ညှို့ချက်

ညှို့ချက် (အပိုင်း – ၄)

ညှို့ချက် ~~~~ ကျုပ်မြင်လိုက်ရတဲ့ မြင်ကွင်းက ကျုပ်မိန်းမ ပန်းမြိုင်ဟာ ကညင်ပင်ကြီးအောက်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး မလှုပ်မယှက်နဲ့ဗျ။ သူ့ရှေ့ နှစ်တောင်လောက်အကွာမှာ စပါးကြီးမြွေကြီးတစ်ကောင်ဗျာ၊ ဖျာလိပ်လောက် ရှိတယ်။ ဆန့်ဆန့်ကြီးစင်းလို့။ ကျုပ်မိန်းမ ပန်းမြိုင်ရဲ့ မျက်နှာရှေ့တည့်တည့်မှာ မြွေကြီးက ခေါင်းထောင်လို့။ သူ့ပါးစပ်ကြီးကို ဟပြီး ပါးစပ်ထဲက ဖြူဖြူအမြှုပ်တွေနဲ့ ကျုပ်မိန်းမမျက်နှာကို မှုတ်နေတာဗျ။ ကျုပ် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျုပ်မိန်းမကို ကျုပ်ကယ်ရမယ်။ ကျုပ်ဗျာ၊ ကျုပ်တစ်သက်မှာ ဒီလောက်မြန်တဲ့ အမြန်နှုန်းနဲ့ တစ်ခါမှ မပြေးခဲ့ဘူး။ မလှုပ်ရှားခဲ့ဘူး။ ကျုပ်ဟာ လေးညှို့က လွှတ်လိုက်တဲ့ မြှားတံလို ကျုပ်မိန်းမဆီကို ပြေးသွားပြီး ကျုပ်မိန်းမကို မြွေကြီးရှေ့ကနေ ဆွဲပွေ့ယူပြီး အိမ်အရောက် ပြေးခဲ့တော့တာပဲဗျို့။ အိမ်ရောက်တော့ အိမ်ပေါ်မှာ ကျုပ်မိန်းမကို ချထားပြီး အိမ်ရှေ့အိမ်က မမြဝင်းကို လှမ်းအော်ခေါ်ပြီး ကျုပ်မိန်းမနဲ့ ကျုပ်သမီးလေးကို ခဏလာကြည့်ပေးထားပါလို့ လှမ်းအော်ပြောပြီး မြွေကြီးရှိနေတဲ့ ကညင်ပင်ကြီးဆီကို ကျုပ်ပြန်ပြေးခဲ့တယ်။ မြွေကြီးနဲ့ ကျုပ်မိန်းမကို ရပ်ကြည့်နေခဲ့တဲ့ နေရာမှာ ချထားခဲ့တဲ့ ကျုပ်ရဲ့ မြက်ခုတ်ဓားကို ကောက်ယူပြီး စပါးကြီးမြွေကြီးရှိနေတဲ့ ကညင်ပင်ကြီးနောက်ဘက်ကို ပတ်ပြီး ချုံတွေကွယ်ပြီး သွားလိုက်တယ်။

ကညင်ပင်ကြီးနောက်ကို ရောက်တာနဲ့ ကညင်ပင်ကြီးရဲ့ပင်စည်ကို ကွယ်ပြီး မြွေကြီးကို ကြည့်လိုက်တော့ ဆန့်ဆန့်ကြီးစင်းလျက် အနေအထားအတိုင်း မြင်လိုက်ရတယ်လေ။ ကျုပ်လည်း မြက်ခုတ်ဓားကို လက်နှစ်ဖက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး စပါးကြီးမြွေကြီးရဲ့ ဦးခေါင်းနောက် ဇက်ပိုးနေရာကို တအားကုန်ပြေးပြီး ခုတ်လိုက်တော့တာပဲဗျာ။ ကျုပ်လည်း ဓားနဲ့ တအားခုတ်အပြီး မြွေကြီးရှေ့ကို ခုန်ကျော်ပြီး ပြေးထွက်လိုက်မိတာ ကံကောင်းသွားတယ်ဗျို့။ စပါးကြီးမြွေကြီးဟာ သူ့အမြီးပိုင်းကြီးနဲ့ အနီးအနားမှာရှိတဲ့ အရာတွေကို ဆွဲပတ်လိမ်ညှစ်လိုက်တာဗျာ လက်မောင်းလောက်၊ ခြေသလုံးသားလောက် ရှိတဲ့ သစ်ပင်တွေဟာ ကျိုးကြေပြီး အပိုင်းပိုင်း ပြတ်ကုန်တယ်ဗျို့။ ကျုပ် ကျောချမ်းသွားမိတယ်ဗျာ။ အဲဒီလိုများ စပါးကြီးမြွေကြီးရဲ့ အလိမ်အညှစ်ကို ခံလိုက်လို့ကတော့ ကျုပ်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အရိုးတွေ ကြေမွပြီး လူကလည်း ဖွဲအိတ်လိုဖြစ်သွားမှာပဲလို့ တွေးမိပြီး ကြောက်သွားမိတာ အမှန်ပဲဗျာ။ မြွေကြီးကတော့ ကျုပ်ဓားချက်ကြောင့် ခေါင်းနဲ့ကိုယ် ပြတ်လုလုတဲတဲလေးပဲ ကျန်တော့တယ်။ မကြာခင်မှာပဲ မြွေကြီးဟာ ငြိမ်ကျသွားတော့တယ်။ မြွေကြီးသေသွားမှ ကျုပ်အိမ်ကို အပြေးပြန်လာခဲ့တော့တယ်။ ကျုပ်မိန်းမမှာတော့ဗျာ။ စပါးကြီးမြွေရဲ့ အချွဲတွေကြောင့် သတိမေ့နေတယ်ဗျာ။ ဒါကြောင့် ကျုပ်တို့ရွာထဲက ဗိန္ဓောဓာတ်ဆေးဆရာကြီး ဦးရွှေသီးကို ခေါ်ပြီး အကျိုးအကြောင်း ပြောပြလို့ ဆေးကုခိုင်းရတယ်ဗျာ။ တစ်လလောက်ကြာမှ ကျုပ်မိန်းမဟာ သတိကောင်းကောင်းရပြီး စကားပြောလာနိုင်တော့တယ်။ ဒါပေမယ့် မျက်လုံးကတော့ သိပ်ပြီး မကောင်းတော့ဘူးဗျာ။ ခပ်မှုန်မှုန်ဖြစ်သွားရတယ်။

ကျုပ်မိန်းမ ပြောပြတာက ဖြစ်တဲ့နေ့မနက်ပိုင်း ကျုပ်တို့ အိမ်နောက်ဘက် တောင်ကုန်းနားမှာ ဟင်းချက်ဖို့ ကင်ပလင်းရွက်တွေ သွားခူးပြီး ပြန်လာတဲ့အချိန်ကစပြီး အဲဒီအိမ်နောက်ဘက် ကညင်ပင်ကြီးဆီကို သွားချင်တဲ့စိတ်တွေ ဖြစ်နေလို့ ခဏခဏသွားမိတဲ့အကြောင်းနဲ့ သမီးလေးကို သတိရလို့ ပြန်လာခဲ့ပြီးနောက်ပိုင်း ဘာမှမမှတ်မိတော့ကြောင်း ပြောပြရှာတယ်လေ။ ကျုပ်လည်း ကျုပ်သိပ်ချစ်ရတဲ့ ကျုပ်မိန်းမကို အထင်လွဲခဲ့မိတာကို ပြောပြပြီး တောင်းပန်လိုက်ရတယ်။ ကျုပ်မိန်းမက ကျုပ်ကို ခွင့်လွှတ်ပါတယ်။ ချစ်တာကိုး။

ကျုပ်လည်း အဲဒီအချိန်ကစလို့ မဆင်မခြင် မစဉ်းစားဘဲ ဘာတစ်ခုကိုမှ မလုပ်တော့ဘူးဗျို့။ ဒေါသကြီးလွန်းလာရင် ဒေါသနောက်က မောဟဆိုတဲ့ အမှောင်တိုက်ကြီးက ဖုံးလို့ မဖြစ်သင့်တာတွေဖြစ်ပြီး မမှားသင့်တဲ့ အမှားတွေ မှားတတ်ကြတယ်ဆိုတဲ့ အသိဉာဏ် ရလာခဲ့ရတယ်။ ကျုပ်လည်း ကျုပ် သိပ်,သိပ်ပြီး ချစ်ရတဲ့ ကျုပ်မိန်းမကို အထင်လွဲပြီး မဆင်မခြင်နဲ့ သတ်မိတော့မလို့၊ အမြင်မှန်တဲ့ အသိဉာဏ်လေး ဝင်ခဲ့ပြီး စဉ်းစားချင့်ချိန်နိုင်ခဲ့တဲ့အတွက် အမှားကြီး မှားရမယ့်အဖြစ်နဲ့ ဝေးပြီး ဒုက္ခမရောက်ခဲ့ရတာပဲပေါ့ဗျာ။ ကျုပ်လို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ကြရရင် ဆင်ခြင်တုံတရားလေးနဲ့ ဝေဖန်ဆန်းစစ်လို့ အမှားနဲ့ အမှန်ကို ဆုံးဖြတ်ပြီးမှ လုပ်ကိုင်ကြပါ။ မမှားသင့်သော အမှားများ မမှားကြပါစေနဲ့။ လူ့လောကကြီးအတွင်းမှာ ရှိကြသော လူသားအားလုံး လောဘ၊ ဒေါသ၊ မောဟတရားများ ကင်းရှင်းပြီး လောကကောင်းကျိုး သယ်ပိုးနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

ညှို့ချက်

စာရေးသူ – မင်းမြင့်နိုင် (ဘူးသီးတောင်)

ဂမ္ဘီရ

# Open More Online

Related Posts