Action

ကံဆိုသည်မှာ အလုပ် Action ဖြစ်သည်။

ကံဆိုသည်မှာ အလုပ် Action ဖြစ်သည်။ ~~~~
အသုံးများတဲ့ စကားလုံးတွေထဲမှာ ကံဆိုတဲ့ စကားလုံး ပါဝင်တယ်။ မအောင်မမြင်ဖြစ်ရတဲ့ အခြေအနေမျိုးမှာ လူတချို့ဟာ ကံပေါ့လေလို့ ပြောတတ်ကြပါတယ်။ တချို့ကလည်း ကံ, ကံ၏အကျိုးပေါ့လေလို့ ပြောတတ်ကြပါတယ်။ ကံကိုပါမလာဘူးလို့ ပြောသူတွေလည်း ရှိကြပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခြေအနေမျိုးမှာတော့ ကံဆိုးလိုက်တာလို့ ပြောတတ်ကြပါတယ်။ အခွင့်အရေးတွေရပြီး မမျှော်လင့်ဘဲ အောင်မြင်မှုတွေ၊ ပစ္စည်းဥစ္စာတွေ ရရှိချိန်မှာတော့ ကံကောင်းလိုက်တာလို့ ပြောလေ့ ရှိပါတယ်။ ကံဆိုတဲ့ စကားလုံးလေးဟာ အလွန်သေးငယ်ပေမယ့် ဒီစကားလုံးကို ဘယ်လိုနဲ့ ဘယ်လောက် နားလည်သလဲဆိုတာကတော့ လူသားအပေါ်မှာ အကျိုးသက်ရောက်မှုက အလွန်ကြီးပါတယ်။ နားလည်မှုလွဲမှားတဲ့ လူတွေတချို့ဟာ လူပျင်းတွေ ဖြစ်လာပါတယ်။
          တချို့ကလည်း ဘဝမှာ ဦးတည်ချက်ပျောက်ပြီး လျော့တိလျော့ရဲနဲ့ ဇွဲလုံ့လမရှိသူတွေ ဖြစ်လာကြပါတယ်။ တချို့ကလည်း ဘယ်အရာမဆို အလကားလိုချင်ပြီး အခွင့်အရေးကိုသာ စောင့်သူတွေ ဖြစ်လာပါတယ်။ တချို့က လာဘ်စားသူတွေ ဖြစ်လာကြပါတယ်။ ကံရဲ့အကြောင်းကို သေသေချာချာ နားလည်သဘောပေါက်သူတွေဟာ မဆုတ်မနစ်သာ ဇွဲလုံ့လရှိသူတွေ ဖြစ်လာပါတယ်။ ရေရှည်မှာ အောင်မြင်သူတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကံဆိုတဲ့ စကားလုံးအကြောင်းကို သေသေချာချာ နားလည်သဘောပေါက်ရန် လိုလာပါတယ်။ ကံဆိုတာကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြောရင် စကားလုံးတွေ အများကြီး ရှိပေမယ့် အကြမ်းဖျင်းအားဖြင့် Karma, Destiny နဲ့ Luck ဆိုပြီး (၃)မျိုး ပြောနိုင်ပါတယ်။
          Karma ဆိုတဲ့ စကားလုံးဟာ Oxford Dictionary မှာ သွင်းထားပြီးဖြစ်တဲ့ စကားလုံး ဖြစ်ပါတယ်။ အသံထွက်က ကာမဂုဏ်ကိုဆိုတဲ့ ကာမနဲ့ နည်းနည်းဆင်နေတော့ မမှားဖို့တော့ လိုပါတယ်။ Kama ဆိုတဲ့ စကားလုံးကို Hindu နဲ့ Buddhist တွေ အသုံးပြုတဲ့ စကားလုံး ဖြစ်ပါတယ်။ action နဲ့ reaction သဘောကို ပြောတာ ဖြစ်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်လို့ ယုံကြည်ခြင်း ဖြစ်ပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ခန္ဓာနဲ့သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း၊ စိတ်အားဖြင့်သော်လည်းကောင်း ပြုကျင့်မိခဲ့တဲ့ အကြောင်းများအားလုံးဟာ မိမိထံသို့ အကျိုးများအဖြစ်နဲ့ တန်ပြန်သက်ရောက်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ action & reaction ဆိုတဲ့ သဘောကို ယနေ့ခေတ် သိပ္ပံပညာရှင်များကလည်း ရှာဖွေတွေ့ရှိပြီး လက်ခံ ယုံကြည်ကြပါတယ်။ Hindu နဲ့ Buddhist တွေ ယုံကြည်တာကတော့ ဒီလိုအကြောင်းများက အကျိုးကို ဖြစ်စေတဲ့နေရာမှာ ဒီဘဝမှာ လက်ငင်းအကျိုးပေးတာတွေ ရှိတယ်။ ဒီဘဝမှာပဲ နည်းနည်းကြာမှ အကျိုးပေးတတ်တာတွေ ရှိတယ်။ နောင်ဘဝတွေမှာမှ အကျိုးပေးတတ်တယ်လို့ ယုံကြည်ကြပါတယ်။ ယခုဘဝမှာ ရရှိနေတဲ့ အခြေအနေတွေဟာ ယခင်ဘဝပေါင်းများစွာက ပြုလာခဲ့တဲ့ အကြောင်းများကြောင့် အကျိုးများ ဖြစ်နေကြောင်း ယုံကြည်ကြပါတယ်။ ဒါတွေဟာ Karma ရဲ့သဘော ဖြစ်ပါတယ်။
          နောက်တမျိုးက Destiny ဖြစ်ပါတယ်။ မြန်မာအဘိဓာန်အရ Destiny ကို ကံ၊ ကြမ္မာလို့ပဲ ဘာသာပြန်ပါတယ်။ ဒီ Destiny ကိုတော့ ထာဝရဘုရားကို ယုံကြည်တဲ့ ဘာသာရေးများကို ကိုးကွယ်သူတွေ သုံးတာ များပါတယ်။ အဓိပ္ပာယ်ကတော့ လူသားတွေမှာ ပါလာပြီးဖြစ်တဲ့ လူသားတွေ စွမ်းရည်နဲ့ မကျော်လွှားနိုင်တော့တဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
          ပြင်သစ်နိုင်ငံမှာ အင်ပါယာဘုရင်ဖြစ်ခဲ့တဲ့ နပိုလီယန် ဘိုနာဘတ် (August 15th, 1769 to May 5th, 1821) ရှိခဲ့ဖူးပါတယ်။ နပိုလီယန်ကို ကော်ဆီကန်ကျွန်းမှာ မွေးခဲ့ပြီး ပြင်သစ်တပ်မတော်မှာ သာမန်အမြှောက်တပ်သားလေးအနေနဲ့ ဘဝကို စခဲ့ပါတယ်။ ရည်မှန်းချက် အလွန်ပြင်းထန်ပြီး ကြိုးစားလွန်းတဲ့အတွက် ပြင်သစ်နိုင်ငံရဲ့ စစ်ရေးရော နိုင်ငံရေးမှာပါ ဦးစီးနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ၁၉ ရာစုနှစ် ဥရောပတစ်ခွင်လုံးရဲ့ နိုင်ငံရေးအပြောင်းအလဲတွေအားလုံးလိုလိုမှာ နပိုလီယန်ရဲ့ လွှမ်းမိုးမှု ရှိပါတယ်။
          သူ အင်အားတောင့်တင်းလာချိန်မှာ ရုရှားနိုင်ငံကို ကျူးကျော်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ သူ ရှုံးပါတယ်။ သူ့ကို Elba လို့ခေါ်တဲ့ ကျွန်းမှာ အကျဉ်းချထားခဲ့ပါတယ်။ သူဟာ ဒီကျွန်းက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အင်အားပြန်လည်တည်ဆောက်ပါတယ်။ နောက်တစ်ခါ တိုက်ပွဲ ဝင်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အင်္ဂလိပ်တွေနဲ့ တိုက်တဲ့ Waterloo တိုက်ပွဲမှာ ထပ်ရှုံးပါတယ်။ ဒီအချိန်မှာတော့ အင်္ဂလိပ်တွေက Saint Helena ကျွန်းမှာ အကျဉ်းချထားခဲ့ပါတယ်။ ဒီကျွန်းမှာပဲ သေပါတယ်။ သမိုင်းပညာရှင်တွေက နပိုလီယန်ဟာ အစာအိမ်ကင်ဆာနဲ့ သေတယ် ဆိုပါတယ်။ တချို့ကတော့ အာဆင်းနစ်လို့ခေါ်တဲ့ အဆိပ်ခတ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူသေခါနီးမှာ သူ့ဇနီးအတွက် လည်ဆွဲ Locket လေးတစ်လုံး ပေးခဲ့ပါတယ်။ ဒီ Locket လေးထဲမှာ စကားလုံးလေး တစ်လုံး ရေးထားပါတယ်။ ဒီစကားလုံးလေးကတော့ Destiny ပဲ ဖြစ်ပါတယ်။ ငါဟာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား နောက်ဆုံးတော့ ဒီလောက်ပဲ ရမယ်လို့ ဆိုသွားတာပါပဲ။
          နောက်. . .ကံကောင်းခြင်းလို့ လူသုံးများတဲ့ Luck ဆိုတာ တစ်ခု ရှိပါတယ်။ Luck ဆိုတဲ့ အဓိပ္ပာယ်ကတော့ The power that make you good ဖြစ်ပါတယ်။ အနက်ကတော့ မိမိကို ကောင်းခြင်း ဖြစ်စေတဲ့ အင်အားလို့ ဆိုပါတယ်။ ဒါကြောင့်မို့ ကံကောင်းပါစေတို့လို ဆုတောင်းတဲ့ ကိစ္စမျိုးမှာ သုံးပါတယ်။
          ဒါကြောင့် မိမိက ကံဆိုတဲ့ အသုံးအနှုန်း သုံးလိုက်တဲ့အချိန်တိုင်း၊ Karma ကို သုံးတာလား၊ Destiny ကို သုံးတာလား၊ Luck ကို သုံးတာလား ဆိုတာ ခွဲခွဲခြားခြားသိရန် လိုပါတယ်။ လူသားတွေဟာ ဘယ်လောက်အသက်ရှင်ခွင့်ရမယ်ဆိုတာ မသိပေမယ့် လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကနေ ကောင်းသထက်ကောင်းအောင် ကြိုးစားနေကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ ဖြစ်နေတာတွေဟာ အတိတ်ကံလို့သာ ယိုးမယ်ဖွဲ့ချနေမယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေ ယုတ်လျော့သွားပါလိမ့်မယ်။ ကြိုးစားအားထုတ်မှုတွေ မရှိရင် ကောင်းမွန်တဲ့ ဘဝတစ်ခုကို မရနိုင်တော့ပါဘူး။
          လူသားတွေ ဘယ်အချိန်မှာ သေမယ်၊ ဘယ်လိုမျိုး လူ့ဘဝကနေ ထွက်ခွာသွားရမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ချမ်းသာကြွယ်ဝတဲ့ သူတွေမှာ အပြစ်ကင်းမဲ့ပြီး အလိုအလျောက် ချမ်းသာလာသူတွေ ရှိပါတယ်။ မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားနဲ့ ကြွယ်ဝချမ်းသာလာသူများ ရှိတယ်။ တချို့ ချမ်းသာလာသူတွေကတော့ အကျင့်စာရိတ္တ ဖောက်ပြန်ပြီး ကလိမ်ကကျစ်တွေနဲ့ ခေတ်ပျက်သူတွေ၊ ရာဇဝတ်ကျူးလွန်သူတွေ ဖြစ်တယ်။
          ဒီလိုချမ်းသာမှုမျိုးဟာ အတိတ်က ကံကောင်းလို့ မဟုတ်ဘူး။ တာဝန်ကင်းမဲ့မှုတွေ ဖြစ်တယ်။ လောဘတွေ ဖြစ်တယ်။ လူသားတွေမှာ ဘယ်လို Destiny မျိုးလည်းဆိုတာလည်း မသိနိုင်တဲ့အတွက် လူသားတွေဟာ ရှင်သန်ခွင့်ရတဲ့ အချိန်အတွင်း မိမိ၏ ရှင်သန်ဖွံ့ဖြိုးရာ အတွက်သော်လည်းကောင်း၊ မိမိရဲ့ လူ့အသိုင်းအဝိုင်း ရှင်သန်ဖွံ့ဖြိုးရန် အတွက်သော်လည်းကောင်း မဆုတ်မနစ်သော ဇွဲ၊ လုံ့လ များနှင့် နောက်ဆုံးထွက်သက်ထိ ကြိုးစားသွားရမည် ဖြစ်ပါကြောင်း ရေးသားအပ်ပါတယ်။ မိမိအတွက် ကောင်းမွန်မယ့်အရာတွေ၊ မျှတမှုတွေ၊ လူသားအများစု ကြီးထွားဖွံ့ဖြိုးရှင်သန်စေမယ့် အကြောင်းတွေကို မရပ်မနား ကြိုးစားသွားကြရမှာဖြစ်ကြောင်း ရေးသားအပ်ပါသည်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသားစာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts