စည်းကမ်း

စည်းကမ်း ၊ ကိုယ်ကျင့်တရားနှင့် ပြည်သူ့နီတိ

စည်းကမ်း ဟူသည်မှာ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်ဖြစ်သည်။ ငယ်စဉ်ကလေးဘဝမှပင် အိမ်တွင်းစည်းကမ်း၊ ကျောင်းစည်းကမ်း၊ လမ်းစည်းကမ်း စသည်ဖြင့် စည်းကမ်း တကျ လိုက်နာလျှင် ထိုသူအဖို့ မှားယွင်းမှုအနည်းဆုံးဖြင့် ဘဝတစ်ခုကို တည်ဆောက်သွားနိုင်ပေရာ၏။

ကိုယ်ကျင့်တရားဟူသည်မှာ စာရိတ္တပင်ဖြစ်၍ ထို”စာရိတ္တ” အား … (ကိုယ်ကျင့်တရား၊ အကျင့်၊ သွားလာခြင်း၊ ဖြည့်ကျင့်ခြင်း၊ အလေ့အကျင့်၊ အကျင့်သီလ၊ သဘောအကျင့်) ဟု အနက်ဆောင်သည်။ စာရိတ္တတွင် ၂-ပိုင်းရှိလျက်
၁။  စာရိတ္တ = ပြုကျင့်ရမည့်ကိစ္စ
၂။  ဝါရိတ္တ = ရှောင်ကြဉ်ရမည့်ကိစ္စ
ဟူ၍ဖြစ်သည်။

ကိုယ်ကျင့်တရားကောင်းခြင်းမှာလည်း အပြစ်ကင်းစင်ပြီး လိမ္မာမှုကို ဆိုလိုခြင်းပင်။ လူတွင် ကိုယ်ကျင့်တရားကောင်းဖို့သည် လွန်စွာ အရေးပါလှ၏။ တိုင်းပြည်တစ်ပြည်ကို ထူထောင်သောအခါတွင် ပြည်သူပြည်သားတို့၏ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သိက္ခာကောင်းဖို့ အထူးလိုအပ်လှသည်။ ထို့ကြောင့်လည်း ငယ်ရွယ်စဉ်ကပင် လူငယ်များအား ကိုယ်ကျင့်တရား ကောင်းကြစေရန် ပံ့ပိုးလမ်းပြပေးကြရမည် ဖြစ်သည်။

ကလေးသူငယ်များအဖို့ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ … မိမိသုံးစွဲသော ကစားစရာ၊ စာအုပ်၊ ခဲတံ၊ အင်္ကျီ အစရှိသည်တို့ကို အသုံးပြုပြီးနောက် နေရာတကျပြန်ထားရှိဖို့ လေ့ကျင့်ပေးရမည် ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းမှာ စည်းကမ်း ၏ အစပျိုးခြင်းဖြစ်၏။ မိမိလိုအပ်သောအခါ သူ့နေရာနှင့်သူ နေသားတကျရှိနေမည်ဖြစ်သော မိမိတို့ပစ္စည်းအား အလွယ်တကူ ရှာဖွေသုံးစွဲနိုင်မည် ဖြစ်သည်။

ဤကဲ့သို့ စနစ်တကျမလုပ်နိုင်လျှင် လိုသောအခါ ရှာဖွေရခြင်းဒုက္ခ၊ စဉ်းစားရခြင်းအခက်ခဲ၊ ဆုံးရှုံးသွားမည့် အချိန်ကာလ စသည်ဖြင့် ဆိုးကျိုးများ သက်ရောက်စေနိုင်သည်။ ထို့ကြောင့် အချို့အလုပ်ရုံများတွင် စာများချိန်ဆွဲထားသည်ကို တွေ့နိုင်သည်။
“ယူသည့်နေရာပြန်ထားပါ”
“နေရာတကျရှိပါစေ”
အစရှိသော စာတန်းတို့မှာ စည်းကမ်းမလိုက်နာသူတို့အတွက် သတိပေးချက် ဖြစ်သည်။ စည်းကမ်းမရှိသောသူအဖို့ အတွေးမှားများ၊ လွဲသောယူဆချက်များလည်း ဝင်လာတတ်ပြီး မလိုလားအပ်သော ပြဿနာရပ်များ ဖြစ်စေတတ်သည်။ ဤအကြောင်းကို အောက်ပါပုံပြင်လေးတွင် တွေ့နိုင်သည်။

(ပျောက်ဆုံးသွားသော ပုဆိန်)
တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ သူရဲ့နံနက်ခင်းအလုပ်ကိစ္စလေးတွေ လုပ်ကိုင်ဖို့ အိမ်ပြင်ထွက်တော့မယ်။ မီးမွှေးပြီး ထားခဲ့ဖို့အတွက် ထင်းပေါက်ဖို့ရာ ပုဆိန်လိုအပ်တယ်။ ဒါကြောင့် သူ အမြဲတမ်းထားတဲ့ တံခါးပေါက်နားမှာ သူ့ပုဆိန်ကို လှမ်းယူဖို့ စမ်းလိုက်တယ်။ ပုဆိန်ကို မစမ်းမိဘဲ … မတွေ့တော့ဘူး။

ဒါနဲ့ သူ့မိန်းမကို လှမ်းမေးတယ်။
“ငါ့ပုဆိန်ကို တွေ့မိသလားဟေ့”
မိန်းမကလည်း “မတွေ့ပါဘူး၊ ရှင် ဒီမှာထားလို့လား” လို့ ဖြေတယ်။ သားကို မေးပြန်တယ်။

“ငါ့ပုဆိန် မင်းယူလုပ်သေးသလား”
“မယူလုပ်ဘူးအဖေ” လို့ ပြန်ဖြေတယ်။ ဒီလိုနဲ့ အိမ်ရှိလူကုန်မေးတော့ “မသိဘူး၊ မမြင်ဘူး” ဆိုတဲ့ အဖြေဘဲ ရတယ်။ သူဟာ အကြံရခက်ပြီး စိတ်ထဲက –

“တစ်ယောက်ယောက်တော့ ငါ့ပုဆိန်ကို ခိုးသွားပြီ” လို့ လယ်သမား ထင်မိတယ်။ သူဟာ မကျေမနပ်နဲ့ အိမ်အပြင်ထွက်လာတော့ သူ့မြေကွက်နားမှာ မတ်တတ်ရပ်နေတဲ့ အိမ်နီးချင်းမိတ်ဆွေကို တွေ့လိုက်တယ်။ ချက်ချင်းဘဲ လယ်သမားဟာ အဲဒီမိတ်ဆွေကို သံသယဝင်လိုက်တယ်။ အိမ်နီးချင်းမိတ်ဆွေကလည်း သူ့ကို ကျောပေးရပ်နေတယ်။
“ငါ့ ပုဆိန်ကို ဒီကောင် ခိုးသွားတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ငါ့အသံကြားတာတောင် ငါ့ကို မျက်နှာချင်းမဆိုင်ဘူး” လယ်သမားက ဒီလို တွေးယူတယ်။

ဒါနဲ့ အိမ်ထဲပြန်ဝင်ပြီး သူ့ထင်မြင်ချက်ကို သူ့မိန်းမ ပြောလိုက်တယ်။

“ငါတို့အိမ်နီးချင်းက ငါ့ပုဆိန်ကို ခိုးထားပြီလို့ သေချာပေါက် ပြောရဲတယ်”

သူ့မိန်းမက အံ့အားသင့်ပြီး “သူ ဒီလိုလုပ်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ရှင်က တစ်ခြားမှာရော ရှင့်ပုဆိန်ကို လှည့်ပတ်မရှာတော့ဘူးလား။ တွေ့လိုတွေ့ငြားပေါ့”

လယ်သမားဟာ တခြားနေရာတွေမှာ ရှာဖို့ဆန္ဒမရှိပါဘူး။ ဒီနေရာမှာထားတာ အခု မရှိတော့။ သူ ယူတာကလွဲပြီး မဖြစ်နိုင်ဘူးလို့ တထစ်ချ ယုံကြည်ထားတယ်။ ဒါကြောင့် သူ့မိတ်ဆွေကိုသွားပြီး ငေါက်ငမ်းပစ်လိုက်ချင်တယ်။

ဒီလို ဒေါသကိုမြိုသိပ်ထားရင်း အိမ်နီးချင်းမိတ်ဆွေကို မျက်စောင်းထိုးကြည့်လိုက်တယ်။ မျက်လုံးကိုလည်း သူ့ခြံဝိုင်းကို လှည့်ပတ်ကစားကြည့်မိတယ်။ အဲဒီအခါမှာ မထင်မှတ်ဘဲ သူ့ရဲ့ပုဆိန်ကို လှမ်းတွေ့လိုက်ရပါပြီ။

“အို … ဟုတ်ပါရဲ့။ ငါ့ရဲ့ပုဆိန်ကို တံခါးဝမှာ သူ ပြန်ထားတယ်လို့ မသိစိတ်က ထင်ထားပေမယ့် တကယ်တော့ သူ စည်းကမ်းတကျ ပြန်မသိမ်းမိခဲ့ပါဘူး။ သူ့အပြစ်ကို သူသိပြီး စိတ်ထဲက ရှက်သွားမိတယ်။”

အိမ်နီးချင်းမိတ်ဆွေကို လှမ်းအသံပြုနှုတ်ဆက်လိုက်ပြီး သူ့ပုဆိန် ထမ်းထွက်သွားတယ်။ အိမ်နီးချင်းမိတ်ဆွေဟာ သူ့ကို ပြုံးရွှင်တဲ့မျက်နှာနဲ့ “ကြိုးစားလှချည်လား” လို့ နှုတ်ဆက်ရင်း လက်ပြရှာတယ်။

“ငါ မှားတော့မလို့” ဆိုတဲ့ အသိစိတ်နဲ့ စည်းကမ်းပျက်ကွက်မှုကို ကြောက်ရွံ့သွားတယ်။

ပုံပြင်ကလေးကတော့ ဤမျှသာ ဖြစ်တယ်။

ပစ္စည်းတစ်ခုကို ယူကိုင်ပြီး သူ့နေရာတွင် နေသားတကျ ပြန်မထားမိသောကြောင့် ယိုးမှားသောအတွေးစိတ်များ ဖြစ်တတ်သည်။ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် စည်းကမ်းလိုက်နာရန် ကျင့်ဆောင်အပ်၏။ လူကို တန်ဖိုးရှိစေခြင်းမှာ စည်းကမ်းပင်ဖြစ်သည်။

ငယ်စဉ်ကလေးဘဝမှပင် ယဉ်ကျေးမှုအခြေခံဖြစ်သော ထမင်းစားဝိုင်းတွင် မိဘအလျှင် ဟင်းကို ခပ်ယူမစားခြင်း၊ ဦးဖယ်ဦးချယူစားခြင်း၊ လူကြီးသူမများရှေ့တွင် ဖြတ်ကျော်သွားရာ ခါးကိုညွှတ်ကိုင်းသွားခြင်း၊ ညစဉ်ညတိုင်း အိပ်ရာဝင်ခါနီးတွင် မိဘတို့အား ကန်တော့အိပ်ခြင်း၊ မိဘတို့ ရေချိုးပြီးလျှင် ပုဆိုး၊ အဝတ်၊ မျက်နှာသုတ်ပဝါ စသည်တို့ကို အဆင်သင့်ယူဆောင်ပေးခြင်း၊ စကားကျယ်လောင်စွာ မပြောဆိုခြင်း စသည့် အိမ်တွင်းစည်းကမ်းသေဝပ်မှုများ ရှိသင့်ကြပေ၏။

စည်းကမ်းမဲ့သူနှင့် စည်းကမ်းရှိသူတို့သည်လည်း ရောနှောနေ၍ မဖြစ်နိုင်ပေ။ စည်းကမ်းရှိသူ ပြုသမျှတိုင်းကို စည်းကမ်းမဲ့သူသည် လိုက်ဖျက်၏။ ပြုသူနှင့်ဖျက်သူ များသည့်ဘက်က အင်အားရှိသလို နိုင်ကြသည်။ စည်းကမ်းရှိသူက နိုင်သော်ကောင်း၏။ စည်းကမ်းမဲ့သူတို့နိုင်သော် ပျက်စီးခြင်း၊ ယိုယွင်းခြင်းမှာ လက်တစ်ကမ်းအလိုသို့ ရောက်စေသည်။ ထို့ကြောင့် လူတိုင်း စည်းကမ်းရှိဖို့ လိုပေသည်။

အိမ်တွင်းစည်းကမ်းနှင့် ပက်သက်၍ တစ်ခါက မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားမှုဖြင့် မိမိတို့အဖွဲ့သားများ ထိုအိမ်သို့ ရောက်သွားကြသည်။

အိမ်ရှင်မှာ “သစ္စဒီပက” အဖွဲ့မှ ဦးစိုးညွှန့်ဖြစ်ပြီး၊ မြောက်ဥက္ကလာပတွင် နေထိုင်၏။ မိမိတို့လူသိုက် ညပိုင်း-၆ နာရီတွင် ရောက်ရှိပြီး ဓမ္မစကားတို့ ခေတ္တပြောဆို၍ အချိန်လင့်သွား၏။ ည ၇-နာရီထိုးရန် အချိန်အနည်းငယ်သာ လိုတော့သည်။ ထိုကာလတွင် အိမ်ရှင်၏ သား ၃ ယောက်၊ သမီး ၃ ယောက်တို့သည် အပြင်မှ တဖွဲဖွဲပြန်လာကြပြီး ဘုရားခန်းသို့ ဝင်ကြ၏။ ဘုရားခန်းမဝင်မှီ ခြေဆေးခြင်း၊ လက်ဆေးခြင်းတို့ကို ပြုလုပ်ကြပြီး တစ်ဦးနှင့်တစ်ဦး စောင့်ဆိုင်းကာ ဘုရားစင်ရှေ့တွင် နေရာယူထားကြလေ၏။

မိမိတို့ဧည့်ခန်းမှာ ဘုရားစင်နှင့်တန်းနေသဖြင့် လှမ်းမြင်နေရသောအခါ၊ ဤကလေးများ လှုပ်ရှားမှုကို လှမ်းအကဲခတ်ကြည့်မိသည်။ ခဏတွင် အိမ်ရှင်ဦးစိုးညွှန့်သည် သားသမီးများဘက်သို့ လှည့်၍ “ကဲ-လူစုံနေပြီ” ဟု လှမ်းအသံပြုလိုက်သည်နှင့် ညီညီညာညာ ဘုရားဝတ်ပြုကြလေ၏။ ဘုရားရှိခိုးပြီးအဆုံးတွင် ပရိတ်ကြီး ၁၁ သုတ်ကို မတိုးမကျယ် ရွတ်ဖတ်ပူဇော်ကြပြန်၏။ အားလုံးပြီးမှ ဝတ်ပြု၍ မိမိတို့ကြိုက်နှစ်သက်ရာကို လုပ်ကြသည်။ တစ်ယောက်က ဂစ်တာတစ်လက်ကို ယူ၍ အိမ်ပေါ်မှ ဂစ်တာတီးရန် ထွက်သွားသည်။ အငယ်လေးများက ကစားရန် အပြင်ထွက်ကြလေ၏။

အားလုံးကိုကြည့်ပြီး မိမိတို့အဖွဲ့မှသူတစ်ဦးက ကောက်ချက်ချသည်။ “ဒီကလေးတွေ တော်တယ်ဗျာ” ဟု “ဦးလေးညွှန့် ဘယ်လို ပုံစံသွင်းထားလဲ” ဟု မေးခွန်းထုတ်လေ၏။

အိမ်ရှင်ဖြစ်သူက ဤသို့ ဖြေသည်။

“ကျွန်တော့်သားသမီးတွေကို ငယ်စဉ်ကတည်းက ည ၇-နာရီထိုးရင် ဘုရားဝတ်ပြုရမယ့် စည်းကမ်းထုတ်ထားတယ်။ ကစားနေလို့ပဲဖြစ်ဖြစ်၊ တစ်နေရာရာရောက်နေလို့ဘဲဖြစ်ဖြစ် ည ၇-နာရီမှာ ဘုရားစင်ရှေ့ကို ရောက်ရာအရပ်က ပြန်ခဲ့ရမယ်။ နေ့စဉ် ဘုရားဝတ်ပြုပြီးမှ ကိုယ်လုပ်ချင်ရာ ဆက်လုပ်ရမယ်။ ဒီစည်းကမ်းဟာ ကလေးတွေ သူငယ်တန်းကစပြီး ယခုအကြီးမကြီး ၁၀-တန်းအထိပါပဲ”

ကောင်းသောစည်းကမ်းဖြစ်သည်။ အခြားစည်းကမ်းတစ်ခုကိုလည်း ဆက်လက်ပြောပြသဖြင့် သိခွင့်ရခဲ့ကာ များစွာ နမူနာယူသင့်ကြပေသည်။

“ကျွန်တော့်သားသမီး ၆-ယောက်က ၂နှစ်ကြီး ၂ နှစ်ငယ်တွေခင်ဗျ၊ သီတင်းဝါလကျွတ်ရင် အမိအဘ၊ ဘကြီးဘထွေး၊ ဦးကြီးဒေါ်ကြီးတွေကို ကန်တော့ပြီးရင် ငယ်သူက ကြီးတဲ့သူတွေကို အစဉ်လိုက်ကန်တော့တဲ့ အလုပ်ကို လုပ်ရတယ် … နှုတ်ကလည်း …”မမခင်ဗျား၊ ကိုကိုခင်ဗျား၊ … အော်မိငေါက်မိ၊ ပြောမိဆိုမိ – အမှားရှိခဲ့လျှင် ခွင့်လွှတ်ပါ … သားတို့၊ သမီးတို့ ကန်တော့ပါ၏” လို့ ဆိုပြီး ကန်တော့ကြရတယ်။”

စည်းကမ်း၏နောက်တွင် ကောင်းသောအကျင့်စာဂတို့သည် အရိပ်ပမာ ကပ်ပါလာကြသည်။ အိမ်တွင်ယဉ်ကျေးခြင်းရှိသော သူတို့အဖို့၊ ကျန်သောလမ်းတွင် ယဉ်ကျေးခြင်း၊ ကျောင်းတွင် ယဉ်ကျေးခြင်း၊ အလုပ်တွင် ယဉ်ကျေးခြင်း … စသည့် ကာလဒေသအလိုက် ယဉ်ကျေးခြင်းဖြစ်စဉ်ကို သူတို့ထိန်းသိမ်းသွားကြသည်မှာ မလွဲပေ။

စည်ကမ်းကား … ပြည်သူ့နီတိပင် ဖြစ်၏။ လူတိုင်းပြည်သူ့နီတိဖြစ်ရန်၊ ရှိရန် ကြိုးစားကြရပေမည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

# Open More Online

Related Posts