ဝစနာလင်္ကာရ

ဆော့ခရတ္တိ၏ ဝစနာလင်္ကာရ အယူအဆနိဒါန်း (အပိုင်း ၁)

(စကားဝိုင်းတွင် ဝစနာလင်္ကာရ ၏ သဘောကို ရှေးဦးစွာ ဆော့ခရတ္တိက မေးသည်။ ဆိုဖီဆရာနှစ်ဦးသည် ဆော့ခရတ္တိသိလိုသော သဘောကို ရုတ်တရက် မဖြေနိုင်။ မိမိတို့ အလိုရှိရာကိုသာ ပြောကြသည်။ ထို့ကြောင့် ဆော့ခရတ္တိက ဆစ်၍ဆစ်၍ မေးပြန်သည်။ ရလာသော အဖြေတို့ကို စိစစ်ကြည့်သည်။ ပထမသော် ဆိုဖီဆရာတို့သည် သူတို့သင်ပေးလေ့ရှိသော ဝစနာလင်္ကာရကို အတတ်ပညာ အမျိုးမျိုးထက် သာလွန်မွန်မြတ်သော အတတ်ပညာဟု ခပ်ကြွားကြွားပြောနေကြသည်။ ထိုအခါ ဆော့ခရတ္တိက ရက်ကန်းပညာသည် အထည်ဖြစ်အောင် ပြုခြင်းနှင့်ဆိုင်သည်ဟုပြော၍ ဝစနာလင်္ကာရသည် မည်ကဲ့သို့သော ပြုခြင်းမျိုးနှင့် ဆိုင်သနည်းဟုမေးရာ စကားပြောခြင်းနှင့် (ဝါ) နှုတ်မှုပြုခြင်းနှင့်ဆိုင်သည်ဟု ဆိုဖီဆရာတို့က အဖြေပေးလာကြရသည်။ ထိုအခါ ဆော့ခရတ္တိက ဂဏန်းသချာၤသင်ပေးရာ၌လည်း စကားပြောရသည်မဟုတ်ပါလော၊ (ဝါ) နှုတ်မှုပြုခြင်း ပါရသည်မဟုတ်ပါလော။ နှုတ်မှုပြုခြင်းပါတိုင်းသာ ဝစနာလင်္ကာရဖြစ်လျှင် ဂဏန်းသချာၤအတတ်သည်လည်း ဝစနာလင်္ကာရ ဖြစ်မနေပြီလောဟု မေးရာ၊ နှုတ်မှုပြုခြင်းပါတိုင်းလည်း ဝစနာလင်္ကာရမဟုတ်ဟု ဆိုဖီဆရာတို့ အဖြေပေးကြရပြန်သည်။ အောက်ပါကောက်နုတ်ချက်တို့ကို ဆက်၍ဖတ်လျှင် ဝစနာလင်္ကာရ၏သဘောကို ဖွင့်ရာ၌ ကျယ်ပြန့်လာသည်ကို တွေ့နိုင်ပါသည်။)

ဆော့ ။    ။ အချင်းဂေါ့ဂျိယ၊ ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်ခြင်း၏ (ဝါ) ဝစနာလင်္ကာရ၏ သဘောအမှန်ကို အသင်ဆိုသင့်ပြီ။ အကျိုးသက်ရောက်မှုရအောင် နှုတ်မှုအပြောကိုအသုံးပြုသော အတတ်ပညာအမျိုးမျိုးရှိကြသည်တွင် ဝစနာလင်္ကာရသည် တစ်ခုသာ ဖြစ်သည်မှာ ထင်ရှားလာပြီ။ ထို့ကြောင့် ထိုအချက်ကိုလက်ခံမည်လော၊ သို့တည်းမဟုတ် ချေပလိုပါသေးသလော။

ဂေါ့ဂျိယ    ။    ။ မချေပလိုတော့ပါ၊ လက်ခံပါပြီ။

ဆော့    ။    ။ ထိုသို့ဖြစ်လျှင် ဖွဲ့ဖွဲ့နွဲ့နွဲ့ သဘောပါသော (ဝါ) ဝစနာလင်္ကာရ ပါသော နှုတ်မှုဟူသည် မည်သည့်အကြောင်းအရာနှင့် ဆိုင်ပါသနည်း။

ဂေါ့    ။    ။ အမြတ်ဆုံးဖြစ်သော အကောင်းဆုံးဖြစ်သော လူ့ကိစ္စအကြောင်းနှင့် ဆိုင်သည်။

ဆော့    ။    ။ လူ့ကိစ္စဆိုသည်မှာ ကျယ်လွန်းလှပါသည်။ အထွေထွေတွေးစရာဖြစ်နေပါသေးသည်။ အမြတ်ဆုံးဖြစ်သော၊ အကောင်းဆုံးဖြစ်သော လူ့ကိစ္စဟူသည် အဘယ်နည်း၊ တိတိကျကျ သိချင်ပါသေးသည်။ ပျော်ပျော်ပါးပါး စားရင်းသောက်ရင်း သီဆိုတတ်ကြသော သီချင်းဟောင်းတစ်ပုဒ်ကို အသင်လည်းကြားဖူးမည် ထင်သည်။ ထိုသီချင်းတွင် လူ့ဘဝအတွက် အကောင်းဆုံးဖြစ်သော လောကီဆုကြီး သုံးခုအကြောင်းကို ဖွဲ့ထားသည်။ တစ်ခုသည် ကျန်းမာခြင်းဖြစ်သည်။ နောက်တစ်ခုသည် အဆင်းလှခြင်းဖြစ်သည်။ ကျန်တစ်ခုသည်ဓနဥစ္စာဖြစ်သည်။

ဂေါ့    ။    ။ ထိုသီချင်းကို ကျွနု်ပ်လည်းကြားဖူးပါသည်။ သို့ရာတွင် ထိုသီချင်းကို အသင်ထုတ်ပြောသည်မှာ အဘယ်အကြောင်းကြောင့်နည်း။ ရှင်းပါဦး။

ဆော့    ။    ။ ရှင်းပါမည်။ သီချင်း၌ပါသော ကျန်းမာခြင်းဆုကိုလည်းကောင်း၊ အဆင်းလှခြင်းဆုကိုလည်းကောင်း၊
ဓနဥစ္စာဆုကိုလည်းကောင်းပေးတတ်သော ပုဂ္ဂိုလ်သုံးဦးသည် ယခုပင် အသင့်ထံသို့ ရောက်လာကြသည်ဆိုအံ့။ ထို့နောက် ပုဂ္ဂိုလ်တစ်ဦးက ကျွနု်ပ်အား ‘အချင်းဆော့ခရတ္တိ၊ ဂေါ့ဂျိယသည် မဟုတ်မမှန်သောစကားကို ဆိုနေသည်။ အမြတ်နိုးဆုံးဆုနှင့် ဆိုင်သောအတတ်ပညာသည် ဂေါ့ဂျိယတတ်သော ဝစနာလင်္ကာရ အတတ်ပညာမဟုတ်၊ ကျွနု်ပ်၏အတတ်ပညာသာဖြစ်သည်ဟု ဆိုအံ့။ ထိုအခါ ကျွနု်ပ်ကသူ့အား ‘အသင်ကမည်သူဖြစ်သောကြောင့် ထိုစကားကို ဆိုသနည်း’ ထိုအခါသူက ‘ကျွနု်ပ်သည်ဆေးဆရာဖြစ်သည်’ ထိုအခါကျွနု်ပ်က ‘အသင်၏ ဆေးပညာက ပေးသောဆုသည် အဘယ်ဆုမျိုး ဖြစ်သောကြောင့်နည်း။’ ထိုအခါ သူက ‘ကျန်းမာခြင်းဆုဖြစ်သောကြောင့်ပင်၊ ကျန်းမာခြင်းဆုထက် မြတ်သောဆုသည် လောက၌ မရှိပြီ ‘ ဟု သူက အဖြေပေးမည်မှာ မုချဖြစ်သည်။ ထို့နောက် ပုဂ္ဂိုလ်တစ်ဦးက ကျွနု်ပ်အား ‘အချင်းဆော့ခရတ္တိ၊ ဂေါ့ဂျိယ၏ စကားကို ကြားရသောအခါ ကျွနု်ပ်လည်း အံ့သြမိသည်၊ ကျွနု်ပ်၏ အတတ်ပညာကပေးနိုင်သောဆုထက် သာသောဆုကို ဂေါ့ဂျိယကပေးနိုင်ပါသလော’ ထိုအခါ ကျွနု်ပ်က သူ့အား ‘အသင်က မည်သူဖြစ်သောကြောင့် ထိုစကားကို ဆိုသနည်း။’ ထိုအခါသူက ‘ကျွနု်ပ်သည် အားကစားဆရာဖြစ်သည်၊ ကျွနု်ပ်၏ အတတ်ပညာဖြင့် အဆင်းလှအောင် ခွန်အားဗလနှင့်ပြည့်စုံအောင် ကျွနု်ပ်ပြုနိုင်သည်’ ဟုဆိုမည် မုချဖြစ်သည်။ ထို့နောက် ကျန်ပုဂ္ဂိုလ်က ကျွနု်ပ်ကို မေးပြန်ပါသည်။ သူ့အမူအရာတွင် မည်သူ့ကိုမျှ လူမထင်၊ ငါ တကော ကောချင်သော သဘောပါသည်ဟု ကျွနု်ပ်ထင်မိသည်။ သူက ကျွနု်ပ်အား ‘အချင်း ဆော့ခရတ္တိ၊ အမြတ်ဆုံးဖြစ်သော အကောင်းဆုံးဖြစ်သော လူ့ဘဝဆုကြီးကိုသူကသာ ပေးနိူင်သည်ဟု ဂေါ့ဂျိယက ဆိုနေပါတကား၊ ဆိုလှချေ၏တကား၊ ဂေါ့ဂျိယက မည်သူက မည်သို့ပင်ဆိုစေကာမူ ဥစ္စာဓနထက်သာသောဆုသည် လောက၌မရှိ၊ ဂေါ့ဂျိယက မည်သို့ပြန်ဖြေမည်နည်း၊ ဖြေရဲလျှင်ဖြေပါ’ ထိုအခါ ကျွနု်ပ်က သူ့အား ‘ဓနဥစ္စာကို အသင်က ပေးနိုင်ပါသလော၊ အသင်က မည်သူဖြစ်သောကြောင့်နည်း၊’ ထိုအခါသူက ‘ကျွနု်ပ်ကိုမေးသလား၊ အကျွနု်ပ်ကား အခြားမဟုတ်၊ စီးပွားရေးသမားဖြစ်သည်၊’ထိုအခါ ကျွနု်ပ်က သူ့အား ‘ကောင်းပါပြီ၊ ဥစ္စာဓနသည် လူ့ဘဝဆု အပေါင်းတွင် ခေါင်ကကဲနေသော ဆုဖြစ်သည်ဟု အသင်က ယူဆပါသလော၊’ ထိုအခါ သူက ‘ထိုသို့ မယူဆလျှင် မည်သို့ယူဆမည်နည်း၊ ပြောပါဦး’ ဟု ဆိုပေလိမ့်မည်။ ထိုအခါ ကျွနု်ပ်က သူ့အား ‘ဆရာကြီး ဂေါ့ဂျိယကမူ သူူ၏ ဝစနာလင်္ကာရပညာကသာ လူ့ဘဝဆုကြီးကို ပေးနိုင်သည်ဟု အခိုင်အမာဆိုနေသည်၊’ ထိုအခါ သူက ‘ဂေါ့ဂျိယပြောသောဆုသည် မည်ကဲ့သို့သောဆုဖြစ်သောကြောင့်နည်း၊ ဖြေပါဘိ’ ဟု ဆိုဦးမည်မှာ မုချဖြစ်သည်။ ထို့ကြောင့် အချင်း ဂေါ့ဂျိယ၊ သင့်ကို ထိုပုဂ္ဂိုလ်သုံးဦးလည်းကောင်း၊ ကျွနု်ပ်ကလည်းကောင်း အထက်ပါအတိုင်းဝိုင်း၍ မေးကြသည်ဟု အသင်ယူကြည့်ပါ။ ထို့နောက် အမြတ်ဆုံးဖြစ်သော၊ အကောင်းဆုံးဖြစ်သော လူ့ဘဝဆုကြီးဟုလည်းကောင်း၊ အသင်ကပေးနိုင်သည်ဟုလည်း အသင်ပြောသော အရာသည် မည်ကဲ့သို့သောအရာဖြစ်ကြောင်း ကျွနု်ပ်အားရှင်းပြပါဘိ။

ဂေါ့    ။    ။ ဆော့ခရတ္တိ၊ ရှင်းပြပါမည်။ ထိုအရာသည် အခြားမဟုတ်။ လူခပ်သိမ်းကို လွတ်မြောက်အောင် ပြည်ရေးပြည်ရာကိစ္စများတွင် သြဇာအာဏာရအောင် စွမ်းဆောင်နိုင်သောအရာဖြစ်သည်။

ဆော့    ။    ။ ဂေါဂျိယ၊ မည်သို့မည်ပုံ စွမ်းဆောင်နိုင်ပါသနည်း။

ဂေါ့    ။    ။ တရားရုံးများတွင် စီရင်ဆုံးဖြတ်ကြသော တရားသူကြီးပရိသတ်ကို ကိုယ့်အမှုအနိုင်ရရေးအတွက် နှုတ်မှုအပြောဖြင့် ဖျောင်းဖျသွေးဆောင်နိုင်သော စွမ်းရည်ကို ကျွနု်ပ်ဆိုလိုသည်။ ပြည်ရေးပြည်ရာကိစ္စများတွင် ကောင်စီအတွင်း၌ ဆိနိတ်လူကြီးများကိုလည်းကောင်း၊ ဥပဒေပြုအဖွဲ့အတွင်း၌ အဖွဲ့ဝင်များကိုလည်းကောင်း၊ နိုင်ငံရေးအစည်းအဝေး၌ မြို့သူမြို့သားပရိသတ်ကိုလည်းကောင်း ကိုယ်အလိုရှိရာသို့ လိုက်ပါလာကြအောင် နှုတ်မှုအပြောဖြင့် ဖျောင်းဖျ သွေးဆောင်နိုင်သော စွမ်းရည်ကို ဆိုလိုသည်။ ထိုစွမ်းရည်သာ အသင့်မှာ ရှိသည်ဖြစ်လျှင် ဆေးဆရာကိုလည်း အသင် စေလိုရာစေနိုင်သည်၊ အားကစားဆရာကိုလည်း အသင်စေလိုရာစေနိုင်သည်။ စီးပွားရေးသမားကိုလည်း သူ့အဖို့မဟုတ်ဘဲ သူတစ်ပါးအဖို့ အသင်စေလိုရာ စေနိုင်သည်။

ဆော့    ။    ။ အချင်းဂေါ့ဂျိယ၊ ယခုမှပင် ဝစနာလင်္ကာရ၏သဘောကို အသင် ထင်မြင်ယူဆထားသည့်အတိုင်း အတော်အတန် ပြည့်စုံအောင် အသင် ဖော်ထုတ်ဖွင့်ဆိုနိုင်တော့သည်။ ကောင်းပါပြီ။ အသင်ဖွင့်ဆိုသော သဘောအရသော် ဝစနာလင်္ကာရသည် တစ်ဖက်သားသဘောကျအောင် ဖျောင်းဖျသွေးဆောင်ခြင်းကို ဖန်တီးတတ်သော အရာဖြစ်သည်ဟု ဆိုရတော့မည်။ ထိုသဘောမှတစ်ပါး အခြားမရှိ။ ထိုသဘောသာ ပဓာန၊ ထိုသဘောသာအန္တိမ။ ထိုသို့ပင် ဆိုရတော့မည်။ ထိုသဘောမှတစ်ပါး အခြားသော သဘောရှိပါသေးသလော။

ဂေါ့    ။    ။ ဆော့ခရတ္တိ၊ မရှိတော့ပါ၊ ယခုဆိုခဲ့သော ဝစနာလင်္ကာရပညာ၏ သဘောအဖွင့်သည် သင့်ပါပြီ။ ဖျောင်းဖျသွေးဆောင်ခြင်းကို ဖန်တီးတတ်သော အရာသာပါ။

(ဝစနာလင်္ကာရ၏ သဘောသည် နှုတ်မှုအပြောဖြင့် ဖျောင်းဖျသွေးဆောင်သော သဘောဖြစ်၏ဟု သိခဲ့ရပြီ။ ထို့နောက် နှုတ်မှုအပြောဖြင့် ဖျောင်းဖျသွေးဆောင်ရာ၌ ဝစနာလင်္ကာရသည် သိအောင်ပြု၍ ဖျောင်းဖျသွေးဆောင်သော သဘောမဟုတ်။ ယုံကြည်လက်ခံအောင်ပြု၍ ဖျောင်းဖျသွေးဆောင်သော သဘောဖြစ်ကြောင်း အောက်ပါအတိုင်း သိနိုင်သည်။)

ဆော့    ။    ။ အချင်းဂေါ့ဂျိယ၊ နောက်တချက်မေးချင်ပါသေးသည်။ အကြောင်းအရာတစ်ခုကို ‘သိပြီးပြီ’ ဟု ဆိုတတ်ကြပါသလော။

ဂေါ့    ။    ။ ဆိုတတ်ကြသည်ပါ့။

ဆော့    ။    ။ ထို့ပြင် ‘ယုံကြည်လက်ခံပြီးပြီ’ ဟုလည်း ဆိုတတ်ကြပါသလော။

ဂေါ့    ။    ။ ဆိုတတ်ကြသည်ပါ့။

ဆော့    ။    ။ ထိုသို့ ဆိုတတ်ကြသည်ဖြစ်လျှင် ‘သိပြီးပြီ’ နှင့် ‘ယုံကြည်လက်ခံပြီးပြီ’ တို့သည် သဘောတမျိုးတည်း ဖြစ်ပါသလော။ သိခြင်း နှင့် ယုံခြင်းတို့သည် သဘောတမျိုးတည်းဖြစ်ပါသလော။

ဂေါ့    ။    ။ သဘောတမျိုးတည်းမဟုတ်ဟုယူပါသည်။

ဆော့    ။    ။ အသင်၏အယူသည် မှန်သည်ဟုဆိုနိုင်သည်။ တစ်ဦးတစ်ယောက်သောသူက အသင့်အား ‘အချင်း ဂေါ့ဂျိယ၊ အမှားကိုအမှန်ထင်၍ ယုံသောအယုံမှားဟုလည်းကောင်း၊ အမှန်ကို အမှန်မှန်းသိ၍ ယုံသောအယုံမှန်ဟုလည်းကောင်း အယုံတရားနှစ်မျိုး ရှိနိုင်ပါသလော’ ဟုမေးလျှင် ရှိသည်ဟု အသင်ဖြေလိမ့်မည်ဟုထင်သည်။ (ကျွနု်ပ်ထင်သည့်အတိုင်း မှန်သည်ဖြစ်လျှင်)ကို့ အထင်ကိုထောက်ခဲ့သောကြောင့်အသင်၏အယူမှန်သည်ဟု ကျွနု်ပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဟုတ်ပါသလော။

ဂေါ့    ။    ။ ဟုတ်ပါသည်။ ထိုသို့ပင် ကျွနု်ပ်ဖြေမည်ဖြစ်သည်။

ဆော့    ။     အချင်းဂေါ့ဂျိယ၊ မေးချင်ပါသေးသည်။ အသိတရားဟူသည် အမှန်ကို သိသောသဘောဖြစ်ရာ မသိသော အသိတရားအတုဟုလည်းကောင်း၊ သိသော အသိတရားအစစ်ဟုလည်းကောင်း နှစ်မျိုး ရှိနိုင်ပါသလော။

ဂေါ့    ။    ။ ဆော့ခရတ္တိ ၊ ထိုသို့ကား မရှိနိုင်ပါ။

ဆော့    ။    ။ ထိုသို့ဆိုလျှင် အယုံတရားနှင့် အသိတရားတို့သည် သဘောတစ်မျိုးတည်း မဟုတ်ဟူသောအဆိုသည် ခိုင်ပြီဟု ယူနိုင်ပြန်ပြီ။ ဟုတ်ပါသလော။

ဂေါ့    ။    ။ ဟုတ်ပါသည်၊ ခိုင်ပါသည်။

ဆော့    ။    ။ သို့ရာတွင် ဖျောင်းဖျသွေးဆောင်သည်ဟု ဆိုရာ၌ သိပြီးသူတို့ကိုလည်း ဖျောင်းဖျသွေးဆောင်ရသည် မဟုတ်ပါလော။ ယုံပြီးသူတို့ကိုလည်းဖျောင်းဖျသွေးဆောင်ရသည် မဟုတ်ပါလော။

ဂေါ့    ။    ။ သိပြီးသူကိုရော ယုံပြီးသူကိုပါ ဖျောင်းဖျသွေးဆောင်ရခြင်းဖြစ်ပါသည်။

ဆော့    ။    ။ ထိုသို့ဆိုလျှင် ဖျောင်းဖျသွေးဆောင်ခြင်း နှစ်မျိုးရှိသည်ဟုမယူနိုင်ပြီလော။ တစ်မျိုးသည် အမှန်ကိုသိအောင်မပြုဘဲ ယုံအောင်ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်း ဖြစ်နိုင်သည်။ ဟုတ်ပါသလော။

ဂေါ့    ။    ။ ဟုတ်သည်ပါ့။

ဆော့    ။    ။ ထိုသို့ဆိုလျှင် တရားရုံးများ၌လည်းကောင်း၊ ပရိသတ်အစည်းအဝေးများ၌လည်းကောင်း အမှားအမှန်ကိစ္စကို ပြောဆိုကြသောအခါ ဝစနာလင်္ကာရသည် မည်သို့သော ဖျောင်းဖျသွေးဆောင်ခြင်းမျိုးကို ဖန်တီးပါသနည်း။ ယုံအောင်ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်းမျိုးလော။ အမှန်ကိုသိအောင်ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်းမျိုးလော။

ဂေါ့    ။    ။ ဆော့ခရတ္တိ၊ ယုံအောင်ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်းမျိုးပါ။

ဆော့    ။    ။ ထိုသို့ဆိုလျှင် အမှားအမှန်ကိစ္စကို ပြောဆိုကြရာ၌ ဝစနာလင်္ကာရသည် အမှန်ကို သိအောင်ညွှန်ပြ၍ ဝစနာလင်္ကာရသည် အမှန်ကို သိအောင်ညွှန်ပြ၍ ဖျောင်းဖျသွေးဆောင်သောအရာမဟုတ်၊ ယုံအောင်ပြ၍ ဖျောင်းဖျသွေးဆောင်သော အရာဖြစ်၏ဟု ဆိုရတော့မည်။ ဟုတ်ပါသလော။

ဂေါ့    ။    ။ ထိုသို့ပင်ဆိုပါ။

ဆော့    ။    ။ ထို့ပြင် ဝစနာလင်္ကာရသည် အမှားအမှန်ကိစ္စကို ပြောဆိုရာတွင် တရားရုံးကိုသော်လည်းကောင်း၊ ပရိသတ်အစည်းအဝေးကိုသော်လည်းကောင်း အမှန်သိအောင် ပြုသူ မဟုတ်၊ ယုံအောင်ပြုသူသာ ဖြစ်၏ဟုလည်း ဆိုရတော့မည်။ အဘယ်ကြောင့်ဆိုသော် ထိုမျှတိုတောင်းလှသော အချိန်အတွင်း၌ အမှန်သိအောင် ပြုခြင်းငှာ တတ်နိုင်စရာအကြောင်း မရှိဟု ကျွနု်ပ်ယူဆသောကြောင့် ဖြစ်သည်။

ဂေါ့    ။    ။ ဆော့ခရတ္တိ၊ သင်၏ အယူအဆသင့်လှပါပေသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts