အပြစ်ပုံချ

ဘဝမှာ အဆင်မပြေမှုနဲ့ကြုံရတိုင်း ကံကိုပဲအပြစ်ပုံချနေမှာလား

ကျွန်တော်တို့ဟာ ဘဝမှာ ရည်မှန်းထားတာတွေ ဖြစ်မလာခဲ့ရင် လွယ်လွယ်နဲ့ အညံ့ခံ အလျှော့ပေးတတ်ကြတယ်။ “ကုသိုလ်ကံမကောင်းလို့” “ရှေ့ဘဝက အကျိုးပေးမကောင်းခဲ့လို့ ခုလိုပဲဖြစ်ရတာပဲ”ဆိုပြီး ပြောလေ့ရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ကုသိုလ်ကံတို့ ဘဝအကျိုးပေးဆိုတာတွေကို အပြစ်ပုံချလေ့ရှိပြီး ပြဿနာရဲ့အကြောင်းရင်းကို ဖွေရှာဖို့ မေ့နေတတ်ကြတယ်။ ပြဿနာရဲ့ အကြောင်းတရားက ဖြေရှင်းလို့မရဘူးဆိုရင် ကုသိုလ်ကံလို့ပဲ ပြောရတော့မှာပေါ့။

အခုရေးလိုက်တာက ဘဝမှာ တစ်ခုခုအဆင်မပြေတိုင်း အထစ်အငေါ့လေးတွေ၊ စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်ရတိုင်း ကုသိုလ်ကံကို အရင်အပြစ်ပုံမချခင် တကယ့်အကြောင်းအရင်းကို ရှာကြည့်စေချင်လို့ပါ။

တစ်ခါက ကျွန်တော် ကျူရှင်ဆရာလုပ်ခဲ့စဉ်က စာသင်ပေးခဲ့တဲ့ တပည့်မတစ်ယောက်က သူ့အလုပ်ထဲမှာ အဆင်မပြေလို့ အိမ်ကိုလာတွေ့ပြီး တိုင်ပင်ချင်တယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ကျွန်တော်က လာတွေ့လို့ရပါတယ်လို့ ပြောလိုက်ပါတယ်။ သူ့နာမည်က “အေးမိစံ”ပါ။

နောက်တစ်ရက်မှာပဲ အေးမိစံ ကျွန်တော့်အိမ်ကို ရောက်လာပါတယ်။ သူမ အိမ်ပေါ်တက်လာပြီး မကြာခင်မှာပဲ အခုလိုပြောပါတယ်။

အေးမိစံ … “ဆရာရယ် ကျွန်မအခုလုပ်နေတဲ့ အလုပ်ထဲမှာ အဆင်မပြေလို့ အလုပ်သစ်တစ်ခုရှာမလို့ စိတ်ကူးနေတယ်”

ကျွန်တော် … “အလုပ်ထဲမှာ ဘာတွေဖြစ်တာလဲဆိုတာ အရင်ပြောပြဦးလေ။ ကူညီနိုင်တာဆိုရင် ကူညီပေးလို့ရတာပေါ့”

အေးမိစံ … “ဒီလိုပါ ဆရာ။ ကျွန်မ အလုပ်ထဲမှာ စာရင်းလုပ်တဲ့အခါ အမှားတွေ ပါလေ့ရှိတယ်။ ကျွန်မရဲ့အထက်မန်နေဂျာက အမြဲဆူပါတယ်။ ကျွန်မကလည်း အမှားအတွက် မတောင်းပန်ချင်ဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုစာရင်းမှားတာက ကျွန်မရဲ့ မွေးရာပါအကျင့်ဖြစ်နေပြီ။ အကျင့်ပြင်လို့ကို မရတော့ဘူး။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ဒါကို နားလည်သဘောမပေါက်ကြဘူး။ ဒီဌာနမှာ ကျွန်မ မရှိရင်ကောင်းမယ်လို့ ပြောနေကြမယ်ထင်တယ်။ အဲဒါကြောင့် အလုပ်ဆက်လုပ်ချင်စိတ် မရှိတော့ဘူး။ ကျွန်မရဲ့ ကုသိုလ်ကံကလဲ ဆိုးပါတယ် ဆရာရယ်”

ကျွန်တော် … “အိုကေ။ မင်းရဲ့ပြဿနာကို ငါသဘောပေါက်ပြီ။ ဒါပေမဲ့ မင်းအဲဒီ စာရင်းလုပ်တိုင်း မှားနေတာတွေဟာ ပြင်မရတဲ့မင်းရဲ့ မွေးရာပါအကျင့်ကြောင့် ဒါမှမဟုတ် မင်းရဲ့ကုသိုလ်ကံကြောင့်လို့ ယုံကြည်နေရင်တော့ အဲဒီအမှားတွေကို တစ်သက်လုံး မင်းပြင်နိုင်မှာ မဟုတ်ဘူး”

အေးမိစံ … “ဒါတော့ ကျွန်မသဘောပေါက်ပါတယ်။ ဒါပေမဲ့ အဲဒီအကျင့်ကို ပြင်ချင်စိတ်မရှိဘူး ဆရာ”

ကျွန်တော် … ” ဟုတ်ပါပြီ။ ငါတစ်ခုမေးမယ်ကွာ။ အဲဒီအမှားကို မပြင်ချင်ဘူးဆိုတာကို ဘယ်သူက ဆုံးဖြတ်တာလဲ”။ အေးမိစံက သူမရဲ့ ဆုံးဖြတ်ချက်ပါလို့ ချက်ချင်းပဲ ဝန်ခံပါတယ်။

သူမ အခုလို အမှန်အတိုင်းဝန်ခံလိုက်တော့ ကျွန်တော်လည်းအားတက်သွားပြီး အခုလို ဆက်ပြောလိုက်ပါတယ်။ “အဲဒီအမှားကို မပြင်ချင်တာ မင်းရဲ့မွေးရာပါအကျင့်မို့ ပြင်လို့ကိုမရနိုင်ဘူး ထင်နေလို့လား”။

အေးမိစံ … “ကျွန်မ တကယ်ပြင်ချင်စိတ်ရှိရင် ပြင်လို့ရပါတယ် ဆရာ”

ကျွန်တော် … “ငါပြောချင်တာ အဲဒါပဲ။ မင်းရဲ့ မွေးရာပါအကျင့်တို့၊ ကုသိုလ်ကုံတို့ကို အပြစ်တင်နေမယ့်အစား မင်းရဲ့ပြဿနာအရင်းခံဖြစ်တဲ့ အမှားလုပ်တတ်တဲ့၊ ပေါ့ပေါ့ဆဆလုပ်တဲ့အကျင့်ကို ဂရုတစိုက်လုပ်တတ်တဲ့အကျင့်နဲ့ အစားထိုးပြင်လိုက်ရင် နောင်ကို မင်းဒီပြဿနာတွေနဲ့ မကြုံရတော့ဘူးလေ”

အေးမိစံ … “ကျွန်မသဘောပေါက်ပြီ ဆရာ။ ကျွန်မ အရင်ကလို မွေးရာပါအကျင့်တို့ ကုသိုလ်ကံကြောင့်ပဲလို့ ယုံကြည်နေရင် ကျွန်မပြောင်းလဲချင်စိတ်ရှိမှာ မဟုတ်ဘူး။ ကျွန်မ မနက်ဖြန်အလုပ်ထဲရောက်တာနဲ့ စာရင်းမမှားအောင် ဂရုစိုက်ပြီး လုပ်ပါတော့မယ် ဆရာ”။ သူမ စိတ်ပေါ့ပါးစွာနဲ့ အိမ်ပေါ်က ဆင်းသွားပါတယ်။

တစ်လလောက်ကြာတော့ အေးမိစံက ဖုန်းဆက်တယ်။ သူမ အလုပ်မပြောင်းဖြစ်ပါဘူးတဲ့။ အလုပ်ထဲမှာ အထက်က မန်နေဂျာနဲ့ရော လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရမ်းအဆင်ပြေနေလို့ သူမ ပျော်နေပြီတဲ့။

ကျွန်တော်တို့ဘဝမှာ အဆင်မပြေမှုတွေ အခက်အခဲဒုက္ခတွေနဲ့ ကြုံတွေ့ရင်ဆိုင်ရတိုင်း ကုသိုလ်ကံကို အရင်အပြစ်မတင်ခင် ပြဿနာရဲ့အကြောင်းအရင်းကို အဖြေရှာတတ်ကြပါစေ။ ပြဿနာသိရင် အဖြေရှိပါတယ်။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts