အရည်အသွေး

ကုန်ပစ္စည်း အရည်အသွေး နှင့် ဝန်ဆောင်မှု အရည်အသွေး

အရည်အသွေး ဆိုင်ရာ ဒီအပတ်မှာတော့ ကုန်ပစ္စည်းအရည်အသွေးနဲ့ ဝန်ဆောင်မှု အရည်အသွေး တို့ရဲ့ သဘောသဘာဝတွေကို တင်ပြသွားဖို့ ရှိပါတယ်။ ကုန်ပစ္စည်းဆိုတာကတော့ ‘Goods’ဖြစ်ပါတယ်။ ဥပမာ မော်တော်ကား၊ စာအုပ်၊ ဆပ်ပြာ စသည်တို့ဖြစ်ပါတယ်။ ဝန်ဆောင်မှုဆိုတာက ‘Service’ဖြစ်ပြီး ဟိုတယ်တို့၊ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ ခေါင်းညှပ်ဆိုင် စသည်တို့ကနေ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။
ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုပေးခြင်း ကိစ္စမှာ ကွာခြားမှုရှိပါတယ်၊ ဒါကဘာလဲဆိုတော့ ကုန်ပစ္စည်းဆိုတာ ဆပ်ပြာဆိုကြပါစို့၊ ဆပ်ပြာကို စက်ရုံက ထုတ်ပါတယ်။ စက်ရုံကနေ လက်ကားရောင်းလိုက်တယ်။ လက်ကားသမားက လက်လီသမားကို ရောင်းတယ် လက်လီသမားဆီကမှ စားသုံးသူလက်ထဲ ရောက်ပါတယ်။ ဒါကြောင့် ဆပ်ပြာကို ထုတ်လုပ်သူနဲ့ ဝယ်ယူသုံးစွဲ သူတို့ဟာ တစ်ဦးကို တစ်ဦး မတွေ့ရပါဘူး။ တစ်ခါမှလည်း မမြင်ဖူးကြပါဘူး။ ဒါကြောင့် ကုန်ပစ္စည်းအရည်အသွေး မရှိဘူးဆိုရင် တိုက်ရိုက်တောင်းဆိုမှု မပြုနိုင်ပါဘူး။ ရှင်တို့ ထုတ်လုပ်တဲ့ ပစ္စည်းညံ့တယ်၊ မကောင်းဘူးလို့ ပြောဆိုဖို့ အခွင့်အရေးမရပါဘူး။
ဒါပေမယ့် ဝန်ဆောင်မှုကိစ္စမှာတော့ ဒီလိုမဟုတ်ဘူး။ ဟိုတယ်မှာ တည်းနေတယ်၊ တည်းနေတဲ့ အခန်းထဲမှာ အနံ့အသက်ရှိရင် ချက်ချင်း “ခင်ဗျားတို့ အခန်းက အနံ့အသက်ရှိတယ်၊ အခန်းချင်းပြောင်းပေးပါ” လို့ တောင်းဆိုခွင့်ရှိပါတယ်။
ဒီလိုပဲ ခေါင်းညှပ်တယ်ဆိုပါစို့၊ ခေါင်းညှပ်ပေးတဲ့သူနဲ့ အညှပ်ခံရတဲ့သူဟာ မျက်နှာချင်းဆိုင်ပဲ။ ညှပ်နေတာနဲ့ အညှပ်ခံနေတာပါ တစ်ချိန်တည်းပါပဲ။ ဒီတော့ ဘာဖြစ်လဲ ခေါင်းညှပ်နေရင်း နားရွက်ကို ကပ်ကြေးနဲ့ ညှပ်မိသွားတယ်ဆိုရင် နိုင်ငံခြားမှာ ဆိုရင် ချက်ချင်းတရားစွဲလို့ ရတယ်။  မြန်မာပြည်မှာလည်း စကားများကြမှာပေါ့။ ညှပ်မိတဲ့လူက အနည်းဆုံးဆေးဖိုးဝါးခတော့ ပေးရမှာပေါ့။ ဝန်ဆောင်မှုကိစ္စက အင်မတန်နက်နဲပါတယ်။ ကိစ္စပြဿနာကလည်း များနိုင်ပါတယ်၊ ဘာပြုလို့လဲဆိုတော့ဝန်ဆောင်မှုပေးတဲ့ သူနဲ့ ဝန်ဆောင်မှု ရယူတဲ့ လူဟာတစ်နေရာတည်းမှာ ရှိနေလို့ပါပဲ။ ဝန်ဆောင်မှုအပေါ် ကျေနပ်မှု မကျေနပ်မှုကလည်း ချက်ချင်းလက်ငင်းဖြစ်ပေါ်တယ်။
