တစ်ကိုယ်ရေသန့်ရှင်းမှု

တစ်ကိုယ်ရေသန့်ရှင်းမှု

တစ်ကိုယ်ရေသန့်ရှင်းမှု သည် များစွာအရေးကြီးလှ၏။ လူတစ်ဦးချင်းစီ၏ သန့်ရှင်းစင်ကြယ်မှုနှင့် မိသားစုအတွင်း သန့်ရှင်းစင်ကြယ်မှုသည် တစ်ကိုယ်ရေသန့်ရှင်းမှုပင် ဖြစ်သည်။

(က) မျက်နှာသန့်ရှင်းရေး

၁။     မျက်နှာကို ဆပ်ပြာဖြင့် ရေလုံလောက်စွာဖြင့် နေ့စဉ်နံနက် ရေချိုးစဉ်နှင့် ညအခါတို့တွင် ဆေးကြောပေးရပါမည်။
၂။     မျက်နှာသုတ်သောအခါ သန့်ရှင်းသော မျက်နှာသုတ်ပုဝါများကို အသုံးပြုရပါမည်။
၃။     မျက်နှာရှိ ဝက်ခြံနှင့် အနာများကို ဆိတ်ဆွခြင်း၊ ညှစ်ခြင်း၊ ကုတ်ဖဲခြင်းများ မပြုလုပ်ရ။
၄။     အများသူငါကြည့်ရှုဘွယ်ဖြစ်အောင်၊ သနပ်ခါး၊ နံ့သာ စသည်တို့ကို လိမ်းခြယ်ပါ။

(ခ) ဆံပင်။

၁။     ဆံပင်ကို အုန်းဆီ၊ သံလွင်ဆီ၊ စသည် ဆီအမျိုးမျိုးဖြင့် လိမ်း၍ သပ်ယပ်စွာ ဖြီးသင်ရပါမည်။
၂။     ယောက်ျားကလေးများ ဆံပင်ရှည်လျှင် မျက်နှာနှင့် လိုက်ဖက်သော မိမိနှစ်သက်ရာပုံကို လစဉ်ညှပ်ပေးရန် လိုပေသည်။
၃။     သန်း၊ ဘောက်နှင့် အနံ့ဆိုးများ ကင်းစင်စေရန် ဂရုစိုက်ရပေမည်။
၄။     အနည်းဆုံး တစ်ပါတ်လျှင် တစ်ကြိမ် ခေါင်းလျှော်ပေးရပါမည်။

(ဂ) ခံတွင်းနှင့်သွားသန့်ရှင်းရေး။

၁။     နေ့စဉ် နံနက်တစ်ကြိမ်၊ ညအိပ်ယာဝင်တစ်ကြိမ် ပုံမှန်သွားတိုက်ပေးရမည်။
၂။     အစာစားပြီးသည့်အခါတိုင်း သွားတိုက်ပေးရမည်။
၃။     သွားတိုက်ရာတွင် အပေါ်သို့ဆွဲတင်ရန် လိုအပ်ပါသည်။
၄။     သွားပွတ်တံမရှိပါက အစာစားပြီးတိုင်း အာလုတ်ကျင်းရင် လိုပါသည်။ ရေနှင့် အာလုတ်ကျင်းသောအခါ  
        အရှိန်ပြင်းပြင်းကျင်းပါ။
၅။     မာကျောသော သစ်စေ့သစ်ဖုများ၊ အရာဝတ္ထုများကို သွားဖြင့်မကိုက်ရပါ။

(ဃ) မျက်စိသန့်ရှင်းရေး

၁။     မျက်နှာသစ်သောအခါ မျက်စိကို ရေဖြင့် သန့်ရှင်းစွာ ဆေးကြောရန် လိုအပ်ပါသည်။
၂။     မျက်ချေးများထွက်နေပါက လက်ကိုင်ပုဝါ မျက်နှာသုတ်ပုဝါ၊ နူးညံ့သောအဝတ်စတို့ဖြင့် တို့ယူပေးပါ။
၃။     မျက်စိကို လက်ဖြင့် မခိုက်မိရန် သတိပြုရမည်။ လက်မှ ရောဂါပိုးများ မျက်စိအတွင်း ဝင်ရောက်စေနိုင်သည်။

(င) နားသန့်ရှင်းရေး။

၁။     နားကို မျက်နှာသစ်သည့်အခါတိုင်း နား၏ပြင်ပသန့်ရှင်းရေးကိုလည်း ပြုလုပ်ရမည်။
၂။     နားအတွင်း နားဖာချေးများကို ဂွမ်းသန့်သန့်ဖြင့် သန့်ရှင်းရေး ပြုလုပ်ပေးရမည်။
၃။     နားကို ခဲတံ၊ ဆံထိုး၊ ကလစ်၊ သံချောင်း၊ တုတ်ချောင်းတို့ဖြင့် မကော်ရပါ။
၄။     နားပြည်ယိုတတ်ပါက အုန်းဆီနွေးနွေးကို ဂွမ်းဖြင့် ကြပ်ပေးပါ။ သက်ဆိုင်ရာ နားဆရာဝန်ဖြင့် ပြပါ။


(စ) နှာခေါင်းသန့်ရှင်းရေး။

၁။     မျက်နှာသစ်စဉ် နှာခေါင်းသန့်ရှင်းရေးပါ ပြုလုပ်ရပါမည်။
၂။     နှာစေးနေပါက လက်ကိုင်ပုဝါဖြင့် သုတ်ခြင်း၊ ဆောင်ခြင်း ပြုလုပ်ပါ။

(ဆ) ခန္ဓာကိုယ်ပိုင်းသန့်ရှင်းရေး။

၁။     မိမိကိုယ်ခန္ဓာကိုယ်သန့်ရှင်းစေရန် တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ ရေအေးဖြင့် ဆပ်ပြာသုံး၍ ရေချိုးသန့်စင်ပေးရမည်။
၂။     ရေချိုးပြီးလျှင် သန့်ရှင်းခြောက်သွေ့သော မျက်နှာသုတ်ပုဝါကို အသုံးပြုရမည်။

(ဇ) ခြေလက်သန့်ရှင်းရေး။

၁။     လက်ကိုအစာမစားမီ သန့်ရှင်းစေရန် ဆပ်ပြာနှင့်ရေ လုံလောက်စွာ ဆေးကြောပေးရမည်။
၂။     လက်ကို အစာစားပြီးလျှင်သော်လည်းကောင်း၊ အိမ်သာမှထွက်လာလျှင်သော်လည်းကောင်း၊ သန့်ရှင်းစေရန်
        ဆပ်ပြာနှင့်လက်ကို ဆေးကြောပေးရမည်။
၃။     လက်သည်းခြေသည်းများကို တစ်ပါတ်လျှင် အနည်းဆုံးတစ်ကြိမ် ညှပ်ပေးရမည်။
၄။     ညအိပ်ယာဝင်တိုင်း ခြေလက်ကို သန့်စင်စွာဖြစ်ရန် ဆေးကြောပြီးမှ အိပ်ရမည်။

တစ်ကိုယ်ရေသန့်ရှင်းမှု ရှိမှသာ ကျန်းမာမည်ဖြစ်၏။ ကျန်းမာရေးဆိုသည်မှာ ရောဂါဘယကင်းရှင်းရုံသာမက ကိုယ်၏ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ချမ်းသာခြင်းနှင့် လူမှုရေးပြည့်ဝခြင်းကို ဆိုလိုသည်။ ဘဝတစ်ခွင် ကျန်းမာပျော်ရွှင်စေရန် ဤသို့ လိုက်နာဆောင်ရွက်သင့်ကြပေသည်။

၁။     တစ်ကိုယ်ရေသန့်ရှင်းမှု ကို ဆောင်ရွက်ပါ။
၂။     အန္တရာယ်ကင်း၍ အာဟာရပြည့်ဝသော အစားအသောက်များကို စားသုံးပါ။
၃။     ပိုးမွှားကင်းစင်၍ သန့်ရှင်းသောရေကို သောက်သုံးပါ။
၄။     ရာသီဥတုနှင့် လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်နေထိုင်ပါ။
၅။     အသက်အရွယ်နှင့် လိုက်လျောညီထွေရှိသည့် သင့်တင့်မျှတသော ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်ဆောင်ရွက်ပါ။
၆။     နေ့စဉ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေရန် အနားယူပါ။
၇။     ခြင်အန္တရာယ်မှ ကာကွယ်ရန် ခြင်ထောင်ဖြင့်အိပ်ပါ။
၈။     ကျန်းမာရေးနှင့် ညီညွတ်သော ယင်လုံအိမ်သာကို သုံးစွဲပါ။
၉။     အရက်သေစာ သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းတို့ကို ရှောင်ကြဉ်ပါ။
၁၀။     မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေမည့် ဆေးဝါးများသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
၁၁။     အပျော်အပါးကို လိုက်စားခြင်းမှ ရှောင်ကြဉ်ပါ။
၁၂။     ရေ၊ မြေ၊ လေ၊ သဘာဝပတ်ဝန်းကျင်နှင့် နေထိုင်မှု၊ အသက်မွေးမှု၊ ပတ်ဝန်းကျင်တို့အား ညစ်ညမ်းစေသည့်
          အပြုအမူများကို ရှောင်ကြဉ်ပါ။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

# Open More Online

Related Posts