်းပါပြီ။ မေးပါမည်။ ဆော့ခရတ္တိ၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်စီရင်တတ်ခြင်းသည် မည်ကဲ့သို့သော အတတ်ပညာဖြစ်သနည်း။

ဆော့    ။    ။ အချင်းပေါလ၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်စီရင်တတ်ခြင်းသည် အတတ်ပညာလုံးဝမဟုတ်ပါ။

ပေါ    ။    ။ ပသို့နည်း။ အတတ်ပညာ မဟုတ်လျှင်မည်ကဲ့သို့သော အရာနည်း။

ဆော့    ။    ။ ကျင်လည်ခြင်းတစ်မျိုးသာပါ။

ပေါ    ။    ။ သြ၊ မည်သည့်ကိစ္စမှာနည်း၊ ကျွနု်ပ်ကို ရှင်းပြပါ။

ဆော့    ။    ။ သူတစ်ပါးကိုပျော်အောင်၊ သူတစ်ပါးသဘောကျအောင် ပြုရာမှာ ကျင်လည်ခြင်းပါ။

ပေါ    ။    ။ ပသို့နည်း။ ချက်ပြုတ်စီရင်တတ်ခြင်း နှင့် ဝစနာလင်္ကာရတို့ကို တစ်မျိုးတည်းဟု အသင်က ဆိုချင်ပါသလော။

ဆော့    ။    ။ တစ်မျိုးတည်းဖြစ်၏ဟုကား မဆိုချင်ပါ။ တစ်ခုသောအလုပ်၏ အစိတ်အပိုင်းနှစ်ခုဖြစ်၏ဟု ဆိုချင်ပါသည်။

ပေါ    ။    ။ တစ်ခုသောအလုပ်ဆိုသည်မှာ မည်ကဲ့သို့သော အလုပ်နည်း ။ ဆိုပါအုံး။

ဆော့    ။    ။ အချင်းပေါလ၊ ဟုတ်မှန်သည့်အတိုင်းပြောင်ကျကျဖြေလိုက်လျှင် ရိုင်းရာကျမည်ကို စိုးရိမ်မိပါသည်။ သူ့အလုပ်ကို ကျွနု်ပ်က သရော်တော်တော်ပြောသည်ဟု ဆရာကြီး ဂေါ့ဂျိယက အထင်ရှိနေလိမ့်မည်။ ကျွနု်ပ်ဆက်၍ မဆိုချင်တော့ပါ။

ဂေါ့    ။    ။ အချင်းဆော့ခရတ္တိ၊ ကျွနု်ပ်ကို ထောက်ထားဖို့ မလိုပါ။ အစိတ်အပိုင်း တစ်ခုအဖြစ်ဖြင့် ဝစနာလင်္ကာရပါသော အလုပ်သည် မည်ကဲ့သို့သောအလုပ် ဖြစ်ပါသနည်း။ ဆိုစရာ ရှိသည်ကိုသာဆိုပါ။

ဆော့    ။    ။ ကောင်းပါပြီ အချင်းဂေါ့ဂျိယ၊ ကျွနု်ပ် ဤသို့ယူပါသည်။ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့် ဝစနာလင်္ကာရပါသော အလုပ်သည် အတတ်ပညာနည်းနာတို့က ညွှန်သည့်အတိုင်း လိုက်လုပ်၍ရသော အလုပ်မျိုးမဟုတ်ပါ။ သတ္တိရှိသော၊ အကင်းပါးသောသူအဖို့မှာ လူအမျိုးမျိုးနှင့် ဆက်ဆံရာတွင် အောင်မြင်မှုရအောင် ကောက်ကာငင်ကာ စိတ်ကူးအထူးထုတ်၍ ပြုတတ်သောအလေ့အထတစ်မျိုးဖြစ်ပါသည်။ စကားတစ်ခွန်းဖြင့် ချုပ်၍ ဆိုရမည်ဖြစ်လျှင် ကြိုက်လုံးပေးတတ်သော အလုပ်ဖြစ်၏ဟု ဆိုချင်ပါသည်။

(ဝစနာလင်္ကာရပညာ၏ သဘောသုံးခုကို ပြခဲ့ပြီ။ အောက်ပါစာပိုဒ်တွင် ဝစနာလင်္ကာရဆရာအစစ်၏ သဘောအဖွင့်တစ်ခုကို တွေ့နိုင်သည်။)

ဆော့    ။    ။ အချင်းဂေါ့ဂျိယ၊ အသင့်ထံသို့ လာ၍ ဝစနာလင်္ကာရကို သင်ယူသောသူကို ဝစနာလင်္ကာရ တတ်သူဖြစ်အောင် (ဝါ) စကားအပြောကောင်းသူဖြစ်အောင် အသင်ပြုနိူင်သည်ဟု အသင်ဆိုခဲ့သည်။

ဂေါ့    ။    ။ ဟုတ်ပါသည်။ ဆိုခဲ့ပါသည်။

ဆော့    ။    ။ ကောင်းပြီ။ အကြင်သူသည် မည်သည့်အကြောင်းကိုပင်ဖြစ်စေ သိအောင်ပြု၍ မဟုတ်ဘဲ ယုံအောင်ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်းဖြင့် ပရိသတ်ကြိုက်အောင် စကားပြောတတ်သူဖြစ်၏။ ထိုကဲ့သို့သောသူမျိုးဖြစ်လာအောင် အသင်က ပြုပေးနိူင်သည်ဟု ဆိုပါသလော။

ဂေါ့    ။    ။ ဟုတ်ပါသည်။ ထိုသို့ဆိုပါသည်။

ဆော့    ။    ။ လူမမာကျန်းမာလာအောင် ကုသရသည့်ကိစ္စ၌ ဆေးဆရာ၏စကားထက် အပြောကောင်းသူ၏စကားကို ပို၍ထက်မြက်သည်ဟု အသင်ဆိုခဲ့သည်။
(ဤဂါထာစာတမ်းတစ်နေရာ၌ ဆေးသောက်ခိုင်းသော ဆေးဆရာ၏စကားကို ငြင်းဆန်နေသောလူမမာတစ်ဦးကို ဂေါ့ဂျိယသည် အပြောကောင်းကောင်းဖြင့် ဆေးသောက်ခိုင်းရာ လူမမာဆေးသောက်ကြောင်း ဖော်ပြခဲ့သည်။)

ဂေါ့    ။    ။ ဟုတ်ပါသည်။ ခုနကပင် ဆိုခဲ့ပြီ။ အများပရိသတ်အတွက်လည်း ထက်မြင်နိူင်သည်ကို ရည်၍ဆိုခဲ့ခြင်းဖြစ်သည်။

ဆော့    ။    ။ ထိုသို့ဖြစ်လျှင် အများပရိသတ်ကို မသိနားမလည်သူတစ်စုဟု အသင်ဆိုလိုရာရောက်သည်။ အဘယ်ကြောင့်ဆိုသော် ဆေးပညာကိုသိသောသူများအဖို့မှာ ဆေးအကြောင်းအပြောကောင်းသူ၏စကားထက် ဆေးဆရာ၏စကားက ပို၍ထက်မြက်သည်ကြောင့်ဖြစ်သည်။ ပသို့နည်း။

ဂေါ့    ။    ။ ဟုတ်နိူင်ပါသည်။

ဆော့    ။    ။ ထို့ပြင် ဆေးဆရာ၏ စကားထက် ဆေးအကြောင်းအပြောကောင်းသူ၏ စကားကပို၍ ထက်မြက်သည်ဟုဆိုလျှင် ဆေးပညာကိုသိသူထက် ဆေးအကြောင်းအပြောကောင်းသူက ပို၍ထက်မြက်သည်ဟုလည်း ဆိုရာရောက်သည်။