ခရီးသွားလုပ်ငန်းကို လုပ်ဆောင်ပေးရတာဟာလည်း ဝန်ဆောင်မှုလုပ်ငန်းပါပဲ၊ ခရီးသွားလူထုရယ်၊ စပယ်ယာရယ်၊ ယာဉ်မောင်းရယ်တို့ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း ရှိနေကြတာပါ။ ဒီတော့ ဘတ်စ်ကားပေါ်မှ ယာဉ်မောင်းကလည်း အပေါက်ဆိုးဆိုး၊ စပယ်ယာကလည်း ဆူဆူညံညံတွေ ဖြစ်ပေါ်လာမှာပါ။ ဝန်ဆောင်မှု ကိစ္စမှာ မပြေမလည် ဖြစ်ပြီဆိုပါစို့၊ အဲဒီ မပြေမလည်ဖြစ်ပေါ်မှုကို လိုက်ပြီး ခဲဖျက်နဲ့ ဖျက်လို့ မရဘူး။
ဒီခံစားမှုကို ခံစားရတဲ့သူက သက်ဆိုင်ရာတွေကို တိုင်ချင်လည်း တိုင်မယ်။ အများသူငါကို လျှောက်ပြောချင်လည်း ပြောမယ်။ နောက်ပြီး ဒီလို ဘတ်စ်ကားမျိုး နောက်ဘယ်တော့မှ မစီးပါဘူးလို့လည်း ဆုံးဖြတ်ရင် ဆုံးဖြတ်မယ်။ ဒီလို ဆုံးဖြတ်ရင် နာပြီသာ မှတ်ပေတော့၊ ဘာပြုလို့လဲဆိုတော့ ဘတ်စ်ကားပြေးဆွဲတယ်ဆိုတာ ခရီးသည်ဆီက ယာဉ်စီးခလိုချင်လို့ ပြေးဆွဲတာ သူက မစီးဘူးဆိုရင် စီးပွားရေးလုပ်ငန်းပျက်စီးရာ ပျက်စီးကြောင်းဖြစ်ရောပေါ့။
ဝန်ဆောင်မှုပေးတာဟာ အရေးကြီးပါတယ်၊ ဝန်ဆောင်မှုဆိုတာဟာ ဒြပ်မဲ့ပစ္စည်းပါ၊ ဝန်ဆောင်မှုဆိုတာ အသိဉာဏ်ကို သုံးစွဲရတဲ့ကိစ္စ၊ ဝန်ဆောင်မှုဆိုတာ အရည်အသွေးကို ချက်ချင်းပြသရတဲ့ ကိစ္စဖြစ်ပါတယ်။ ပစ္စည်းထုတ်လုပ်တာကတော့ သူ့နည်းစနစ်အတိုင်း ဖော်မြူလာ အတိုင်းထုတ်ရတာပါ။
ဘတ်စ်ကားပေါ်မှ လူငယ်တစ်ယောက်က ထိုင်ခုံမှာ ထိုင်နေတယ်။ လူကြီးတစ်ယောက် တက်လာတယ်။ စပယ်ယာက “ဟေ့ မင်းက မသိနားမလည်ဘူးလား၊ ဟိုမှာ လူကြီးတက်လာတာကို ထပေးပါတော့လား” ဆိုရင် လူငယ်ကလည်း ထမပေးဘူး။ ပြဿနာတက်ရုံပဲ။ 
ဒီအခါမှာ စပယ်ယာက လက်ကလေးနဲ့တို့ပြီး လူကြီးတက်လာတာ မျက်ရိပ်မျက်ခြည်လေးနဲ့ ပြရင် လူငယ်ကလည်း ထပေးမှာ အမှန်ပဲ။ ဒီတော့ ဝန်ဆောင်မှု ကိစ္စမှာ အသိဉာဏ်ကို လွှာပြီး သုံးရတယ်။ ဖြာပြီး သုံးရတယ်။
ဝန်ဆောင်မှုရဲ့ အဓိက အချက်ဟာ အသိဉာဏ်ပညာကို ထိထိရောက်ရောက်အသုံးပြုဖို့ လိုပါတယ်။ ဒါကြောင့် ဝန်ဆောင်မှု ကောင်းကောင်းပေးချင်ရင် ဝန်ဆောင်မှု ပြုသူရဲ့ အရည်အသွေး ထက်မြက်ဖို့၊ ကောင်းဖို့ အလွန်လိုပါတယ်၊ လူရဲပ အရည်အသွေးမကောင်းရင် ဝန်ဆောင်မှုလည်း မကောင်းနိုင်ဘူး။
အရည်အသွေးကောင်းရင် အမြတ်ရဖ့ိုကိစ္စဟာ ပူစရာမလိုပါဘူး။ ဝန်ဆောင်မှု အရည်အသွေးကောင်းရင် တန်ရာတန်ကြေးလည်း ပေးတတ်ကြပါတယ်။ ဘောက်ဆူးတောင် ရကြပါတယ်။ ပစ္စည်းကောင်းကောင်းထုတ်ရင် လူအများအပြားဝိုင်းအသုံးပြုရာက အမြတ်လည်း များများရမှာပဲ။ ပစ္စည်းကောင်းရင် သုံးစွဲသူက တစ်ဦးနဲ့ တစ်ဦးသူ့ဟာသူ ကြော်ငြာတောင်ပေးပါသေးတယ်။
“ဟေ့ မန္တလေးရောက်ရင် .. နဒီ မြန်မာမှာတည်း၊ စိတ်ချရတယ်”
“ပြင်ဦးလွင်ရောက်ရင် မြနန္ဒာမှာ တည်း” စသည်ဖြင့် အဆင့်ဆင့် ပြောသွားကြတာပဲ။
တစ်ခါတလေ ကျွန်မတို့လုပ်တာ တစ်မျိုးရှိတယ်၊ ကိုယ်လွတ်ရင် ပြီးရော ဆိုပြီး လုပ်တာ၊ ကုန်ပစ္စည်းရော၊ ဝန်ဆောင်မှုကိစ္စမှာက လက်ဆင့်ကမ်း လုပ်ရတာရှိတယ်၊ ဟိုတယ်မှာဆို ဧည့်ကြိုက လူကို ကြိုရတယ်၊ ပြီးရင် အိပ်ခန်းဘက်ကို လွှဲပေးရတယ်၊ အိပ်ခန်းကနေ စားသောက်ခန်းနဲ့ ဆက်ပေးရပြန်တယ်၊ ဒီလို အဆင့်ဆင့်ရှိရာမှာ အရည်အသွေးရှိရှိ လက်ဆင့်ကမ်းဖို့လိုတယ်။
ကုန်ပစ္စည်းထုတ်လုပ်ရာမှာလည်း လက်ဆင့်ကမ်းပေးရမှာ လက်လွတ်စပယ်မလုပ်ရပါဘူး။ စားသုံးသူဦးစားပေးစိတ်ဓာတ်ဆိုတာ နောက်ဆုံး သုံးစွဲသူ ကျေနပ်စရာဖြစ်အောင် လုပ်ရပါမယ်။ ကုန်ပစ္စည်းထုတ်လုပ်ရာမှ အဆင့်တစ်ဆင့်ကနေ မိမိက အခြားသူကို ပစ္စည်းလွှဲပေးရမယ်ဆိုရင် တစ်ဆင့်လွှဲပေးခြင်းခံရသူကိုလည်း စားသုံးသူအဖြစ် သဘောထားရပါတယ်။ ဒါကြောင့် အရည်အသွေးတည်ဆောက်ရာမှာ အဆင့်ဆင့်တည်ဆောက်ရမယ်၊ အားလုံးပါဝင်ရမယ်၊ လူတိုင်းပါဝင်ရမယ်လို့ပြောတာဖြစ်ပါတယ်။ အရည်အသွေးတည်ဆောက်ရာမှာ လူတိုင်းပါဝင်ခြင်းဟာ စားသုံးသူကို အလေးထားဦးစားပေးတဲ့ သဘောဖြစ်ပါတယ်။ ငါထုတ်လိုက်ရင် သူတို့ဝယ်ရမှာပဲ၊ ငါကားမောင်းပို့မှ သူတို့သွားချင်တဲ့ နေရာရောက်မှာပဲ ဆိုတဲ့ စိတ်မျိုးမထားဘဲ စားသုံးသူကို အလေဂရုပြုတဲ့စိတ်၊ စားသုံးသူစိတ်ချမ်းသာ ရွှင်လန်းစွာနဲ့ ခရီးဆုံးရောက်အောင် ပို့ပေးမယ်ဆိုတဲ့ စိတ်ဓာတ်တွေဟာ အရည်အသွေးတည်ဆောက်မှု စိတ်ထားတွေ ဖြစ်ပါတယ်၊ ဒီစိတ်ထားမျိုးတွေကို မွေးမြူရပါမယ်။ 
ဒီစိတ်ဓာတ်မျိုးတွေ တည်ဆောက်ရာမှာ ‘PDCA Cricle’ကို အထူးသတိပြုရပါမယ်။
P ဆိုတာက Plan – စီမံချက်
D ဆိုတာက Do – အကောင်အထည်ဖော်တာ
C ဆိုတာက Check – စစ်ဆေးသုံးသပ်တာ
A ဆိုတာက Action သုံးသပ်စစ်ဆေးပြီး စီမံချက်အသစ် ပြန်လည်ရေးဆွဲပြီး ထပ်မံဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ရင် အင်မတန်ကောင်းမွန်တဲ့ အရည်အသွေးအကောင်အထည် ဖော်မှု စနစ် Modified Plan ကို ရရှိမှာ ဖြစ်ပါတယ်။
အရည်အသွေးတည်ဆောက်ရာမှာ လိုအပ်တဲ့ ပီဒီအေ စက်ဝန်း PDCA Circle အကြောင်းကို လေ့လာကြရအောင်ပါ။
P က ‘Plan’ စီမံချက်ဖြစ်ပါတယ်။ အရည်အသွေးရှိတဲ့ လုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုရင် စီမံချက်ရှိရပါမယ်။ စီမံချက်မှာ ရည်ရွယ်ချက်၊ ဘယ်လို လုပ်ဆောင်မယ်၊ ဘယ်တော့ ပြီးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ဖို့ လိုပါတယ်။ စီမံချက်ကို စေ့စေ့စပ်စပ်နဲ့ ဖြစ်နိုင်ခြေတွေပေါ်မှာ မူတည်ပြီး ဆွဲရပါမယ်။ စီမံချက်ဟာ စိတ်ကူးယဉ်လို့ မရပါဘူး။ သူက လက်တွေ့ အကောင်အထည်ဖော်ရမှာပေါ့။
D က ‘Do’ဆိုတာ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ စီမံချက်ကို စီမံချက် အတိုင်းထားရင် ဘာမှ မဖြစ်လာပါဘူး။ စီမံချက်ကို အကောင်အထည်ဖော်ရပါမယ်။ အကောင်အထည် ဖော်ရမယ့် အပိုင်း ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အကောင်အထည်ဖော်တဲ့ အပိုင်းမသေသပ်ရင်လည်း အရည်အသွေးရှိတဲ့ ပစ္စည်းကောင်းတွေ ထွက်မလာနိုင်ပါဘူး။
C ကတော့ ‘Check’ စစ်ဆေးမှု၊ ပြန်လည်သုံးသပ်မှု လုပ်ဖို့ဖြစ်ပါတယ်။ စီမံချက်ကို အကောင်အထည်ဖော်ရာမှာ ပစ်ထားလို့မရပါဘူး။ အဆင့်တိုင်း အစိတ်အပိုင်းတိုင်းကို ပြန်လည် စစ်ဆေးနေရပါမယ်။ အမှားအယွင်း ချွတ်ယွင်းတိမ်းစောင့်မှုရှိရင် ချက်ချင်းပြင်ရပါမယ်။ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်း၊ ကိုယ်ထုတ်လိုက်တဲ့ ဝန်ဆောင်မှုကို ထပ်တလဲလဲ စစ်ဆေးနေရပါမယ်။
A ကတော့ ‘Action’စစ်ဆေးသုံးသပ်လို့ရတဲ့ အခြေအနေပေါ်မှာ ကြည့်ပြီး နောက်တစ်ခါထပ်ပြီး ‘Plan’ ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာ ပထမ စီမံချက်ထက် ဒုတိယ စီမံချက်က ပိုကောင်းလာမှာ အမှန်ဖြစ်ပါတယ်။
ကျွန်မတို့ဟာ လုပ်ငန်းခွင်မှာ ‘PDCA Circle’ကို အမြဲလေ့လာစစ်ဆေးပြုပြင်ပြောင်းလဲနေသလို ကုမ္ပဏီအနေနဲ့ အမြဲလုပ်ဆောင်နေရမယ့် ကိစ္စတွေက-
(က) အလုပ်ခွင် သာယာသန့်ရှင်းဖို့
(ခ) အလုပ်သမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့၊
(ဂ) အလုပ်သမားတစ်ဦးချင်းစီရဲ့ စွမ်းရည်ကို အသိအမှတ်ပြုပေးဖို့ ဖြစ်ပါတယ်။
ကျွန်မတို့ လူမျိုးဟာ ကဲ့ရဲ့ဖို့၊ အပြစ်ပြောဖို့ဘက်မှာ အားသန်နေပြီး ချီးမွမ်းဖို့၊ ဒီလူရဲ့ကောင်းတဲ့ အချက်ကို အသိအမှတ်ပြုဖို့ ဆိုတဲ့နေရာမှာ လက်နှေး နေတတ်ကြပါတယ်။
လူကြီးလုပ်တဲ့သူတွေဟာ အောက်လက်ငယ်သားကို ဆူချင်ဆူလိုက်၊ ဆဲလိုက်ဆဲလိုက်ပေမယ့် သူလုပ်တဲ့၊ ကောင်းတဲ့ အချက်ကို အသိအမှတ်ပြုဖို့ကြတော့ မလုပ်ဖြစ်ကြပါဘူး။ ဒါကလဲ သူ့ကို ငွေရေးကြေးရေးပေးဖို့၊ လက်ဆောင်ပေးဖို့ မဟုတ်ပါဘူး။ သူလုပ်ဆောင်ခဲ့တဲ့ ကောင်းရာ ကောင်းကြောင်းအလုပ်ကို လူကြီးကလူအများရှေ့မှာ သူ့ပခုံးကို ပုတ်ပြီး….. ‘မင်းသိပ်တော်တယ်ကွာ၊ မင်း ဒါလုပ်ပေးလိုက်တဲ့ အတွက် တို့အဖွဲ့ အစည်းမှာ ဘာကဖြင့် အောင်မြင်သွားတာပဲ’လို့ ချီးမွမ်းလိုက်ရင် ဒီလူငယ်သိပ်ကျေနပ်သွားမယ်၊ သူကျေနပ်သွားတဲ့ အကျိုးက သူလုပ်ဆောင်တဲ့ အလုပ်တိုင်းမှာ အရည်အသွေးတွေ မွေးဖွားလာတော့မှာပါ။
အရည်အသွေးတည်ဆောက်တယ်ဆိုတာ ကိုယ့်ကုမ္ပဏီတစ်ခုတည်း မဟုတ်ဘဲ၊ ကိုယ့်လုပ်ငန်းခွင်တစ်ခုတည်းမဟုတ်ဘဲ တိုင်းပြည်မှာရှိတဲ့ ကုမ္ပဏီတိုင်း၊ လုပ်ငန်းတိုင်း အရည်အသွေးကို တန်ဖိုးထား လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှလည်း ကိုယ့်နိုင်ငံတိုးတက်မှာပေါ့။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

# Open More Online

Related Posts