ဂုတ်ထိပ်တံတား

ဂုတ်ထိပ်တံတား သမိုင်း …..

ဂုတ်ထိပ်တံတား နိဒါန်း

၁၈၈၅ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြပြီးနောက် ဗြိတိသျှ အစိုးရသည် မန္တလေးမြို့မှ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့အထိ ရထားလမ်း ဖောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ရထားလမ်း ဖောက်လုပ်ရာတွင် အကြီးမားဆုံး အခက်အခဲမှာ နောင်ချိုနှင့် ကျောက်မဲခရိုင် နောင်ပိန်မြို့အကြား ဂုတ်တွင်းလျှိုကမ်းပါးကြီးကို ဆက်သွယ်ရသည့် လုပ်ငန်းပင် ဖြစ်လေသည်။ ကမ်းပါးပြတ် ချောက်ကြီးမှာ တစ်ဘက်နှင့်တစ်ဘက် ပေနှစ်ထောင်ကျော်မျှ ကွာလှမ်းနေပြီး နက်ရှိုင်းလှသည့် လျှိုကြီးမှာ ပေ (၃၀၀)ကျော်မျှ ရှိနေပြန်ရာ ထိုကျောက်တောင်ကမ်းပါးပြတ်ကြီး နှစ်ဘက်ကို ရထားတစ်စင်း ဖြတ်သန်းသွားလာနှိုင်သော တံတားကြီးတည်ဆောက်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ရထားလမ်းဖေါက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူများသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ( Sir A . M . Fendal In Co )အား တံတားတည်ဆောက်ရန် ပုံစံဒီဇိုင်းအပ်နှံ၍ ဆောက်လုပ်ရန်ကိုမူ အမေရိကန်နိုင်ငံရှိ ( Pennsylvania and Maryland ) ကုမ္ပဏီအား တာဝန်ပေး အပ်နှံခဲ့လေသည်။ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်း ဖောက်လုပ်ရသည့် ဂုတ်ထိတ်တံတား စီမံကိန်းသည် နောင်ချိုမြို့မှ ရထားလမ်းအတိုင်း (၇)မိုင်ခန့်အကွာ မိုင်တိုင် (၄၆၃ . ၀၉) တွင် စတင်ပြီး မြန်မာနိုင်ငံရှိ တံတားများတွင် အမြင့်ဆုံးသော တံတားဖြစ်ခဲ့လေသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ သင်္ဘောကြီးများဖြင့် တင်ဆောင်ယူလာသော တံတားသံပေါင် ကြီးများကို ထိုတံတား တည်ဆောက်ရန်နေရာအထိ ခဲရာခဲဆစ် သယ်ယူပြီး (၁၈၉၉ )ခုဧပြီလ (၂၈)ရက်မှ စတင်တည်ဆောက်ခဲ့ကြရာ ( ၁၉၀၀ ) ပြည့်နှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပါသည်။ အထက်ပါ တင်ပြရက်စွဲသည် လမ်းအူကြောင်းဖောက်ခြင်း သံပေါင်များသယ်ယူခြင်းနှင့် မြေပြင်အနေအထားချိန်ညှိခြင်းများ အပါအဝင်ဖြစ်ပါသည်။ အမှန်တစ်ကယ် တံတားအုတ်မြစ်ချသည်မှ ပြီးစီးသည်အထိမူ တည်ဆောက်ချိန် ကိုးလသာ ရှိခဲ့ပါသည်။

တံတားကြီး၏ မြောက်ဘက်ခြမ်းရှိ ကျောက်တောင်ကြီးများကို ထွင်းဖေါက်၍ ဥမင်လှိုင်ခေါင်းကြီး နှစ်ခုကိုလည်း ရထားဖြတ်သန်းရန် ဖောက်လုပ်ကြရပြန်ပါသည်။ တံတားကြီးဆောက်လုပ်ချိန်မှာ ကိုးလတာသာလျှင် ကြာမြင့်ခဲ့သော်လည်း ခိုင်မာမှုနှင့် စံနစ်ကျခြင်းတို့ကို ယခုတိုင် အသုံးပြု၍ရနေခြင်းကပင် သက်သေမဟုတ်ပါလော။

ဗြိတိသျှ ကိုလိုနီနယ်ချဲ့တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ထားသော ဧည့်သည်များသာ ဖြစ်ကြသော်လည်း မိမိတို့ ယာယီအကျိုးခံစားခွင့်အတွက် လုပ်ငန်းတိုင်းကို ဖြစ်ကတတ်ဆန်းမလုပ်ခဲ့ကြဘဲ ကျကျနန သေသေချာချာ စံနစ်ကောင်းများဖြင့် တာဝန်ယူလေးစားစွာ ဆောင်ရွက်လေ့ရှိကြသည်ကိုဖြင့် အတုယူကြရမည် ဖြစ်ပါလေသည် ။

ယခုအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား၌ လမ်းများ တံတားများ အဆောက်အဦကြီးများ တည်ဆောက်ကြရာတွင် အချိန်မတိုင်မီပျက်စီးခြင်း ၊ ပြိုကျခြင်း ၊ စံနစ်မကျခြင်းနှင့် ယိုင်ရွဲ့နေသော လမ်းအူကြောင်းများပေါ်တွင် တွန့်လိမ်ခုံးခွက်နေသော နိုင်ငံတကာစံချိန်မီဟု ကြွေးကျော်ခြင်း ခံထားရသည့် အမြန်လမ်းမကြီးများနှင့် တံတားကြီးများ စီမံကိန်းအဆောက်အဦများမှာ အမြဲတမ်း တစ်ခုခုလိုနေသလို ခံစားမြင်တွေ့နေရမည် ဖြစ်ပါလေသည် ။

Credit to Billion Smiles Travels Myanmar
Copy. Daw MeeMeenge

OpenYourBusinessOnline

Related Posts