ဂေါ့    ။    ။ ဆိုရတော့မည်ပါ့။

ဆော့    ။    ။ ထိုသို့ဆိုလျှင် အပြောကောင်းသူကိုယ်တိုင်က ဆေးဆရာမဟုတ်စေကာမူ ဆေးဆရာထက် သူကပို၍ ထက်မြက်နေသည်ပါ့။

ဂေါ့    ။    ။ ဟုတ်သည်ပါ့။

ဆော့    ။    ။ သို့ရာတွင် ဆေးဆရာမဟုတ်သူသည် ဆေးဆရာသိသောဆေးပညာကို သိမည်မဟုတ်သည်မှာ သေချာသည်။ ဟုတ်ပါသလော။

ဂေါ့    ။    ။ ဟုတ်ပါသည်။

ဆော့    ။    ။ ထို့ကြောင့် ဤသို့ကောက်ချက်ချနိူင်သည်ဟု ထင်သည်။ အကယ်၍ ဆေးဆရာထက် ဆေးအကြောင်း အပြောကောင်းသူကပို၍ ထက်မြက်သည်ဟုဆိုလျှင် မသိနားမလည်သော ပရိသတ်အဖို့မှာ သိသူထက် မသိသူကပို၍  ထက်မြက်သည်ဟု ကောက်ချက်ချရတော့မည်ကဲ့သို့ ဖြစ်နေပြီ။

ဂေါ့    ။    ။ ဟုတ်ပါသည်။ ဤကိစ္စတွင် ဤသို့ပင်ကောက်ရတော့မည်။

ဆော့    ။    ။ ဤကိစ္စတွင် ဤသို့ကောက်ရသည်ဖြစ်လျှင် အခြားအခြားသောကိစ္စများ၌လည်း ဤသို့ပင်ကောက်ရလိမ့်မည်။ အပြောကောင်းသူကသာ ပို၍ထက်မြက်သည်။ ဤသို့ကောက်ရလိမ့်မည်။ တစ်ဖန်အပြောကောင်းသူသည် (ဝါ) ဝစနာလင်္ကာရတတ်သူသည် အကယ်သိဖို့မလို၊ သူသိဖို့လိုသည်မှာ အကယ်သိသူထက် သူကပို၍သိသည်ဟုအထင်ခံရအောင် (ဝါ) အကယ်သိသူထက် သူကပို၍သိသည်ဟုအထင်ခံရအောင် ယုံကြည်ကြအောင် မသိနားမလည်သူများကိုဖျောင်းဖျသွေးဆောင်တတ်သော နည်းပရိယာယ်သာဖြစ်သည်ဟုလည်း ဆိုရပေတော့မည်။

ဂေါ့    ။    ။ ဆော့ခရတ္တိ၊ အပြောကောင်းသူသည် အခြားသောအတတ်ပညာများကို သိအောင် အားထုတ်ဖို့မလိုဘဲ ဝစနာလင်္ကာရတစ်ခုကို သိထားရုံမျှဖြင့် အခြားသောပညာရှင်များနှင့် ပခုံးချင်းယှဉ်နိူင်သည် မဟုတ်ပါလော။ ပို၍မကောင်းပြီလော။

ဆော့    ။    ။ အချင်းဂေါ့ဂျိယ၊ ဝစနာလင်္ကာရတတ်သူသည် အဆိုပါအကြောင်းကြောင့် အခြားသောပညာရှင်များထက် သာ မသာ ဟူသောအချက်ကို စိစစ်ခြင်းမပြုလိုသေးပါ။ ယခု စိစစ်နေကြသည်ကို အထောက်အကူပြုလာသောအခါကျမှသာ စိစစ်ပါမည်။ ယခုစိစစ်ချင်သော အချက်သည် ဤသို့ဖြစ်သည်။ ဝစနာလင်္ကာရတတ်သူသည် ဆေးပညာကို သိဖို့မလိုသကဲ့သို့ အခြားသောအတတ်ပညာများကို သိဖို့မလိုသကဲ့သို့ တရားရှိမှု သဒ္ဒမ္မ၊ တရားမဲ့မှု အဓမ္မတို့၏သဘောကိုလည်းကောင်း၊ အယုတ်အမြတ်သဘောကိုလည်းကောင်း၊ အကောင်းအဆိုးသဘောကို လည်းကောင်း သိဖို့မလိုဟု အသင်ဆိုလိုပါသလော။ သို့တည်းမဟုတ် ဝစနာလင်္ကာရတတ်သူသည် တရားရှိမှု သဒ္ဒမ္မ၊ တရားမဲ့မှု၊ အဓမ္မတို့၏သဘောကိုသိသူထက် သူကပို၍သိသည်ဟု အထင်ခံရအောင် သူကဲ့သို့ပင် မသိနားမလည်ကြသောသူများကို ဖျောင်းဖျသွေးဆောင်တတ်ဖို့သာ လိုသည်ဟု ဆိုချင်ပါသလော။ သို့တည်းမဟုတ် အသင့်ထံသို့လာ၍ ဝစနာလင်္ကာရပညာ သင်ယူသောတပည့်သည် အသင့်ထံသို့မလာခင်ကပင် အဆိုပါ သဒ္ဒမ္မ၊ အဓမ္မ စသောသဘောတို့ကို သိပြီးဖြစ်ရမည်လော။ သိပြီးဖြစ်မှသာ အသင့်ထံလာရမည်လော။ အကယ်၍အသစ်ရောက်လာသော တပည့်သည် ထိုသဘောတို့ကို မသိသူဖြစ်လျှင် အသင်က ထိုသဘောတို့ကို သင်မပေးဘဲနေသလော၊ အသင့်အလုပ်မဟုတ်ဟု အသင်ယူသလော။ သို့ရာတွင် ထိုသဘောတို့ကို အသင်၏တပည့်က မသိစေကာမူ သိသည်ဟုအထင်ခံရအောင် အသင်က သင်ပေးခြင်းဖြစ်သလော။ အသင်၏တပည့်သည် သူကိုယ်တိုင်က လူကောင်းမဟုတ်စေကာမူ လူကောင်းဖြစ်သည်ဟု အထင်ခံရအောင် အသင်က သင်ပေးခြင်းဖြစ်သလော။ သို့တည်းမဟုတ် အဆိုပါ သဘောတို့ကို အသင်၏တပည့်သိပြီး မဟုတ်လျှင် ဝစနာလင်္ကာရပညာကို သူ့အား သင်ပေးခြင်းငှာ မတတ်နိူင်ဟု အသင်ဆိုမည်လော။ အချင်းဂေါ့ဂျိယ၊ ဤအချက်တို့နှင့် စပ်လျဉ်း၍ အသင်မည်သို့ဆိုချင်ပါသနည်း။ ဖုံးကွယ်ထားသော တင်းတိမ်ကိုဖယ်လိုက်သကဲ့သို့ အမှောင်ကိုခွင်း၍ အလင်းကိုဆောင်စေချင်ပါသည်။ ရှင်းပြမည်ဟု အသင် ဆိုခဲ့ဖူးသည့်အတိုင်း ဝစနာလင်္ကာရ၏ တန်ခိုးဣဒ္ဓိပါဒ်အကြောင်းကို ရှင်းပြစေချင်ပါသည်။

ဂေါ့    ။    ။ ဆော့ခရတ္တိ ၊ တပည့်ဖြစ်သူသည် အသင်ဆိုခဲ့သော တရားရှိမှု သဒ္ဒမ္မ နှင့် တရားမဲ့မှု အဓမ္မတို့၏ သဘောကိုလည်းကောင်း၊ အယုတ်အမြတ်သဘောကိုလည်းကောင်း၊ အကောင်း အဆိုး သဘောကိုလည်းကောင်း သိပြီးမဟုတ်လျှင် ထိုသဘောတို့ကို ကျွနု်ပ်က သင်ပေးပါသည်။

ဆော့    ။    ။ ကောင်းလေစွ၊ ထိုသို့ဖြစ်လျှင် ရှေ့ဆက်ဖို့ မလိုတော့ပြီ။ အသင်၏ သဘောထားကို ကျွနု်ပ်ချီးကျူးပါ၏။ အသင်၏လက်ထဲတွင် ဝစနာလင်္ကာရ တတ်မြောက်လာမည့်သူသည် (ဝါ) အပြောကောင်း အဟောကောင်း ဖြစ်လာမည့်သူသည် ဤအမှုကား သဒ္ဒမ္မတည်း၊ ထိုအမှုကား အဓမ္မတည်းဟု သိပြီးသူသော်လည်း ဖြစ်ရမည်ပါ့။ မသိသေးလျှင် သိအောင် အသင့်ထံ၌ သင်ယူရမည့်သူသော်လည်း ဖြစ်ရမည်ပါ့။

ဂေါ့    ။    ။ ဟုတ်ပါသည်။

ဆော့    ။    ။ အချင်းဂေါ့ဂျိယ၊ မေးချင်ပါသေးသည်။ လက်သမားအတတ်ပညာ သိသူကို လက်သမားဟု ဆိုရမည်လော။

ဂေါ့    ။    ။ ဆိုရမည်ပါ့။

ဆော့    ။    ။ ထိုနည်းတူစွာ ဆေးပညာသိသူကိုလည်း ဆေးဆရာဟု ဆိုရမည်ပါ့။ မည်သည့်အတတ်ပညာအတွက်ပင် ဖြစ်စေကာမူ ထိုသဘောတရားအတိုင်း ဖြစ်ရလိမ့်မည်။ အကြင်သူသည် အတတ်ပညာတစ်ခုကို သိ၏။ ထိုသူသည် ထိုအတတ်ပညာဆိုင်ရာ ဂုဏ်အရည်အချင်းတို့နှင့် ပြည့်စုံသူဖြစ်ရမည်။ ဟုတ်ပါသလော။

ဂေါ့    ။    ။ ဟုတ်ပါသည်။

ဆော့    ။    ။ ထိုသဘောတရားကို လက်ခံ၍ ဆင်ခြင်သော် ဤအမှုကား သဒ္ဒမ္မဖြစ်၏ဟု သိသောသူကို တရားစောင့်တတ်သူဟု မယူထိုက်ပြီလော။

ဂေါ့    ။    ။ မယူထိုက်ဟု အဆိုသင့်ပါ။

ဆော့    ။    ။ ထိုသူသည် တရားစောင့်တတ်သူဖြစ်လျှင် ထိုသူသည် တရားရှိမှု သဒ္ဒမ္မကို ကျင့်သူဖြစ်ရလိမ့်မည်။ ထိုသို့ ယူထိုက်ပါသလော။

ဂေါ့    ။    ။ ယူထိုက်သည်ပါ့။

ဆော့    ။    ။ ထိုသို့ဆိုလျှင် အမှားအမှန်ကိစ္စကို ရှင်းပြရာ၌ အများပရိသတ်သဘောကျအောင် နှုတ်အမူအရာဖြင့် ဖျောင်းဖျသွေးဆောင်ခြင်း ပြုမူတတ်သောသူသည် (ဝါ) ဝစနာလင်္ကာရ ဆရာစစ်စစ်သည် သဒ္ဒမ္မကို အလိုရှိရလိမ့်မည်။ ဟုတ်ပါသလော။

ဂေါ့    ။    ။ ဆော့ခရတ္တိ၊ ထိုသို့ ဆိုရတော့မည်သာ။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts