ဆော့ခရတ္တိ၏ ဝစနာလင်္ကာရ အယူအဆနိဒါန်း

ဆိုကရေးတီး၏ နည်းကောင်းတစ်လက် (အပိုင်း – ၂)

ဆိုကရေးတီး၏ နည်းကောင်းတစ်လက် (အပိုင်း – ၂)
ဝက်စတင်းဟောက်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဂျိုး ဆက်အယ်လီဆန်ကလည်း အောက်ပါအတိုင်း ပြန်ပြောဖူး၏။

ကျွန်ုပ်၏နယ်ထဲတွင် ကျွန်ုပ်တို့ကုမ္ပဏီက အလွန်ဆက်သွယ်ချင်သော လူတစ်ယောက်ရှိ၏။ ထိုနယ်တွင် ကျွန်ုပ်အရင်ကိုယ်စားလှယ်ဖြစ်သောသူသည် ထိုသူ့ထံသို့ ဆယ်နှစ်တိုင်တိုင် သွားရောက်စေ့စပ်ခဲ့ဖူး၏။ သို့ရာတွင် အထမမြောက်ခဲ့ချေ။ ထိုနယ်သို့ ကျွန်ုပ်ကို ပြောင်းပေးလိုက်သောအခါ ကျွန်ုပ်သည် သုံးနှစ်တိုင်တိုင် ဆက်သွယ်ခဲ့သောအခါမှ နောက်ဆုံးတွင် မော်တော်ကားအနည်းငယ်မျှကိုသာ ရောင်းခဲ့ရ၏။ သို့ရာတွင် အနည်းငယ်လောက် စ၍ရောင်းရလျှင် မကြာမီ အများကြီး ရောင်းရတော့မည်ဟု တစ်ထစ်ချ စိတ်ထဲတွင် စွဲထားလေသည်။

ထို့ကြောင့် တနင်္ဂနွေ သုံးပတ်ကြာ၍ ထိုသူ့ထံသို့ သွားသောအခါ ကျွန်တော်၏ရင်ထဲတွင် အတော်ကြီးသော မျှော်လင့်ချက်များဖြင့် ပြည့်လျက်ရှိလေသည်။

သို့ရာတွင် ‘အယ်လီဆန်မင်းရဲ့ ကျန်တဲ့မော်တော်စက်တွေကို တို့မဝယ်နိုင်တော့ဘူး’ ဟူသော ထိုသူ၏အကြီးဆုံး စက်ဆရာကြီးအသံကို ကြားလိုက်ရသောအခါ ကျွန်ုပ်၏ မျှော်လင့်ချက်များမှာ လွင့်ပျောက်၍ သွားလေတော့သည်။

ကျွန်ုပ် (အလွန် အံ့အားသင့်လျက်)
‘ဘာဖြစ်လို့လဲ ဟင် ဘာဖြစ်လို့လဲ’
စက်ဆရာကြီး။  ။ ‘မင့် မော်တော်စက်တွေဟာ သိပ်ပူတာပဲ၊ ငါ့လက်တောင် တင်မထားနိုင်ဘူး’

သူနှင့် ငြင်းနေခြင်းအားဖြင့် အကျိုးမရှိသည်ကို ကျွန်တော် ကောင်းစွာသိ၏။ ဤကဲ့သို့ ငြင်းခုံခြင်းအလုပ်မျိုးကို လုပ်ခဲ့သည်မှာ ကြာမြင့်လှပေပြီ။ ထို့ကြောင့် ဒီလူကြီးကို ‘အင်း’ လိုက်အောင် လုပ်ဦးမှပဲ ဟူ၍ ကျွန်တော်စိတ်ကူးမိ၏။

ကျွန်ုပ်။  ။ ‘သြော် ကျွန်တော့်မော်တော်တွေက ပူလို့လား၊ ဒီလိုပူရင်ဖြင့် ဘယ့်နှယ်ဝယ်လို့ဖြစ်မလဲ၊ ‘အမျိုးသား လျှပ်စစ်လုပ်သူများ အသင်းကြီးရဲ့ စည်းမျဉ်းအရ အတည်ပြုထားတဲ့ စံချိန်ထက် ပိုပြီး မပူတဲ့ စက်မျိုးကိုသာ ဝယ်သင့်တာပေါ့၊ မဟုတ်ဘူးလား’
စက်ဆရာကြီး။  ။ ‘အင်း’
သူ့ထံမှ ကျွန်ုပ်သည် ‘အင်း’ တစ်လုံး ရလိုက်လေပြီ။
ကျွန်ုပ်။  ။ ‘မော်တော်စက်ကောင်းတစ်လုံးမှာ အခန်းတွင်းရှိ အပူဒီဂရီထက် ၇၂ ဒီဂရီသာပိုရမယ်လို့ အမျိုးသား လျှပ်စစ်လုပ်သူများ အသင်းကြီးက ဆိုထားတယ် မဟုတ်လား၊ မှန်ပါရဲ့လား ခင်ဗျာ’
စက်ဆရာကြီး။  ။ ‘အင်း၊ သို့ပေမဲ့ မင်းမော်တော်စက်တွေက ဒီစံချိန်ထက် အများကြီးပိုပြီး ပူတယ်ကွ’

ကျွန်ုပ်သည် သူနှင့် ငြင်းချက်မထုတ်ဘဲ ‘စက်ရုံ အခန်းတွင်းမှာ အပူဒီဂရီ ဘယ်လောက်ရှိပါသလဲ ခင်ဗျာ’
စက်ဆရာကြီး။  ။ ‘၇၅ ဒီဂရီလောက် ရှိတယ်’
ကျွန်ုပ်။  ။ ‘ဒါဖြင့် အခန်းရဲ့ အပူဒီဂရီ ၇၅ မှာ စက်အပူဒီဂရီ ၇၂ ကို ပေါင်းထည့်ရင် အပူဒီဂရီ ၁၄၇ ရတယ် မဟုတ်ပါလား၊ တကယ်လို့ အပူဒီဂရီ ၁၄၇ ရှိနေတဲ့ ရေနွေးထဲ လက်ကိုထည့်လိုက်ရင် လက်ကို အပူလောင်မယ် မဟုတ်ဘူးလားခင်ဗျာ’
စက်ဆရာကြီး။  ။ ‘အင်း’
ကျွန်ုပ်။  ။ ‘ဒါဖြင့် လက်တွေကို ဒီစက်တွေနဲ့ ခပ်ဝေးဝေးထားနိုင်ရင် မကောင်းပေဘူးလားခင်ဗျာ’
စက်ဆရာကြီး။  ။ ‘အင်း မင်းပြောတာ ဟုတ်သားပဲ’

ကျွန်ုပ်တို့လည်း မော်တော်စက်များ၏ အကြောင်းနှင့် စပ်လျဉ်း၍ စကားအနည်းငယ် ပြောပြီးသောအခါ စက်ဆရာကြီးသည် သူ၏စာရေးကြီးကိုခေါ်၍ နောက်လအတွက် ဒေါ်လာ ၃၅,၀၀၀ ဖိုး မော်တော်စက်များကို မှာရန် အမိန့်ပေးလေသည်။

ငြင်းခုံခြင်းသည် အကျိုးမရှိဟူသော သင်ခန်းစာကိုလည်းကောင်း၊ မိမိဘက်မှနေ၍ ကြည့်ခြင်းထက် တစ်ဖက်သားဘက်မှနေ၍ ကြည့်ပြီးလျှင် တစ်ဖက်သားကို ‘အင်း’ လိုက်အောင် ပြုလုပ်ခြင်းသည် အကျိုးစီးပွား ဖြစ်ရုံသာမက အလွန်လည်း စိတ်ဝင်စားစရာကောင်းသည်ဟူသော သင်ခန်းစာကိုလည်းကောင်း၊ ကျွန်ုပ် မသိရှိရသေးမီက အလုပ်အကိုင် အပေါက်အလမ်း မတည့်သဖြင့် ကျွန်ုပ်တွင် ဒေါ်လာပေါင်းများစွာနှင့် နှစ်ပေါင်းများစွာ အလဟသ ဖြစ်ခဲ့လေပြီ။

ဆိုကရေးတီးဆိုသူသည် ဖိနပ်မပါဘဲ လမ်းလျှောက်၍ အသက် ၄၀ ကျော်ခါမှ အသက် ၁၉ နှစ်အရွယ် သူငယ်မလေးနှင့် လက်ထပ်ခဲ့သော်လည်း အေသင်မြို့တော်၏ ပညာရှိတစ်ဆူ ဖြစ်လေသည်။ ကမ္ဘာ့သမိုင်းတွင် ထင်ပေါ်ခဲ့သော ပုဂ္ဂိုလ်များအနက် လက်တစ်ဆုပ်စာမျှသော သူများသာလျှင် လုပ်နိုင်ခဲ့သည့် အရာတစ်ချို့ကို ဆိုကရေးတီးကိုယ်တိုင် လုပ်ခဲ့ဖူးလေသည်။ လူတို့၏ အယူအဆများကို သူ့လက်ထက်တွင် အတိအလင်း ပြောင်းပစ်ခဲ့ဖူး၏။ သူ အနိစ္စရောက်ပြီးသည်မှာ နှစ်ပေါင်း ၂၃၀၀ မျှ ကြာရှိပြီဖြစ်သော်လည်း ဤမျှအငြင်းအခုံ ထူထပ်၊ ပေါများသော ကမ္ဘာကြီးထဲတွင် တစ်ဖက်သားကို ကိုယ့်ဘက်သို့ပါအောင် အဆွဲအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးဟူ၍ တစ်ကမ္ဘာလုံးက သူ့ကို အရိုအသေပြုကြရလေသည်။

သူ၏နည်းကား အဘယ်နည်း။ တစ်ဖက်သားကို မှားသည်ဟု သူစွပ်စွဲသလား၊ မစွပ်စွဲခဲ့ပေ။ ဆိုကရေးတီးသည် ဤအလုပ်မျိုးကို မလုပ်။ ယခုအခါတွင် ‘ဆိုကရေးတီး၏နည်း’ ဟု အမည်တွင်လျက်ရှိသော သူ့နည်းတစ်ခုလုံးသည် တစ်ဖက်သားကို အင်းလိုက်အောင် လုပ်နည်းအပေါ်တွင် အမှီပြုထားလေသည်။ တစ်ဖက်သားထံမှ ဝန်ခံချက်နှင့် ‘အင်း’ တွေ တစ်ပုံကြီးရသည့်တိုင်အောင် သူသည် ကြိုးစား၏။ မိနစ်အနည်းငယ်ခန့်က အပြင်းအထန်ငြင်းဆန်မည့် အချက်တစ်ခုကို တဖြည်းဖြည်း သဘောတူမှန်းမသိ တူလာအောင် မေးခွန်းများကို တစ်ခုပြီးတစ်ခု မေး၏။

နောက်တစ်ကြိမ်တွင် အကယ်၍ တစ်ဖက်သားကို မှားသည်ဟု ဗြောင်ဖွင့်ချချင်သော ဆန္ဒများ ပြင်းထန်လာခဲ့ပါလျှင် ဖိနပ်မပါသော ပညာရှိဆိုကရေးတီးကို ပြေး၍ သတိရပြီးလျှင် တစ်ဖက်သားအား ‘အင်း’ လိုက်စေချင်သော မေးခွန်းကလေးကို ချိုသာစွာ မေးမြန်းပါလေ။

‘ဖြည်းဖြည်းနှင်သောသူသည် ခရီးဝေးကို ပို၍သွားနိုင်၏’ ဟု တရုတ်တို့၏ စကားပုံတစ်ခု ရှိလေသည်။ ထိုစကားပုံသည် အလွန်အဖိုးတန်လေစွ။

ဤတရုတ်လူမျိုးတို့သည် လူတို့၏သဘောတရားကို နှစ်ပေါင်းငါးထောင်ပတ်လုံး လေ့လာဆည်းပူးခဲ့သူများ ဖြစ်ကြ၏။ ဤမျှ အဖိုးတန်သော စကားပုံတစ်ခု ရရှိခဲ့လေသည်။

‘ဖြည်းဖြည်းနှင်သောသူသည် ခရီးဝေးကို ပို၍သွားနိုင်၏’ ဟု တရုတ်တို့၏ စကားပုံတစ်ခု ရှိလေသည်။ ထိုစကားပုံသည် အလွန်အဖိုးတန်လေစွ။

ဤတရုတ်လူမျိုးတို့သည် လူတို့၏သဘောတရားကို နှစ်ပေါင်းငါးထောင်ပတ်လုံး လေ့လာဆည်းပူးခဲ့သူများ ဖြစ်ကြ၏။ ဤမျှ အဖိုးတန်သော စကားပုံတစ်ခု ရရှိခဲ့လေသည်။

‘ဖြည်းဖြည်းနှင်သောသူသည် ခရီးဝေးကို ပို၍ သွားနိုင်၏’ သြော် အဖိုးတန်လေစွ။

အကယ်၍ တစ်ဖက်သားကို သင့်ဘက်သို့ပါအောင် ဆွဲလိုပါလျှင် တစ်ဖက်သား အလျင်အမြန် ‘အင်း’ လိုက်အောင် ကြိုးစားပါ။

ဆိုကရေးတီး၏ နည်းကောင်းတစ်လက်

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts