67b

ဆော့ခရတ္တိ၏ ဝါသနာ (အပိုင်း – ၁) (ပလေးတိုး နိဒါန်း )

ဆော့ခရတ္တိ၏ ဝါသနာ (အပိုင်း – ၁) (ပလေးတိုး နိဒါန်း )~~~~
နိဒါန်း

ဖော်ပြလတ္တံ့သော စာပိုဒ်များသည် ပလေးတိုး၏ ဖီဒရ ကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်ကြသည်။ ဖီဒရကထာဟု အမည်ပေးသည်မှာ ဆော့ခရတ္တိ၏မိတ်ဆွေ ဖီဒရကို အကြောင်းပြု၍ ရေးခဲ့သောကြောင့် ဖြစ်သည်။ ဖီဒရတို့ခေတ်သည် အက်သင်းမြို့တွင် သင်ကြားနေကြသော ပညာအပေါင်းတွင် စကားပြောပညာ(ဝါ) ဝစနာလင်္ကာရပညာ အလွန် တာစားသောခေတ်ဖြစ်သည်။ ပွဲကျအောင်၊ တစ်ဆိတ်ကိုတစ်အိတ် ဖြစ်အောင်၊ မဟုတ်သည်ကို အဟုတ်ဟု ထင်လာကြအောင် ယုတ္တိမျိုးစုံ၊ အလင်္ကာ အဆင်တန်ဆာမျိုးစုံတို့ဖြင့် ပါးပါးနပ်နပ် ဆန်းဆန်းကြယ်ကြယ် ပြောတတ်လျှင် အမှုကိစ္စ အောင်တတ်သောကြောင့်  ဖြစ်သည်။ ဆော့ခရတ္တိသည် ထိုပညာမျိုးကို မကြိုက်သူ ဖြစ်သည်။ ဖီဒရသည် ဝစနာလင်္ကာရပညာကို အလွန်အထင်ကြီးသူဖြစ်၍ ဝါစနာလင်္ကာ စာရေးဆရာတစ်ဦး ဖြစ်သော လိဆိအဲ့ကို အလွန်ကြည်ညိုသူ ဖြစ်သည်။ အက်သင်းမြို့သို့ လိဆိအဲ့ ရောက်လာသောအခါ လိဆိအဲ့တည်းခိုရာအိမ်သို့ သွား၍ လိဆိအဲ့နှင့် ပြောဆို ဆွေးနွေးသည်။ ထို့နောက် အပြန်လမ်းတွင် ဆော့ခရတ္တိနှင့် တွေ့ဆုံ၍ ဆော့ခရတ္တိ၏ မေတ္တာရပ်ခံချက်အရ ဝါစနာလင်္ကာစာရေးဆရာ လိဆိအဲ့ ကြံကြံဖန်ဖန် ရေးထားသော ဝစနာလင်္ကာရစာတမ်း အဆန်းအသစ် ဝမ်းတစ်ပုဒ်အကြောင်းကို ဂုဏ်တင်၍ ဆော့ခရတ္တိအား ပြောပြသည်။ ထိုမှစ၍ ဆော့ခရတ္တိနှင့် ဖီဒရတို့သည် ထိုစာတမ်းကို အခြေခံလျက် ဆွေးနွေးကြသည်။

အောက်ပါစာပိုဒ်များသည် ဆွေးနွေးခန်းသို့ မရောက်ခင် ပြောဆိုကြသော ပလ္လင်ခံစကားမျှသာ ဖြစ်သည်။ သို့ရာတွင် ထိုပလ္လင်ခံစကားတွင် ဆော့ခရတ္တိ၏ ဝါသနာကို တွေ့နိုင်သည်။ ထို့ပြင် ပလေးတိုး၏ အက်သင်းမြို့ဝန်းကျင် မြိုင်ဘွဲ့ကိုလည်း တွေ့နိုင်သည်။ ဝါစနာလင်္ကာဆရာအကြောင်းကို ပလေးတိုးက ဟာသနှော၍ သရော်တော်တော် ရေးထားသည်ကိုလည်း တွေ့နိုင်သည်။

စာပိုဒ် (က)

ဆော့ခရတ္တိ။  ။ အချင်း အဆွေကောင်း ဖီဒရ၊ အသင်သည် အဘယ်အရပ်မှ လာ၍ အဘယ်အရပ်သို့ သွားမည်ပြုပါသနည်း။

ဖီဒရ။  ။ ဆော့ခရတ္တိ၊ ဆိလဖ၏သား လိဆိအဲ့ထံမှ လာပါသည်၊ ယခု မြို့ပြင်တောစခန်းသို့ လမ်းလျှောက်ထွက်မည် ကြံစည်ပါသည်။ ကျွန်ုပ်သည် လိဆိအဲ့၏ အိပ်ခန်းတွင် တစ်မနက်လုံး ထိုင်ခဲ့သည်။ အကုမိနကို အသင်လည်းသိသည်၊ သူလည်း ကျွန်ုပ်နှင့် အတူရှိသည်၊ ကျောင်းသင်ခန်းထဲမှ အောင်းနေရသည်ထက် လဟာပြင်သို့ထွက်၍ လမ်းလျှောက်ရသည်က ပိုကောင်းသည်၊ လန်းလန်းဆန်းဆန်း ရှိသည်ဟု သူက ပြောလိုက်သည်။

ဆော့။  ။ ဟုတ်လှပါပေသည်၊ လိဆိအဲ့သည် အက်သင်းမြို့တွင် ယခု ရောက်နေသည်ပေါ့။

ဖီ။  ။ ရောက်နေပါသည်၊ မော်ရိခ၏အိမ်တွင် အက်ပိခရတ္တိနှင့်အတူ တည်းခိုနေပါသည်၊ မော်ရိခ၏အိမ်ကို အသင်သိပါသလော၊ နတ်မင်းကြီးဇု၏ နတ်ကွန်းအနီးကအိမ် ဖြစ်သည်။

ဆော့။  ။ ဖီဒရ၊ လိဆိအဲ့သည် အသင့်အား အဘယ်စကားကို ပြောဟောလိုက်ပါသနည်း၊ အသင် သဘောကျပါ၏လော၊ အကြောင်းတစ်ခုခုကို လိဆိအဲ့ ပြောဟောလိမ့်မည်ဟု ကျွန်ုပ် ထင်သည်။

ဖီ။  ။ ပြောပါသည်၊ ကျွန်ုပ် လမ်းလျှောက်ရာသို့သာ အသင်လိုက်နိုင်လျှင် အသင် ကြားရပါလိမ့်မည်။

ဆော့။  ။ ဖီဒရ၊ အသင်တို့ ပြောဟောကြသော စကားကို ကျွနု်ပ်ကြားချင်လှပါသည်၊ တရားနာရသောအလုပ်သည် ‘အလုပ်တကာတို့ထက် မြတ်သော အလုပ်’ ဖြစ်၏ဟု စာဆို ပင်ဒါက ဆိုခဲ့သည် မဟုတ်ပါလော။

စာပိုဒ် (ခ)

ဖီ။  ။ လမ်းလျှောက်ကြရအောင်။

ဆော့။  ။ အသင်ကလည်း ပြောပြမည် မဟုတ်ပါလော။

ဖီ။  ။ ဆော့ခရတ္တိ၊ ကျွန်ုပ် ပြောပြရမည့် အကြောင်းသည် အသင် ပြောဟောဖူးသော အကြောင်းမျိုးပင် ဖြစ်သည်၊ မေတ္တာ၏ သဘောအကြောင်း ဖြစ်သည်၊ အရပ်ကြိုက် ပေါ်ပင်အကြောင်း ဖြစ်သည်။ ယခုတလောတွင် လိဆိအဲ့သည် မေတ္တာရှိသူမဟုတ်သောသူက မေတ္တာစကားဖြင့် ပိုးလားပန်းလားလုပ်လာသဖြင့် မတွေးတတ် မကြံတတ် အကျပ်ကြုံနေရသော လုလင်ပျိုလူချောလူလှ တစ်ယောက်အကြောင်းကို စာတမ်းတစ်ပုဒ်ဖြစ်အောင် ရေးသည်။ ထိုစာတမ်း၏ လိုရင်းအချက်သည် မေတ္တာရှိသူကို လက်ခံရခြင်းထက် မေတ္တာရှိသူမဟုတ်သောသူကို လက်ခံရသည်က သာ၍ကောင်းသည်ဟူသော အချက်ဖြစ်သည်။ ထိုအချက်ကို ပရိသတ်အတွက် နှစ်သက်လက်ခံစရာဖြစ်လာအောင် အာဝဇ္ဇန်း ခပ်ဝေဝေ လက်တန်းဉာဏ် ခပ်ပွေပွေဖြင့် လိဆိအဲ့က တင်ပြထားသည်။

ဆော့။  ။ ရွေ့၊ လိဆိအဲ့သည် ချီးကျူးစရာပါပေ၊ ထိုသို့သာ တင်ပြတတ်သည်ဖြစ်လျှင် ကျွန်ုပ်သည် ဝါစနာလင်္ကာ စာရေးဆရာ လိဆိအဲ့အား သူကြွယ်ထက် သူဆင်းရဲအကြောင်းကို အသားပိုပေး၍ ရေးစေချင်သေးသည်။ ပျိုမျစ်သူထက် ဇရာအိုအကြောင်းကို အသားပိုပေး၍ ရေးစေချင်သေးသည်။ ထိုသို့သာ ရေးမည်ဆိုလျှင် ကျွန်ုပ်၏ဘဝအကြောင်းလည်း ပါလာနိုင်၍ လူများစု၏ ဘဝအကြောင်းလည်း ပါလာနိုင်မည် ဖြစ်သည်။ လူဆင်းရဲလူမွဲအကြောင်း၊ ဇရာအိုအကြောင်း အကောင်းရေးသော စာတမ်းမျိုးသည် အသစ်အဆန်း စိတ်ချမ်းမြေ့စရာ ဖြစ်မည်။ လူခပ်သိမ်းကို အကျိုးပြုသည်လည်း မည်ပေလိမ့်မည်။ ကောင်းပါပြီ။ လိဆိအဲ့ တင်ပြသည်ဆိုသော အချက်ကို ကျွန်ုပ် နာချင်လှပါပြီ။ အချင်း ဖီဒရ၊ သူ့စာကိုသာ နာရသည်ဖြစ်လျှင် အသင်နှင့်အတူ ငါးမိုင်လောက်ဝေးသော မီဂရမြို့အထိ ခြေကျင်လျှောက်ရစေကာမူ ကျွန်ုပ်လိုက်မည်။ မီဂရမြို့မှာ မနားဘဲ ချက်ချင်းပင် ခြေကျင်ပြန်လာစေကာမူ ကျွန်ုပ်လိုက်မည်။

ဖီ။  ။ လူကောင်း ဆော့ခရတ္တိ၊ အသင် ပသို့ဆိုလိုက်သနည်း။ လိဆိအဲ့သည် ဤခေတ်ထဲတွင် အတုမရှိသော ဝါစနာလင်္ကာ စာရေးဆရာ ဖြစ်သည်။ ထိုစာတမ်းကို သီကုံးဖွဲ့နွဲ့ရာတွင် ကြာမြင့်စွာ အချိန်ယူ၍ သဒ္ဒါလင်္ကာရ စကားတန်ဆာ အမျိုးမျိုး၊ အတ္ထာလင်္ကာရ အနက်တန်ဆာအမျိုးမျိုး ဆင်လျက် သီကုံးဖွဲ့နွဲ့ထားခြင်း ဖြစ်သည်။ အကျွန်ုပ်မှာမူကား အကျက်အမှတ်နှင့် ဝေးနေသော လူသာမန်မျှသာ ဖြစ်ရာ ထိုမျှလောက် ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသော စာတမ်းပါ စကားအညွန့်အဖူး ကွန့်မြူးထားသည်တို့ကို အကျွန်ုပ်သည် အဘယ်မှာလျှင် အကုန်အစင် ပြန်ပြောနိုင်ပါအံ့နည်း။

ဆော့။  ။ အချင်းဖီဒရေ၊ ကျွန်ုပ်သိပါပြီ။ ကျွန်ုပ်အကြောင်းကို ကျွန်ုပ်သိသလောက် အသင့်အကြောင်းကိုလည်း ကျွန်ုပ်သိသည် ထင်သည်။ ကျွန်ုပ် တွေးကြည့်လျှင် မှန်တတ်သည်။ ဧကန္တ ဖီဒရဆိုသူအား လိဆိအဲ့က ထိုစာတမ်းကို တစ်ကြိမ်မက နှစ်ကြိမ်မက အကြိမ်ကြိမ်ဖတ်ပြပြီးလေပြီ။ ဖီဒရက ကြားပါရစေဦးဟု ထပ်ကာထပ်ကာ တောင်းပန်သဖြင့် လိဆိအဲ့သည် ဖီဒရ၏ အလိုကို ဖြည့်ခဲ့ပြီးလေပြီ။ သို့ပါသော်လည်း ဖီဒရခမျာမှာ ကြိုက်လွန်လွန်း၍ အားမရနိုင်ဖြစ်ခဲ့ရာ နောက်ဆုံးတွင် ဖီဒရသည် စာခွေကို တောင်းယူ၍ သဘောရှိဖတ်ခဲ့ပြီးလေပြီ။ ထို့ကြောင့် သူ့ခမျာ တစ်မနက်လုံး ထိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ခါးညောင်းလာသဖြင့် လမ်းလျှောက်ရန် သူ ထွက်လာသည်။ ထိုစာတမ်းသည် အဆမတန်ရှည်လွန်းသည် မဟုတ်လျှင် စာတစ်ပုဒ်လုံး အစအဆုံး အာဂုံဆောင်နိုင်သည်အထိ ကျက်ရင်း လမ်းလျှောက်ရန် မြို့ပြင်သို့ သူ ထွက်လာခြင်း ဖြစ်သည်။ မြို့ပြင်သို့ ရောက်သောအခါ သူကဲ့သို့ပင် အလွန်စာနာချင်သော သူတစ်ဦးကို သူတွေ့၍ သူ ဝမ်းသာအားရ ဖြစ်သည်။ ‘စာရူး ရူးဖော်ရူးဖက်တစ်ဦးကို ငါတွေ့ပြီ’ဟု သူ့မှာ အကြံဖြစ်လာသည်။ ထိုအခါ ဖီဒရသည် သူနှင့်အတူ လမ်းလျှောက်ရန် ထိုသူကို ခေါ်ပါလေတော့သည်။ သို့ရာတွင် ထိုစာရူးက စာတမ်းပါအချက်တို့ကို ပြောပြပါဟု တောင်းပန်သောအခါ ဖီဒရသည် ဈေးကိုင်ချင်သလိုလို ပြုလာ၍ ဟန်တစ်လုံး ပန်တစ်လုံး ထုတ်ကာ ‘အဘယ်မှာ ပြောနိုင်အံ့နည်း’ဟု ဆိုလိုက်သည်။ သို့ပါသော်လည်း ထိုစာရူးသည် ဖီဒရ၏ စကားကို လက်မခံ။ ယခုချက်ချင်းသော်လည်းကောင်း၊ မကြာခင်သော်လည်းကောင်း ဖီဒရကို အနိုင်ကျင့်၍ အပြောခိုင်းတော့မည် ဖြစ်သည်။ ထို့ကြောင့် အချင်း အဆွေကောင်း ဖီဒရ၊ အသင်သည် ထိုစာရူးအား အနိုင်ကျင့်ခွင့် ပေးသည်ဖြစ်စေ၊ မပေးဘဲနေသည်ဖြစ်စေ သူ မကြာခင် အနိုင်ကျင့်၍ အပြောခိုင်းတော့မည့်အမှုကို ယခုချက်ချင်းပင် သူ့အား ပြုခွင့်ပေးလိုက်ပါတော့ဟု ကျွန်ုပ်က ဆိုချင်ပါသည် ဟူလို။

ဖီ။  ။ သြ၊ ထိုမျှလောက်ပေလော။ ကောင်းပါပြီ။ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ကျွန်ုပ် အားထုတ်၍ ပြောပြပါတော့မည်။

ဆော့။  ။ ရွေ့၊ အသင်၏စကားသည် ရဲရဲတောက် စကားပါပေ။

ဖီ။  ။ သို့ရာတွင် ဆော့ခရတ္တိ။ ကျွန်ုပ်ကို ယုံပါဘိ။ ကျွန်ုပ်သည် ထိုစာတမ်းကို အာဂုံဆောင်နိုင်အောင် အလွတ်ကျက်ခဲ့ခြင်း မရှိပါ။ အလွတ်ကျက်သည်မှာ အမှန်ပါ။ ထို့ကြောင့် အလွတ်မရပါ။ သို့ပါသော်လည်း လိဆိအဲ့ဆိုသမျှ၏ လိုရင်းသဘောကိုကား ကျွန်ုပ်သိပါသည်။ မေတ္တာရှိသူနှင့် မေတ္တာရှိသူ မဟုတ်သောသူတို့ မတူကြပုံ အချက်အလက် အချက်အလက် အကျဉ်းချုပ်ကို ကျွန်ုပ် ပြောပြပါမည်။ အစကစ၍ ပြောပါမည်။

ဆော့ခရတ္တိ၏ ဝါသနာ (အပိုင်း – ၁) (ပလေးတိုး နိဒါန်း )

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts