ကူညီပါ၊

ကူညီပါ၊ ပေးကမ်းလှူဒါန်းပါ။

ကူညီပါ၊ ပေးကမ်းလှူဒါန်းပါ။ ~~~~
ဖွံ့ဖြိုးတိုးတက်လိုသူတွေဟာ ကူညီဖို့၊ ပေးကမ်းလှူဒါန်းဖို့ လိုပါတယ်။ ကူညီတာက တစ်ပိုင်း၊ ပေးကမ်းလှူဒါန်းတာက တစ်ပိုင်း ဖြစ်ပါတယ်။

ဘယ်လိုလူပဲဖြစ်စေ တစ်ခါတစ်ရံမှာ အကူအညီလိုတတ်ပါတယ်။ လိုအပ်တဲ့ အကူအညီတွေဟာလည်း တစ်ခါတစ်ရံ သာမန်လိုအပ်ချက်တွေ ဖြစ်တတ်သလို တစ်ခါတစ်ရံမှာ သေရေးရှင်ရေး ဖြစ်နေလေ့ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ အမှန်တကယ် အကူအညီ လိုအပ်နေသူကို ကူညီရန် လိုပါတယ်။ ဒါမှသာ လူသားဆန်တဲ့ လူတွေ ဖြစ်လာမှာဖြစ်တယ်။ ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် အကူအညီလိုသူ ရှိတယ်။ ကိုယ်က ကူညီနိုင်မယ်ဆိုရင် ကူညီကြဖို့ လိုပါတယ်။

ပေးကမ်းလှူဒါန်းတယ်ဆိုတာကတော့ ရည်ရွယ်ပြီးလုပ်ရတာ ဖြစ်တယ်။ လူသားအဖြစ် မွေးဖွားလာသူအားလုံးဟာ ပြည့်စုံတဲ့ဘဝတွေက စတာမဟုတ်ပါဘူး။ အားလုံးဟာ မပြည့်မစုံနဲ့ပဲ စကြရတာ ဖြစ်တယ်။ သို့သော် တချို့လူသားတွေက မိမိကိုယ်မိမိ အားကိုးနိုင်ဖို့ အကူအညီလိုအပ်နေသူတွေ ရှိပါတယ်။ တချို့က မွေးလာကတည်းက မိဘတွေနဲ့ ဝေးကုန်တယ်။ တချို့က ရောဂါဝေဒနာတွေနဲ့ မွေးဖွားလာကြတယ်။ တချို့က မျက်မမြင်၊ ဆွံ့အ နားမကြား၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအနေနဲ့ မွေးဖွားလာကြတယ်။ တချို့က ဉာဏ်ရည်မမှီဘူး၊ တချို့က အလုပ်မရှိဘူး၊ တချို့က နေစရာမရှိဘူး။ ဒီလိုမျိုး အလွန်ခက်ခဲတဲ့ အခြေအနေတွင် ဖြစ်လာတယ်။

ဒီလိုဖြစ်လာရတာတွေ အားလုံးအတွက် အရေးကြီးဆုံး လိုအပ်နေတာက မိမိရဲ့ စစ်မှန်တဲ့ မေတ္တာတရား ဖြစ်တယ်။ သူတို့ရဲ့ အသက်နဲ့ ရှင်သန်မှုအတွက် မိမိတတ်နိုင်တဲ့အပိုင်းက ပေးကမ်းကြရမယ်။ လှူဒါန်းကြရမယ်။ ဒီလူတွေဟာ ကျိန်စာမိသူတွေ၊ လာဘ်တိတ်စေတတ်သူတွေ မဟုတ်ဘူး။ မိမိရဲ့ မေတ္တာတရားကို အကောင်အထည်ပြဖို့ အခွင့်အရေးတွေ ရရှိခြင်းဖြစ်တယ် ဆိုတာကို မမေ့မလျော့နဲ့ ပေးကမ်းလှူဒါန်းကြရန် လိုပါတယ်။

သို့သော် ပေးကမ်းလှူဒါန်းမှုတွေက လွဲမှားတတ်တယ်။ ပေးကမ်းလှူဒါန်းမှုတွေကို မိမိရဲ့စိတ်နှလုံးသား အရင်းခံပြီးလုပ်ဖို့သာ ဖြစ်တယ်။ မိမိရဲ့ ဂုဏ်သတင်းကျော်ဇောမှု၊ ပတ်ဝန်းကျင်ရဲ့ အထင်ကြီးလေးစားမှုကို ရရှိဖို့ ဂုဏ်တုဂုဏ်ပြိုင် ပေးကမ်းလှူဒါန်းကြတာမျိုးတွေဟာ အကျိုးမရှိတဲ့အပြင် ဖြုန်းတီးခြင်းသာ ဖြစ်မယ်။ မလိုတဲ့လူတွေကို ပေးကမ်းလှူဒါန်းနေရင်လည်း လူပျင်းများနဲ့ ကြောင်သူတော်များသာ များလာမယ်။ အကျိုးမရှိဘူး။

ဒါကြောင့် ဖွံ့ဖြိုးတိုးတက်လိုသူများဟာ ဒီသဘောတွေကို နားလည်ပြီး ကူညီခြင်း၊ ပေးကမ်းလှူဒါန်းခြင်းတွေ လုပ်ဖို့လိုတယ်။

ကူညီပါ၊ ပေးကမ်းလှူဒါန်းပါ။

ခင်မောင်လွင်၏ လွတ်လပ်သောလူသားစာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts