89

တစ်ဖက်သား အကူအညီရစေသောနည်း (အပိုင်း – ၂)

တစ်ဖက်သား အကူအညီရစေသောနည်း (အပိုင်း – ၂) ~~~~
အမေရိကန်သမ္မတ သီအိုဒိုးရုစဗဲ့သည် နယူးယောက်မြို့ အုပ်ချုပ်သူဘဝက အတော်မှတ်သားလောက်သော ကိစ္စများကို လုပ်ခဲ့ဖူး၏။ နိုင်ငံရေးတွင် အရာရောက်သောသူများ အလွန်အမင်း မနှစ်သက်သော ဥပဒေများကို ပြုလုပ်ခဲ့သော်လည်း ထိုလူများနှင့်လည်း သင့်အောင်ပေါင်းလျက်ရှိ၏။

ထိုကဲ့သို့ဖြစ်အောင် အောက်ပါအတိုင်း ပြုလုပ်ခဲ့လေသည်။ အရေးကြီးသော ရာထူးတစ်ခု လစ်လပ်လျက်ရှိသောအခါ အဆိုပါနိုင်ငံရေးတွင် အရာရောက်သော လူကြီးများကို ဖိတ်ခေါ်ပြီးနောက် ထိုရာထူးအတွက် သူတို့ သဘောကျသော လူတစ်ယောက်ယောက်ကို ထောက်ခံကြပါဟု တောင်းပန်၏။

ထို့နောက် ရုစဗဲ့သည် အောက်ပါအတိုင်း ပြုလုပ်ခဲ့လေသည်။ ထိုလူကြီးများ ရှေးဦးစွာ ထောက်ခံသောသူသည် ဆင်းရဲနွမ်းပါးနေသဖြင့် ကြည့်ရှုထားရမည်ဖြစ်သော သူတို့ဂိုဏ်းသားတစ်ဦးပင် ဖြစ်လေသည်။ ထိုအခါ ‘ဒီလူမျိုးကိုခန့်လျှင် နည်းလမ်းမကျ၍ မြို့သူမြို့သားများက ကြိုက်မှာမဟုတ်ဘူး’ ဟု ကျွန်ုပ်က ပြောလေသည်။

ထိုအခါ လူကြီးများသည် သူတို့ဂိုဏ်းသားဖြစ်သော အခြားလူတစ်ဦးကို ထောက်ခံကြပြန်သည်။ ထိုလူသည် ရာထူးတစ်ခုခုရရန်အတွက် အမြဲကြိုးစားနေသောသူ ဖြစ်၍ သူ့အပေါ်တွင် အပြစ်လည်း များများပြစရာမရှိ။ ချီးမွမ်းစရာ စွမ်းရည်သတ္တိများလည်း များများမရှိချေ။ ထိုအခါ ထိုလူသည် မြို့သူမြို့သားများ မျှော်လင့်လျက်ရှိသော အရည်အချင်းနှင့် ကောင်းစွာ မပြည့်စုံသေးသောကြောင့် ထိုသူ့ထက်သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးကို ရှာနိုင်လျှင်ရှာပါဦးဟု ကျွန်ုပ်က ပြောပြန်သည်။

တတိယအကြိမ် သူတို့ထောက်ခံသောသူမှာ သင့်သည်ဟု ဆိုရုံသာ ရှိပေသည်။ သို့ရာတွင် ကျေနပ်စရာမရှိသေး။ ကျွန်ုပ်သည် ထိုလူကြီးများအား ဤကဲ့သို့ ဒုက္ခခံ၍ ကူညီချင်သောကြောင့် ကျေးဇူးတင်ရှိကြောင်း၊ တတ်နိုင်ပါလျှင် အသင့်တော်ဆုံးလူကို စတုတ္ထအကြိမ် ထပ်၍ ရှာပေးပါဦးဟု တောင်းပန်လေသည်။ စတုတ္ထအကြိမ် သူတို့ထောက်ခံသော သူမှာ ကျွန်ုပ် လက်ခံနိုင်သောသူ ဖြစ်လေပြီ။ ကျွန်ုပ်ကိုယ်တိုင် ရွေးရလျှင်လည်း ထိုလူမျိုးကိုပင် ရွေးချယ်မည်ဖြစ်၏။ သူတို့၏ ကူညီခြင်းအတွက် ကျေးဇူးတင်ကြောင်းကို ထိုလူကြီးများအား ပြောပြပြီးလျှင် သူတို့ ထောက်ခံသောလူကို ကျွန်ုပ်ခန့်လိုက်၏။ သို့ရာတွင် ဤလူကို ခန့်သည့်အတွက် ဂုဏ်ယူစရာရှိသရွေ့ကို ထိုလူကြီးများအား ယူစေ၏။ ထို့နောက် ထိုလူကို ခန့်ခြင်းသည် လူကြီးများအလိုရှိသော ကိစ္စကို ဆောင်ရွက်ချင်သောကြောင့် ခန့်ရခြင်း ဖြစ်သဖြင့် ကျွန်ုပ် အလိုရှိသောကိစ္စများတွင်လည်း လူကြီးများက ဝိုင်းဝန်း၍ ကူညီစေချင်ကြောင်းကို ပြောပြလေသည်။

လူကြီးများသည် ရုစဗဲ့ ပြောသည့်အတိုင်း ကူညီ၏။ မည်ကဲ့သို့ ကူညီသနည်းဆိုသော နိုင်ငံ့ဝန်ထမ်းများ ဥပဒေကြမ်းနှင့် မဲမေးခွန်း ဥပဒေကြမ်း စသည်တို့ကိုပင် သူတို့သည် ဝိုင်း၍ ထောက်ခံကြ၏။

ရုစဗဲ့သည် တစ်ဖက်သားအကြံဉာဏ်ကို ရရှိရန်အတွက် မည်မျှကြိုးစားပုံနှင့် တစ်ဖက်သား၏ အကြံဉာဏ်ကို မည်မျှရိုသေပုံကို ကောင်းစွာမှတ်ထားပါ။ အရေးကြီးသော ရာထူးတစ်ခုအတွက် ခန့်ထားရန် လိုသောအခါ ခန့်ထားခြင်းခံရသောသူမှာ ရွေးချယ်သောသူ ဖြစ်သည်။ အကြံဉာဏ်မှာလည်း လူကြီးများ၏ အကြံဉာဏ်ဖြစ်သည်ဟု ထိုလူကြီးများကို အထင်ရောက်စေ၏။

စကော့လူမျိုးတစ်ဦးနှင့် သူ၏မိန်းမကို မော်တော်ကားတစ်စင်းရောင်းရန်အတွက် လောင်းအိုင်လန်အရပ်ရှိ မော်တော်ကားရောင်းသမားတစ်ဦးသည် ဤနည်းကိုပင် အသုံးပြုခဲ့ဖူးလေသည်။ ကားရောင်းသမားသည် စကော့လူမျိုးကို ကားတစ်စီးပြီးလျှင် တစ်စီးပြသလျက်ရှိလေသည်။ သို့ရာတွင် ဒီကားနဲ့ မတော်ပါဘူး၊ ဟိုကားကတော့ ညံ့နေတယ်၊ ဒီဟာကျတော့ ဈေးများနေသည် အစရှိသဖြင့် အမျိုးမျိုး ငြင်းလျက်ရှိလေသည်။ ပြသော မော်တော်ကားတိုင်းမူကား ဈေးများသည်ဟု အမြဲပြောလေ့ရှိ၏။ များမကြာမီ ထိုကားရောင်းသမားသည် ကျွန်ုပ်၏ထံတွင် ပေါင်းသင်းဆက်ဆံနည်းကို လာရောက်သင်ကြားပြီးလျှင် အထက်ပါကိစ္စနှင့် စပ်လျဉ်း၍ သူ့ကိုကူညီရန် အကူအညီတောင်းလေသည်။

ထိုအခါ ထိုလူ့ထံသို့သွား၍ မော်တော်ကားမရောင်းဘဲ ထိုလူကိုယ်တိုင်က ဝယ်ချင်လာအောင်လုပ်ရန် ကျွန်ုပ်တို့သည် သူ့ကို အကြံပေးလိုက်၏။ ထိုလူအား ဘာလုပ်ရမည်ကို ပြောမည့်အစား ထိုလူက သင့်ကို ဘာလုပ်ရမည်ဟု ပြောစေလျှင် မကောင်းပေဘူးလား ဟူ၍လည်း ကျွန်ုပ်တို့က ပြောလိုက်၏။ ထို့ပြင်လည်း ကားနှင့်စပ်လျဉ်းသောအကြံမှာ ရောင်းသူ၏အကြံမဟုတ်ဘဲ သူ့အကြံသာ ဖြစ်သည်ဟု အထင်ရောက်အောင် လုပ်ပေးရန်လည်း မှာလိုက်သေး၏။

ဤအကြံမှာ ကောင်းဟန် လက္ခဏာရှိ၏။ ထို့ကြောင့် အထက်ပါ မော်တော်ကားရောင်းသမားသည် ရက်အနည်းငယ်ကြာသောအခါ ကျွန်ုပ်တို့၏ နည်းကို စမ်းသပ်ကြည့်ရန် အခွင့်ကောင်းတစ်ခု ရရှိ၏။ ထိုနေ့တွင် ဖောက်သည်တစ်ဦးသည် သူ၏ကားဟောင်းကို ပြန်သွင်းပြီးလျှင် ဆိုင်မှ ကားသစ်တစ်စီးကို ထုတ်ယူရန် ရောက်လာ၏။ ထိုကားဟောင်းကို ထိုလူသည် ကြိုက်နိုင်လိမ့်မည်ဟု အထင်ရှိသဖြင့် အားလပ်ပါလျှင် မော်တော်ကားဆိုင်သို့ အထူးချီးမြှင်ေ့သာအနေဖြင့် ကြွရောက်ပြီးလျှင် အကြံအနည်းငယ်ပေးပါရန် ထိုလူ့ထံသို့ မော်တော်ကားရောင်းသမားသည် စကားပြောကြေးနန်းဖြင့် ပြောလိုက်၏။

ထိုလူ ရောက်လာသောအခါ ‘ခင်ဗျားကတော့ အဝယ်အခြမ်းမှာ အင်မတန်တော်လို့ တိုင်ပင်ရဦးမှာပဲ၊ ဒီကားကို ကြည့်စမ်းပါ၊ ကားအသစ်နဲ့လဲတဲ့အတွက် သူ့ကိုတန်ဖိုး ဘယ်လောက်ထားရရင် ကောင်းမလဲလို့’

ထိုလူ၏ တစ်ကိုယ်လုံးမှာ ရွှင်မြူးလျက်ရှိလေသည်။ နောက်ဆုံးတွင် သူ၏အစွမ်းကို အသိအမှတ်ပြုကာ သူ့ထံမှ အကြံကိုပင် တောင်းယူရသည် ဟူ၍ အထင်ကြီးလျက် ရှိ၏။ ထို့ကြောင့် မော်တော်ကားကို ဂျမေကာမှ ဖောရက်ဟီးအထိ သူကိုယ်တိုင် အစမ်းမောင်းကြည့်၏။ ပြန်လာသောအခါ

‘မိတ်ဆွေ၊ ခင်ဗျား ဒီကားကို သုံးရာနဲ့ရရင် ယူသာထားလိုက်၊ ပွတာပဲ’ ဟု ထိုသူက ပြော၏။

‘ဒီဈေးနဲ့ ရရင် ခင်ဗျားရော ဝယ်မလား’ ဟု မော်တော်ကား ရောင်းသူက ပြန်၍မေးရာ ‘သုံးရာလား၊ အစစ်ပေါ့’ ဟု ပြန်ပြောပြီးလျှင် မော်တော်ကားကို ချက်ချင်းဝယ်သွားလေသည်။

တစ်ဖက်သား အကူအညီရစေသောနည်း

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts